သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 အကြမ်းဖက် အန္တရာယ် သတိပေး နှိုးဆော် အမြင့်ဆုံး အဆင့် UK သတ်မှတ်


ဗြိတိန် နိုင်ငံ မန်ချက်စတာ က ဂီတပွဲမှာ တိုက်ခိုက်ခံရသူတွေ အတွက် မန်ချက်စတာမြို့လယ်က ချီတက်ပွဲ။ မေလ ၂၃ ရက် ၂၀၁၇။
ဗြိတိန် နိုင်ငံ မန်ချက်စတာ က ဂီတပွဲမှာ တိုက်ခိုက်ခံရသူတွေ အတွက် မန်ချက်စတာမြို့လယ်က ချီတက်ပွဲ။ မေလ ၂၃ ရက် ၂၀၁၇။

ဗြိတိန်နိုင်ငံရဲ့အကြမ်းဖက်မှု အန္တရာယ် သတိပေး နှိုးဆော်ချက်ကို အမြင့်ဆုံးအဆင့် အထိ သတ်မှတ်လိုက်ပြီး လက်နက်ကိုင် ရဲတပ်ဖွဲ့တွေကို ကူညီဖို့ စစ်သားတွေကို စေလွှတ်ထားကြောင်း ဝန်ကြီးချုပ် Theresa May က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

Manchester မြို့က အားကစားရုံမှာ ကျင်းပတဲ့ အမေရိကန် Pop အဆိုတော် Ariana Grande ရဲ့ဂီတဖျော်ဖြေပွဲမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်သွားခဲ့ပြီး တရက်အကြာမှာ ဝန်ကြီးချုပ် May က တိုင်းပြည်ကို မိန့်ခွန်းပြောကြားစဉ် အဲဒီလို ကြေညာလိုက်တာပါ။ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၂၂ ဦး သေဆုံးပြီး ၆၀ နီးပါး ထိခိုက် ဒဏ်ရာရသွားခဲ့တာပါ။

ဘောလုံးပွဲနဲ့ ဂီတဖျော်ဖြေပွဲတွေ အပါအဝင် ကြီးမားတဲ့ အခမ်းအနားတွေမှာ ရဲတွေနဲ့အတူ လုံခြုံရေး တာဝန်ယူဖို့ စစ်သားတွေကိုပါ စေလွှတ်ထားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် May က ပြောပါတယ်။ ဝန်ကြီးချုပ်က နိုင်ငံတဝှမ်း အကြမ်းဖက် သတိပေးနှိုးဆော်ချက် အဆင့်ကို အလွန်စိုးရိမ်ရတဲ့ အခြေအနေကနေ အရေးပေါ် အခြေအနေအဖြစ် တိုးမြှင့် သတ်မှတ်လိုက်ကြောင်း ကြေညာလိုက်သလို နောက်ထပ် တိုက်ခိုက်မှု ဖြစ်နိုင်ခြေရှိတယ်လို့လည်း သတိပေးလိုက်ပါတယ်။

တနင်္လာနေ့က ဖြစ်သွားခဲ့တဲ့ Manchester မြို့က အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကို လူအများစု ပါဝင်တဲ့အဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်ကြောင်း ဝန်ကြီးချုပ်က ပြောကြားပါတယ်။ အခုချိန်မှာတော့ နောက်ထပ် တိုက်ခိုက်မှု ဖြစ်နိုင်ခြေ ရှိမရှိဆိုတာကို သိနိုင်ဖို့ ဗြိတိန် ရဲတပ်ဖွဲ့က အပူတပြင်း ကြိုးစား ဆောင်ရွက်နေပါတယ်။

တနင်္လာနေ့က အသေခံ တိုက်ခိုက်မှုကိုတော့ အသက် ၂၂ နှစ်အရွယ် Salman Abedi ဆိုသူက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ကြေညာပေမယ့် တခြား အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။ ဒီတိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က ပြောကြားပေမယ့် ဗြိတိန်နဲ့ အမေရိကန် ထောက်လှမ်းရေးတွေကတော့ အဲဒီလို ပြောဆိုမှုကို အတည်မပြုသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG