သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်အဖြည့်ကာကွယ်ဆေးထိုးရန်ပျက်ကွက်မှု အကျိုးဆက်ကြီးမား


FILE PHOTO: Vials and medical syringe are seen in front of J&J logo in this illustration
FILE PHOTO: Vials and medical syringe are seen in front of J&J logo in this illustration

COVID-19 အတွက် အဖြည့် ကာကွယ်ဆေးထပ်မထိုးတာကြကြောင့် ၄ လတာ ကာလ အတွင်း သေဆုံးမှုနဲ့ ဆေးရုံတင်ရမှုတိုးလာစေတယ်လို့ လေ့လာချက်သစ်တရပ်က ဖော်ပြပါတယ်။ UK လူထုရဲ့ သုံးပုံတပုံကျော် ထက်ဝက်နီးပါးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နွေရာသီအတွင်း သတ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေ ပြည့်မီအောင်မထိုးကြတာနဲ့ အဖြည့်ကာကွယ်ဆေး ထပ်ပြီးမထိုးကြတာကြောင့် ဆေးရုံတင်ရမှုနဲ့ သေဆုံးမှု ၇,၀၀၀ ကျော်ထိ ရှိခဲ့တယ်ဆိုတဲ့ အစီရင်ခံစာကိုတော့ Lancet ဆေးပညာ ဂျာနယ်မှာ ဖော်ပြပါတယ်။ AP သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

UK မှာ အသက် ၁၂ နှစ်အထက် လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ Covid ကာကွယ်ဆေး အနည်းဆုံးတလုံး ထိုးနှံထားကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ် နွေရာသီအရောက်မှာတော့ UK လူထုရဲ့ ၄၄ ရာခိုင်နှုန်းက သတ်မှတ် ကာကွယ်ဆေး အလုံးရေမပြည့်တာနဲ့ အဖြည့်ကာကွယ်ဆေး ထပ်ပြီးမထိုးကြတာကြောင့် ဆေးရုံတင်ရမှုနဲ့ သေဆုံးမှု ၇,၀၀၀ ကျော်ထိ ရောက်သွားစေတယ်လို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ Lancet ဆေးပညာ ဂျာနယ်မှာ ဖော်ပြတဲ့ လေ့လာချက်သစ်မှာ ဖော်ပြထားပါတယ်။
ဗြိတိန် နှလုံးဖောင်ဒေးရှင်း အချက်အလက် သိပ္ပံစင်တာရဲ့ ညွှန်ကြားရေးမှူး၊ နောက် UK ကျန်းမာရေး အချက်အလက် သုတေသနဌာနရဲ့ အကြီးအကဲ သိပ္ပံပညာရှင် ပါမောက္ခ Cathie Sudlow က အခုလို ပြောပါတယ်။

“အင်္ဂလန်၊ စကော့တလန်၊ ဝေလနဲ့ မြောက် အိုင်ယာလန်တို့ပါဝင်တဲ့ UK တခုလုံးက လူဦးရေအားလုံးကို လွှမ်းခြုံလေ့လာတာပါ။ အင်္ဂလန်ကတော့ လူဦးရေအများဆုံး ဖြစ်ပါတယ်။ ကာကွယ်ဆေးပြည့်မီအောင် မထိုးတဲ့လူဦးရေ၊ နောက် လူဦးရေအချိုးစားတို့ကိုလည်း လေ့လာပါတယ်။”

UK ကျန်းမာရေးအချက်အလက် သုတေသနဌာနနဲ့ Edinburg တက္ကသိုလ်တို့က သုတေသနကို ဦးဆောင်ခဲ့ကြတာပါ။ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း အချိန်ကာလကို လေ့လာတာဖြစ်ပါတယ်။ တချို့ နိုင်ငံတွေမှာ Covid 19 ကာကွယ်ဆေး ဒုတိယတလုံးနဲ့ အဖြည့်ကာကွယ်ဆေး ထပ်ထိုးလို့မရသေးခင် UK မှာ ထိုးနိုင်ပေမဲ့ ကာကွယ်ဆေးပြည့်မီအောင် မထိုးသူ၊ အဖြည့်ကာကွယ်ဆေး မထိုးကြသူ အရေအတွက်၊ လူဦးရေအချိုးအစားတို့ကို လေ့လာခဲ့တယ်လို့လည်း ပါမောက္ခ Cathie Sudlow က ပြောပါတယ်။

“ အများစု ဘယ်လို လူတွေက ကာကွယ်ဆေး အလုံးရေပြည့်အောင် မထိုးကြတာလဲ ဆိုတာကိုလည်း လေ့လာပါတယ်။ အဲဒီနောက်မှာတော့ လေးလတာ ကာလအတွင်း Covid နဲ့ ဆေးရုံတက်ရတာ ဒါမှမဟုတ်လည်း Covid ကြောင့် ဒါမှမဟုတ်လည်း Covid နဲ့ ဆက်စပ်ပြီး သေဆုံးရမှုတွေကို လေ့လာပါတယ်။ အဲဒီနောက်မှာတော့ ပြင်းထန် Covid လို့ ကျမတို့ ပြောတဲ့ ရလဒ် ထွက်လာတာပါ။ ”

ကာကွယ်ဆေးထိုး မှတ်တမ်းကနေ အချက်အလက်တွေ စုဆောင်းပါတယ်။ ကာကွယ်ဆေးထိုးဖို့ သတ်မှတ်ချက်ပြည့်မီပေမဲ့ ဆေးအလုံးရေ ပြည့်အောင်မထိုးသူတွေကို အပြည့်အဝ ကာကွယ်ဆေးမထိုးသူအဖြစ် သတ်မှတ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ တရက်နေ့မှာ အပြည့်အဝ ကာကွယ်ဆေးမထိုးသူက လူဦးရေရဲ့ သုံးပုံတပုံကျော် ထက်ဝက်နီးပါးရှိပါတယ်။ အင်္ဂလန်မှာ ၄၅.၇ ရာခိုင်နှုန်း၊ မြောက် အိုင်ယာလန်မှာ ၄၉.၈ ရာခိုင်နှုန်း၊ စကော့တလန်မှာ ၃၄.၂ ရာခိုင်နှုန်း၊ ဝေလမှာ ၃၂.၈ ရာခိုင်နှုန်း ရှိကြောင်း သုတေသနမှူးတွေက ပြောပါတယ်။ ပါမောက္ခ Cathie Sudlow က

"နယ် တခုချင်းစီအလိုက် အရေအတွက်တွေကိုကြည့်မယ်ဆိုရင် သုံးပုံတပုံနဲ့ထက်ဝက်ကြား အရေအတွက်ဖြစ်ပါတယ်။ UK တခုလုံး ခြုံကြည့်ရင်တော့ လူဦးရေရဲ့ ၄၄ ရာခိုင်နှုန်းနီးပါးဟာ အဲဒီ ကာလအတွင်းမှာထိုးထားသင့်တဲ့ ကာကွယ်ဆေး အားလုံးမထိုးတာနဲ့ အဖြည့် ကာကွယ်ဆေးထိုး မထားကြသူတွေဖြစ်ပါတယ်။"

UK မှာ လူတိုင်း ကာကွယ်ဆေး အပြည့်အဝထိုးထားမယ်ဆိုရင်တော့ ၂၀၂၂ ခုနှစ် နွေရာသီလတွေအတွင်း လူပေါင်း ၇,၁၈၀ ဆေးရုံးတက်ရမှုနဲ့ သေဆုံးမှုကို ရှောင်ရှားနိုင်မှာ ဖြစ်တယ်လို့ သုတေသနမှူးတွေက ပြောကြပါတယ်။ အဲဒီ သတ်မှတ် လေးလတာ အတွင်း ပြင်းထန် Covid-19 ဖြစ်ပွားမှု ၄၀,၄၀၀ နီးပါး ထဲကနေ ဒီ အရေအတွက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အသက် ၇၅ နှစ်နဲ့အထက် အသက်ကြီးသူတွေအနေနဲ့တော့ Covid-19 အဖြည့်ကာကွယ်ဆေး ထပ်တိုးထားသူတွေနဲ့ယှဉ်ရင် အသက်အရွယ်တူ အပြည့်အဝ ကာကွယ်ဆေးမထိုးသူတွေက ပြင်းထန် Covid-19 ဖြစ်ပွားနိုင်ခြေ ၂ ဆ ကျော် ပိုများတယ်လို့လည်း စစ်တမ်းကဖော်ပြပါတယ်။

Covid ကာကွယ်ဆေးထိုးဖို့ အရည်အချင်းပြည့်မီပေမဲ့ ဆေးအလုံးရေပြည့်အောင် မထိုးကြသူတွေထဲမှာတော့ အများစုက ငယ်ရွယ်သူတွေ၊ အမျိုးသားတွေ၊ ချို့တဲ့ဒေသတွေမှာ နေထိုင်သူတွေနဲ့ လူဖြူမဟုတ်သူတွေ ဖြစ်ပုံရတယ်လို့လည်း သုတေသနမှူးတွေက ပြောကြပါတယ်။ ပါမောက္ခ Cathie Sudlow က အခုလို ဆက်ပြောပါတယ်။

"အကြံပြုတဲ့အတိုင်း ကာကွယ်ဆေးမထိုးကြတဲ့ အုပ်စုတွေဟာဆိုရင် ငယ်ရွယ်သူတွေ၊ ဆင်းရဲချို့တဲ့သူတွေနဲ့ လူဖြူ မဟုတ်သူ၊ မျိုးနွယ်စုတွေဖြစ်ဖို့ ပိုပြီးများပါတယ်။ မကျန်းမာတဲ့သူတွေနဲ့ အသက်အရွယ်ကြီးသူတွေကို ကာကွယ်ဆေးထိုးနှံရေးအတွက် အထူးသဖြင့် အာရုံစိုက် ဆောင်ရွက်လေ့ရှိကြတာမှာ အခု ကျမတို့ လေ့လာချက်အရတော့ သူတို့က အပြည့်အဝကာကွယ်ဆေး မထိုးကြသူတွေ ဖြစ်နိုင်ခြေနည်းပါတယ်။”

အသက်အရွယ်စုံ ဆေးရုံတက်ရမှုနဲ့ သေဆုံးမှုတွေ ပိုပြီး တိုးလာတာဟာဆိုရင် ကာကွယ်ဆေး အပြည့်အဝမထိုးနှံမှုနဲ့ ဆက်စပ်တယ်ဆိုတာကို လေ့လာချက်သစ်က ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG