သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် သင်ထောက်အကူ ဗြိတိန်ဖြတ်တောက်


ရခိုင်ပြည်နယ်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်တပ်က ကျူးလွန်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေချိန်မှာ ဗြိတိန်က မြန်မာစစ်တပ်ကို စစ်ရေးသင်တန်းပေးမှုတွေ ရပ်ဆိုင်းလိုက်ပါတယ်။ New York မြို့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် Theresa May က စစ်သင်တန်းပေးမှုတွေ ရပ်လိုက်တာကို ခုလိုပြောပါတယ်။

ပြဿနာ မဖြေရှင်းနိုင်သေးသမျှ ကာကွယ်ရေး ဝန်ကြီးဌာနက ကာကွယ်ရေးကိစ္စနဲ့ ပတ်သက်လို့ နောက်ထပ် ထိတွေ့ဆက်ဆံမှု ဒါမှမဟုတ် မြန်မာစစ်တပ်ကို လေ့ကျင့်သင်တန်းပေးမှုတွေ ဆက်မလုပ်တော့ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May ကပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ တက်လာခဲ့ပြီးနောက် ဗြိတိန်အစိုးရက မြန်မာစစ်တပ် စွမ်းဆောင်ရည်မြင့်လာဖို့ တနှစ်ကို စတာလင်ပေါင် ၃ သိန်းကျော်ဖိုး လေ့ကျင့်သင်တန်းတွေ ပေးခဲ့ပါတယ်။

အဲဒီသင်တန်းတွေထဲမှာ တိုက်ခိုက်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှုတွေ မပါဝင်ပေမယ့် စစ်သားတွေကို ဒီမိုကရေစီစနစ်နဲ့အညီ နားလည်ဆောင်ရွက်နိုင်ရေးသင်တန်းတွေ၊ဦးဆောင်မှုပိုင်း သင်တန်းတွေနဲ့ အင်္ဂလိပ်ဘာသာ သင်တန်းတွေကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပေးနေတာဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေကို အမြန်ဆုံးရပ်ဖို့နဲ့ အရပ်သားတွေအားလုံးကို အကာအကွယ်ပေးဖို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဆောင်ရွက်မှုတွေကြောင့် လို့ဆိုပြီး ဘင်္ဂလားဒေရှ့် နိုင်ငံဘက် ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ထွက်ပြေးခဲ့ပြီးနောက် အကြမ်းဖက်မှုတွေကို မြန်မာစစ်တပ်က ရပ်ဖို့ နိုင်ငံတကာက ဖိအားပေးမှုတွေ တိုးလာနေပါတယ်။ အလားတူ အမေရိကန်မှာလည်း အစိုးရရဲ့ ကာကွယ်ရေး အသုံးစရိတ်ထဲမှာ မြန်မာအစိုးရနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်တဲ့ ကုန်ကျစရိတ်ကို ဖယ်ရှားပေးဖို့ လွှတ်တော်မှာ သြဇာညောင်းတဲ့ အထက်အလွှတ်တော်အမတ် John McCain အပါအဝင် လွှတ်တော်အမတ်တချို့က တောင်းဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG