ယူကရိန်းကို ရုရှား စတင်ကျူးကျော် တိုက်ခိုက်တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ယူကရိန်း အရပ်ဘက်လေဆိပ် ၁၅ ခု ထိခိုက်ခဲ့ရတယ်လို့ ယူကရိန်း ဝန်ကြီးချုပ် အဲနက်စ် ရှမီးဟောင် Denys Shmyhal ပြောဆိုတာကို ယူကရိန်း ဒေသတွင်း သတင်းတွေမှာ စနေနေ့က ကိုးကား ဖော်ပြကြပါတယ်။ ယူကရိန်းမှာ အရပ်ဘက်သုံး လေဆိပ် ၂၀ ရှိပြီး ဒီလေဆိပ်တွေကို တစိတ်တပိုင်း ဖွင့်လှစ်နိုင်မယ့် လမ်းကြောင်းတွေ ရှာဖွေနေတယ်လို့ ယူကရိန်း လေကြောင်း ကွပ်ကဲရေးဌာနက ပြောပါတယ်။
ရုရှား ကျူးကျော်စစ် စတင်ချိန်ကစလို့ အဲ့ဒီလေဆိပ်တွေကို လုံးဝ ပိတ်ထားတာပါ။ ဒါကြောင့် ယူကရိန်းနိုင်ငံသားတွေ လေယာဥ်နဲ့ ခရီးသွားဖို့ဆိုရင် အခုချိန်မှာ အိမ်နီးချင်းနိုင်ငံတွေက လေဆိပ်တွေကို ရထား ဒါမှမဟုတ် ကားစီးပြီး တဆင့် သွားနေကြရတာ ဖြစ်ပါတယ်။ နိုင်ငံ အရှေ့ပိုင်းမှာ နေသူတွေဆိုရင် အနီးနား နိုင်ငံက လေဆိပ်ကိုရောက်ဖို့ အနည်းဆုံး တရက် အချိန်ယူကြရပါတယ်။ ဒါကြောင့် လေဆိပ်တချို့ကို တစိတ်တပိုင်း ပြန်ဖွင့်နိုင်ဖို့အတွက် လေကြောင်းရန် ကာကွယ်ရေး လိုအပ်ချက်တွေကို ဆန်းစစ် သုံးသပ်တာတွေ လုပ်နေတဲ့အကြောင်း သယ်ယူပို့ဆောင်ရေး ဆိုင်ရာ ဆွေးနွေးပွဲတခုမှာ ယူကရိန်း ဝန်ကြီးချုပ် ပြောဆိုခဲ့တာပါ။
ဒီကိစ္စ ဆုံးဖြတ် လုပ်ဆောင်ဖို့မှာတော့ လုံခြုံရေးနဲ့ စစ်ရေး အခြေအနေတွေကို အဓိက တွက်ချက် စဥ်းစားနေရတယ်လို့လည်း ဝန်ကြီးချုပ် ရှမီးဟောင် က ပြောပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ယူကရိန်း ဆိပ်ကမ်း အခြေခံ အဆောက်အအုံတွေကို အကြိမ် ၆၀ နီးပါး တိုက်ခိုက်ခဲ့ပြီး အရပ်ဘက်သုံး သင်္ဘော ၂၂ စင်းနဲ့ အဆောက်အဦ ၃၀၀ နီးပါး ထိခိုက် ပျက်ဆီးခဲ့ရတယ်လို့လည်း ဝန်ကြီးချုပ် ရှမီးဟောင် က ပြောပါတယ်။
Forum