သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမှာ အထိန်းသိမ်းခံရတဲ့ OSCE အကဲခတ်တွေလွတ်ပြီ


ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပြီးခဲ့တဲ့လက ဖမ်းဆီးခံထားရတဲ့ ဥရောပလေ့လာစောင့်ကြည့်သူတွေကို ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက
ပြန်လွှတ်ပေးလိုက်ပါတယ်။

မတည်မငြိမ်ဖြစ်နေတဲ့ Slovyansk မြို့မှာ သီတင်းတပတ်ကျော်အကြာကတည်းက ဖမ်းဆီးခံထားရတဲ့ ဥရောပလုံခြုံရေးနဲ့
ပူးပေါင်းဆောင်ရွက်ရေး OSCE အဖွဲ့ဝင်တွေကို ဒီကနေ့ စနေနေ့မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာ လေ့လာသူ ၇ ယောက်နဲ့ သူတို့နဲ့အတူ အဖမ်းခံခဲ့ရတဲ့ ယူကရိန်း ၅ ယောက်ကို ခွဲထွက်ရေးသမားတွေက ပြန်လွှတ်ပေးခဲ့တာပါ၊ Austria နိုင်ငံ Vienna မြို့အခြေစိုက် OSCE အဖွဲ့ရဲ့ ညွှန်ကြားချက်အရ ဂျာမန်တွေဦးဆောင်တဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ Russia ဘာသာစကာပြောတဲ့ ယူကရိန်း အရှေ့နဲ့တောင်ပိုင်းက လုံခြုံရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို သွားရောက်လေ့လာနေစဉ် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ရုရှား၊ ယူကရိန်း အမေရိကန်နဲ့ EU ဥရောပသမဂ္ဂတို့ကြား Geneva မှာ ရရှိခဲ့တဲ့ သဘောတူညီချက်အရ သွားရောက်လေ့လာနေကြတာဖြစ်ပါ၊

သီးခြားသတင်းကတော့ ယူကရိန်းတပ်တွေဟာ Slovyansk မြို့နဲ့ ၁၀ မိုင်ကျော်လောက်မှာရှိတဲ့ Kramatorsk မြို့ကို ဝင်ရောက်ခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ ရှိတဲ့ ဒီမြို့ထဲက ရုပ်သံနဲ့ ရေဒီယိုအသံလွှင့်ဌာန အဆောက်အဦးကို တပ်တွေက ဒီကနေ့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထောက်လှမ်းရေးအရာရှိတယောက်က ပြောပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်း မြို့တွေထဲက အစိုးရအဆောက်အဦးတွေကို ရုရှားလိုလားတဲ့ လက်နက်ကိုင်တွေက ဝင်ရောက် သိမ်းပိုက်ထားကြတာပါ၊
အဲဒီမြို့တွေအနေနဲ့ ယူကရိန်းကနေ ခွဲပြီး Russia နဲ့ ပူးပေါင်းမလားဆိုတာကို မေလ ၁၁ ရက်မှာ ဆန္ဒခံယူပွဲလုပ်မယ်လို့ ကြေညာထားပါတယ်။

ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းအစိုးရကို ထောက်ခံသူတွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်ခဲ့လို့ ၄၂ ယောက်ထက်မနည်း သေဆုံးသွားခဲ့တဲ့ Odessa မြို့မှာတော့ ၂ ရက်ကြာ ဝမ်းနည်းခြင်းနေ့သတ်မှတ်တယ်လို့ ကြားဖြတ်အစိုးရက ဒီကနေ့ ကြေညာခဲ့ပါတယ်။
XS
SM
MD
LG