သုံးရလွယ်ကူစေသည့် Link များ

စစ်ပွဲတွေဖြစ်ပွားနေတဲ့ ယူကရိန်းနိုင်ငံ အရှေ့ဘက်ကို လူသားချင်းစာနာမှု အကူအညီတွေ တင်ထားတဲ့ ရုရှားရဲ့ထရပ်ကား အစီးပေါင်း ၂၈၀ ထွက်ခွာလာတာကို သူ့နိုင်ငံထဲ ၀င်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ယူကရိန်းအရာရှိက ပြောပါတယ်။

ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ICRC နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့အတွက် ဒီကားတန်းတွေကို ၀င်ခွင့်မပေးရတာဖြစ်ကြောင်းနဲ့ ဒါကိုအကြောင်းပြပြီး ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေ သိမ်းပိုက်ထားတဲ့ နယ်မြေထဲ ရုရှားတပ်တွေ ပို့ပေးတာမျိုး ဖြစ်နိုင်တယ်လို့ ယူကရိန်းသမ္မတရုံးက ဒုအကြီးအကဲ Valeriy Chalay က ပြောပါတယ်။

ဒါ့အပြင် ICRC က ပစ္စည်းတွေကို ဖြန့်ဝေပေးနိုင်တဲ့အတွက် ရုရှားက ဘယ်သူ့ကိုမဆို လုံးဝ ၀င်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ICRC နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ ရုရှားက ပြောဆိုနေပေမဲ့လည်း အသေးစိတ် ဆွေးနွေးမပြီးမချင်း ရုရှားတို့နဲ့ ပူးပေါင်းဆောင်ရွက်ဦးမှာ မဟုတ်ဘူးလို့ ICRC က ပြောပါတယ်။

ရုရှားနယ်စပ်နားက ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းတပ်တွေရဲ့ တိုက်ခိုက်မှုတွေ ခံနေရပြီး ဒီဒေသက လူထောင်ပေါင်းများစွာဟာ သောက်သုံးရေ၊ ဆေးဝါးအကူအညီနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ရုရှားအစိုးရရဲ့ အခုလို အကူအညီးပေး ကားတန်းစေလွှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံ အစိုးရတွေဘက်ကတော့ သတိနဲ့တုံ့ပြန်ခဲ့ပြီး လူသားချင်းအကူအညီပေးမှု လိုအပ်ချက်တွေကို အကြောင်းပြပြီး စစ်ရေးကျူးကျော်မှု ဖြစ်မလာစေဖို့ သတိပေးခဲ့ကြပါတယ်။

အမေရိကန်သမ္မတ Barack Obama နဲ့ ယူကရိန်းသမ္မတ Petro Poroshenko တို့ တနင်္လာနေ့ အစောပိုင်းက တယ်လီဖုန်းဆက် စကားပြောခဲ့ကြတာမှာ ယူကရိန်းအစိုးရရဲ့ သဘောတူညီမှုမပါဘဲ ရုရှားဘက်က ကျူးကျော် ၀င်ရောက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

XS
SM
MD
LG