သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဆန္ဒပြ ထိပ်တိုက်ရင်ဆိုင်မှု သေဆုံးသူ ၂၅ ဦးထိတိုး


ယူကရိန်းနိုင်ငံ Kyiv မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေအကြား မနေ့က ရုန်းရင်းဆန်ခတ် အကြီးအကျယ်ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၂၅ ယောက် သေဆုံးခဲ့ရပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေဟာ လွတ်လပ်ရေးရင်ပြင်မှာ ဆက်လက်စုရုံးနေဆဲ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ Viktor Yanukovych ကတော့ အခုနောက်ဆုံး အကြမ်းဖက်မှုတွေဟာ အတိုက်အခံ ခေါင်းဆောင်တွေရဲ့ သွေးထိုး လှုံ့ဆော်မှုကြောင့်လို့ ဗုဒ္ဓဟူးနေ့က အပြစ်တင်လိုက်ပါတယ်။

Kyiv မြို့လယ်မှာ အစိုးရဆန့်ကျင်ဆန္ဒပြနေသူတွေကို လက်နက်တွေ ယူဆောင်လာဖို့ တိုက်တွန်းခဲ့တဲ့ လှုပ်ရှားသူတွေဟာ ဒီမိုကရေစီရဲ့ အခြေခံမူတွေကို လျစ်လျူရှုနေကြကြောင်း ဥပဒေကြောင်းအရ ပြစ်ဒဏ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်လို့ Mr. Yanukovych က ပြောဆိုလိုက်ပါတယ်။

သေဆုံးသူအများစုနဲ့ ရာနဲ့ချီတဲ့ ဒဏ်ရာရရှိသူတွေဟာ သေနတ်ဒဏ်ရာကြောင့်လို့ ရဲဘက်ကရော၊ အတိုက်အခံ ကိုယ်စားလှယ်တွေကပါ ပြောကြပါတယ်။ ဒဏ်ရာရသူ အတော်များများဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြတယ်လို့ ဆိုပါတယ်။

EU ဥရောပသမဂ္ဂ တာဝန်ရှိသူတွေက ယူကရိန်းအရေးနဲ့ ပတ်သက်လို့ အရေးပေါ် အစည်းအဝေးကျင်းပပြီး အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို အရေးယူဖို့ ဆွေးနွေးနေကြပါတယ်။ EU နိုင်ငံခြားရေး မူဝါဒရေးရာအကြီးအကဲ Catherine Ashton က ယူကရိန်း အခြေအနေအပေါ် စိုးရိမ်ကြောင်း၊ လွှတ်တော် ပုံမှန်အနေအထား ပြန်ရောက်ဖို့ EU အနေနဲ့ ကူညီဖို့ အသင့်ရှိကြောင်း ပြောပါတယ်။

အကြမ်းဖက်မှုတွေကို ဖန်တီးခဲ့ကြသူတွေကို အကန့်အသက်နဲ့ သီးခြား အရေးယူနိုင်ဖို့ အပါအဝင် ဖြစ်နိုင်ချေ အလားအလာ အားလုံးအတွက် EU က စဉ်းစားပေးမှ ဖြစ်တယ်လို့ ဆိုပါတယ်။

ယူကရိန်းအတိုက်အခံခေါင်းဆောင် Vitali Klitschko ဟာ သမ္မတ Yanukovych နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပေမဲ့ ဘာတခုမှ ပြေလည် အောင်ညှိနှိုင်းလို့ မရခဲ့ပါဘူး။ သမ္မတ Yanukovych က ဆန္ဒပြတာတွေရပ်ပြီး လွတ်လပ်ရေးရင်ပြင်ကနေ ချွင်းချက်မရှိ အားလုံး ထွက်ခွာကြဖို့သာ တောင်းဆိုခဲ့တယ်လို့ Mr. Klitschko က ပြောပါတယ်။

ဒါကြောင့် ဒေသအခေါ် Maidan လို့ခေါ်တဲ့ Independence Square လွတ်လပ်ရေးရင်ပြင်ရှိ ဆန္ဒပြစခန်းကို ဆက်ပြီး ခုခံကြဖို့ Mr. Klitschko က တိုက်တွန်းခဲ့တာလို့ ပြောပါတယ်။
XS
SM
MD
LG