သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်သဘောတူညီချက်ကြား ယူကရိန်းမှာ တိုက်ပွဲဆက်ဖြစ်


ယူကရိန်းနိုင်ငံမှာ အပစ်ရပ်ရေးအတွက် နိုင်ငံတကာက ကြားဝင် ဆောင်ရွက်ပေးထားပေမဲ့လည်း ရုရှားလိုလားတဲ့ ယူကရိန်းသူပုန်တွေနဲ့ ယူကရိန်းအစိုးရကြား တိုက်ခိုက်မှုတွေ ဆက်ပြီး ဖြစ်နေတဲ့ စစ်ရေး မဟာဗျူဟာအရ အရေးပါတဲ့ ယူကရိန်း အရှေ့ပိုင်းမြို့ကနေ လက်နက်တွေ ရုပ်သိမ်းပေးရေးကို နှစ်ဘက်စလုံးက ငြင်းဆန်နေပါတယ်။

အပစ်ရပ်ရေး သဘောတူညီချက်က တနင်္ဂနွေနေ့မှာ စတင် သက်ရောက်ခဲ့ချိန်မှာ စစ်မြေပြင်မှာ တိုက်ပွဲတွေ လျော့ကျခဲ့ပေမဲ့ ယူကရိန်းအစိုးရ ထိန်းချုပ်ထားပြီး ခွဲထွက်ရေးသူပုန်တွေ ဝိုင်းထားတဲ့ Debaltseve မြို့မှာတော့ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပါတယ်။

အပစ်ရပ်ရေး သဘောတူညီချက်အရ နှစ်ဘက်စလုံးက အဓိကကျတဲ့ မြို့တွေမှာ လက်နက်ကြီးတွေကို အင်္ဂါနေ့မှာ ဖြုတ်သိမ်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သတ်မှတ်ချိန် ကျော်လွန်တဲ့အထိ နှစ်ဘက်စလုံးက လက်နက်ဖြုတ်သိမ်းမှုကို ဘယ်သူကမှ အရင်စပြီး မလုပ်ချင်ဘူးလို့ ခုခံ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

စစ်သွေးကြွတွေ အပစ်ရပ်တာနဲ့ ယူကရိန်းအစိုးရဘက်က ရှေ့တန်းက လက်နက်ကြီးတွေကို စပြီး ဖြုတ်သိမ်းမယ်လို့ ယူကရိန်းစစ်တပ်ရဲ့ ပြောခွင့်ရ Anatoliy Stelmakh က ရုပ်မြင်သံကြားကနေ မှတ်ချက်ပေး ပြောဆိုပါတယ်။

သူပုန်တို့ရဲ့ ပြောခွင့်ရ Denis Pushilin က Reuters သတင်းဌာနကို ပြောဆိုတာမှာတော့ သူပုန်တို့ရဲ့ ပိုင်နက်နယ်မြေလို့ သုံးနှုန်းပြီး ဒီမြို့ကို ခုခံကာကွယ်ပိုင်ခွင့် ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ သူပုန်တွေဘက်က နှစ်ဘက်အကျိုးတူ လက်နက် ဖြုတ်သိမ်းဖို့ အဆင့်သင့် ရှိနေပေမဲ့ တိုက်ခိုက်လာမှုတွေကို ဆက်ပြီး တုံ့ပြန်သွားမယ်လို့လည်း သူက ပြောပါတယ်။

ဒီကနေ့ အင်္ဂါနေ့နှောင်းပိုင်း ယူကရိန်း သူပုန်၊ ယူကရိန်း အစိုးရ၊ ရုရှား အစိုးရနဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအဖွဲ့ OSCE က ကိုယ်စားလှယ်တွေ တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးမှုမှာတော့ ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီမှုနဲ့ လက်နက် ဖြုတ်သိမ်းရေးတို့ကို အဓိကထား ဆွေးနွေးကြမယ်လို့ ခန့်မှန်းရပါတယ်။

ယူကရိန်း အပစ်ရပ်ရေးကို ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က စောင့်ကြည့်ဖို့ လုပ်ဆောင်ခဲ့ပေမဲ့လည်း အခု တိုက်ပွဲတွေ တင်းမာနေတဲ့ Debaltseve မြို့ကိုတော့ သူပုန်တို့က ပိတ်ဆို့ထားတဲ့အတွက် အခုအချိန်ထိ မြို့ကို မဝင်နိုင်သေးပါဘူး။

ဒီကနေ့ အင်္ဂါနေ့မှာတော့ သူပုန် အဝိုင်းခံထားရတဲ့ မြို့ထဲကို စောင့်ကြည့်ခွင့်ရဖို့အတွက် ယူကရိန်းနဲ့ ရုရှားခေါင်းဆောင်တွေနဲ့ သဘောတူညီချက် ရထားပြီလို့ ဂျာမနီက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တိုက်ခိုက်မှုတွေကြောင့် ယူကရိန်း အစိုးရတပ်ဘက်က အနည်းဆုံး စစ်သား ၅ ဦး ကျဆုံးပြီး ၉ ဦးဒဏ်ရာ ရခဲ့တာမှာ အများစုက Debaltseve မြို့နားမှာ ဖြစ်တယ်လို့ ယူကရိန်း စစ်တပ်ရဲ့ ပြောခွင့်ရက ဒီကနေ့မှာ ပြောပါတယ်။

XS
SM
MD
LG