သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေးနီးစီမံကိန်း ရပ်မည်မဟုတ်


မုံရွာမြို့အနီး လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြနေသူများ
မုံရွာမြို့အနီး လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြနေသူများ
မုံရွာမြို့လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ဒေသခံ တောင်သူတွေရော လယ်သမားတွေရော ပြည်သူ့အကျိုးဆောင် ကွန်ယက်ကပါ ထိန်းသိမ်းခံရာက လွတ်လွတ်ချင်း ဆက်တိုက် ဆန္ဒပြကန့်ကွက်နေပေမယ့် မြန်မာနိုင်ငံ ဦးပိုင်လီမီတက်ကတော့ ဒီ စီမံကိန်းကို ရပ်တန့်ဖို့မရှိဘူးလို့ တုန့်ပြန်လိုက်ပါတယ်။ ဒါပေမယ့်လို့ ဒေသခံတွေနဲ့ ဥပဒေလမ်းကြောင်းအရ ညိနှိုင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့ပြောပါတယ်။ ရိုက်တာသတင်းဌာနက ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ဒေသခံ လယ်သမားတွေက စီမံကိန်းရပ်ဖို့ အတွက် ဆန္ဒပြကန့်ကွက်နေကြပေမယ့်လို့ သူတို့အနေနဲ့ကတော့ ဥပဒေ စည်းမျဉ်းအတိုင်းပဲ သူတို့ စီမံကိန်းကို ဆက်ပြီး လုပ်ကိုင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ကြေးနီတောင်သတ္တုတွင်း စီမံကိန်း တာဝန်ရှိသူတွေက ပြောလိုက်တာပါ။

စစ်တပ်ပိုင် စီးပွားရေးဦးပိုင်လီမီတက်နဲ့ တရုတ်အမျိုးသားပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ ပူးတွဲပြီးတော့ လုပ်တဲ့ လက်ပန်းတောင် တောင် ကြေးနီစီမံကိန်းကြောင့် သူတို့လယ်ယာမြေတွေ ဆုံးရှုံးသလို၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေလည်း ရှိတယ်ဆိုပြီးတော့ လယ်သမားတွေဖက်က ဒီ စီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေခဲ့ကြပါတယ်။

ဒီ စီမံကိန်းကို ဦးဆောင်လုပ်တဲ့ စီးပွားရေးဦးပိုင်လီမီတက်ဟာ အရင် စစ်အစိုးရကာလမှာ စီးပွားရေးလုပ်ငန်းအတော်များများကို အခွင့်ထူးခံ လက်ဝါးကြီးအုပ်ခဲ့တဲ့ လုပ်ငန်းဖြစ်တယ်လို့ အများက တွက်ဆထားတာပါ။

ဒါ့အပြင် အခုနောက်ပိုင်း အရပ်သားအစိုးရတက်လာပြီးနောက် ဦးပိုင်လီမီတက်ကို စစ်တပ်က တိုက်ရိုက် ကိုင်တွယ် စီမံနေတာပါ။ ဒါကြောင့်လည်း အခု လယ်သမားတွေရဲ့ ကန့်ကွက်မှုဟာ ထိရောက်မှုရှိနိုင်ပ့ါမလား စိုးရိမ်မှုတွေလည်းရှိပါတယ်။

တဖက်မှာလည်း အရပ်သားအစိုးရလက်ထက် လွတ်လပ်ခွင့်အချို့ရှိလာတော့ လယ်သမားတွေအနေနဲ့ အခုလို မကျေမနပ်ဖြစ်မှုကို ထုတ်ဖော် ဆန္ဒပြခွင့်ရှိလာတာကြောင့် အခု ပြဿနာကို အများပြည်သူက ပိုပြီး သိရှိခွင့်ရလာပါတယ်။

ဒါပေမယ့်လည်း အခုလို ဆန္ဒပြမှုတွေကြောင့်တော့ သူတို့ စီမံကိန်းလုပ်ငန်းတွေ ရပ်တန့်မှာ မဟုတ်ဘူးလို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဦးပိုင်လီမီတက်ရဲ့ ကြေးနီသတ္တုတွင်းလုပ်ငန်း ကြီးကြပ်သူ ဦးမြင့်အောင်က ပြောပါတယ်။

“စီမံကိန်းသည် ရပ်လို့မရပါဘူး။ နိုင်ငံတော်ရဲ့ အကျိုး ဒေသဖွံ့ဖြိုးရေးအကျိုးဖြစ်တဲ့အတွက် ရပ်လို့မရပါဘူး ဆိုတာ လူကြီးတွေကလည်း ရှင်းပြပြီးပါပြီ။ ကျနော်တို့ကလည်း ရှင်းပြပြီးပါပြီ။ သူတို့လိုအပ်ချက်ကို အဆင့်ဆင့် တင်ပြပြီးတော့ တောင်းဖို့ပဲရှိတယ်။ ညှိနှိုင်းပြီးမှ ဆက်လုပ်ပါဆိုတဲ့ဟာသည် မရနိုင်ပါဘူး။”

စီမံကိန်းကို ရပ်တန့်မှာမဟုတ်ဘူးလို့ဆိုပေမယ့် တဖက်မှာတော့ ကျေးရွာသားတွေရဲ့ နစ်နာမှုအပေါ်မှာ သူတို့ဖက်က အဖြေတစုံတရာရအောင် ညှိုနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဦးပိုင်လိမီတက်က တာဝန်ရှိသူ ဦးမြင့်အောင်က ပြောပါတယ်။

“ဆွေးနွေး ညှိနှိုင်းပြီးတော့ ပြေလည်အောင်ပဲ ဖြစ်စေချင်တယ်။ ကိုယ်ကတော့ ဥပဒေဘောင်အတွင်းက လုပ်တယ်။ ဟိုကတော့ ဥပဒေအပြင်ဘက်ကို ဖောက်ထွက်ပြီးတော့ လုပ်တယ်။ နော် ဥပဒေနဲ့ မညီလုပ်တယ်။

လုပ်ပင်လုပ်ငြားသော်လည်း ဒီဟာတွေကို ဖြစ်စေချင်တာကတော့ ညှိညှိနှိုင်းနှိုင်းလေးနဲ့ ပြေလည်စေချင်တာပေါ့။ ပြီးရင် ဥပဒေဘောင်အတွင်းကပဲ တရားဝင် တင်ပြပြီးတော့ ညှိနှိုင်းဆောင်ရွက်ရင်တော့ နှစ်ဦးနှစ်ဖက်ကောင်းတာပေါ့။”

ဆန္ဒပြလယ်သမားတွေဖက်ကတော့ သူတို့နစ်နာဆုံးရှုံးမှုဖြစ်တဲ့လယ်မြေတွေအတွက် နစ်နာကြေးပေးလည်း လက်ခံမှာမဟုတ်ပဲ၊ ဒီ စီမံကိန်းကိုပဲ ရပ်တန့်ဖို့ လိုလားတယ်ဆိုပြီး ကျေးရွာပေါင်း ၂၆ ရွာက လယ်သမားတွေက တနေ့ကပဲ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒီ စီမံကိန်းကြောင့်လယ်မြေဆုံးရှုံးရတာတင်မဟုတ်ပဲ၊ ပတ်ဝန်းကျင် ညစ်နွမ်းပြီး ဒေသခံတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေတယ်လို့ သူတို့က ပြောပါတယ်။

ဒီစီမံကိန်းကြောင့် လယ်မြေဧကပေါင်း ၇၈၀၀ ကျော် သိမ်းဆည်းခံခဲ့ရတယ်လို့လည်း လယ်သမားတွေကပြောပါတယ်။ ဒါကြောင့်လည်း မုံရွာမြို့ပေါ်အထိ လယ်သမားတွေ အခြားတတ်ကြွလှုပ်ရှားသူတွေ စုဝေးပြီး ဆန္ဒပြခဲ့ကြတာပါ။

ဒီ့အတွက်လည်း အာဏာပိုင်တွေနဲ့ တင်းမာမှုဖြစ်ခဲ့ပြီး ကြားကနေ နိုင်ငံရေးအဖွဲ့အစည်းအချို့က ဝင်ရောက်ညှိုနှိုင်းပေးနေရပါတယ်။ ဒါပေမယ့်လည်း လယ်သမားတွေ လိုလားချက်ဖြစ်တဲ့ စီမံကိန်းရပ်ဖို့အခြေအနေကတော့ အလှမ်းဝေးနေဆဲလို့ ပြောရမှာပါ။

အာဏာပိုင်တွေရဲ့ အဆိုအရတော့ တရုတ်ဖက်က ကုမ္ပဏီဟာ တနှစ်ကို မြေ ဝ.၄ စတုရမ်းမိုင်ကို အမေရိကန်ဒေါ်လာ ၃၅၀၀ နဲ့ အစိုးရကို ပေးပြီး ငှားရမ်းထားတာလို့ သိရပါတယ်။
XS
SM
MD
LG