သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အချိန်ပြည့် ခန့်အပ်နိုင်ရေး ကုလ စဉ်းစားမည်


မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အချိန်ပြည့် ခန့်အပ်နိုင်ရေး ကုလ စဉ်းစားမည်
မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အချိန်ပြည့် ခန့်အပ်နိုင်ရေး ကုလ စဉ်းစားမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်တဦး အမြန်ဆုံး ခန့်အပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက သတင်းမီဒီယာကို ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အနေနဲ့ ဒီကိစ္စကို လက်ခံ သဘောပေါက်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) အနေနဲ့ မြန်မာနိုင်ငံရေးရာကို နက်နက်နဲနဲ စောင့်ကြည့် လေ့လာသွားနိုင်မယ့် အချိန်ပြည့် တာဝန်ယူနိုင်မယ့်သူကို ခန့်အပ်ရင် မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို တိတိကျကျ သိမှာဖြစ်တဲ့အတွက် အမြန်ဆုံး အချိန်ပြည့် အကြံပေးပုဂ္ဂိုလ်တဦးကို ခန့်အပ်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းမီဒီယာကို မကြာသေးမီက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ခု၊ ဇန်နဝါရီလကစလို့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ရာထူးက နှုတ်ထွက်ခဲ့ပြီး ဒါဖောဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်းတွေကို လွှဲပြောင်း တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့နေရာမှာ အတွင်းရေးမှူးချုပ်ရဲ့ ရုံးဝန်ထမ်း အရာရှိချုပ်လည်း ဖြစ်တဲ့ အိန္ဒိယနွယ်ဖွား မစ္စတာ ဗီဂျေး နမ်ဘီယာ (Mr Vijay Nambiar) ကို ပူးတွဲ တာဝန်ယူဖို့ လွှဲပြောင်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နက်စာကီး (Martin Nesirky) က အခုလို တိုက်တွန်းချက်တွေကို နားလည် သဘောပေါက်တဲ့အကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ကုလသမဂ္ဂ အနေနဲ့ မကြာခဏပဲ ပြောကြားခဲ့ပြီးပါပြီ။ ထင်ရှားလှတဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တဲ့အပြင် အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့ဝင်နိုင်ငံ တချို့ကလည်း ဒီလိုမျိုး အကြံဉာဏ်တွေကို ပေးခဲ့ဖူးပါတယ်။ အတွင်းရေးမှူးချုပ် အနေနဲ့ အခုလို တဘက်က ပေးလာတဲ့ အကြံဉာဏ်တွေကို လက်ခံ သဘောပေါက်ပြီး စဉ်းစား သုံးသပ်ပေးမှာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် (Kofi Annan) လက်ထက်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ၂၀၀၆ ခုနှစ်က စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ဂမ်ဘာရီ အနေနဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ကြားဝင် ဆောင်ရွက်ပေးရာမှာ အောင်မြင်မှု မရရှိခဲ့လို့ ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၀ မှာ သူနှုတ်ထွက်ခဲ့ပြီးနောက်ပိုင်း လက်ရှိ သူ့နေရာမှာ ပူးတွဲ တာဝန်ထမ်းဆောင်နေသူ မစ္စတာ ဗီဂျေး နမ်ဘီယာဟာ မြန်မာနိုင်ငံကို ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲတွေ အပြီး ပထမဦးဆုံးအကြိမ် သွားရောက်ခွင့် ရခဲ့ပါတယ်။ ထိုစဉ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်စဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာစစ်အစိုးရ အရာရှိတွေနဲ့လည်း သူ တွေ့ဆုံခွင့် ရခဲ့ပါတယ်။

မစ္စတာ နမ်ဘီယာ အနေနဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ အောင်မြင်တဲ့ ထူးခြားမှုတွေ မရရှိခဲ့ပါဘူး။ ဒါကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာ့မိတ်ဆွေများ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဗြိတိန်သံအမတ်ကြီး မာ့ခ် လီယာ ဂရန့် (Mark Lyall Grant) အပါအဝင် တခြားအဖွဲ့ဝင် နိုင်ငံအချို့တို့က အတွင်းရေးမှူးချုပ် အနေနဲ့ အချိန်ပြည့် အကြံပေးပုဂ္ဂိုလ်တဦး ခန့်အပ်ဖို့ ဆွေးနွေး အကြံပေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်တဦး အချိန်ပြည့် ခန့်အပ်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းက အခုလို သုံးသပ်ပါတယ်။

“ဒီနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေက တော်တော်လေး အကွေ့အပြောင်းမှာ ရှိနေပါတယ်။ တဘက်မှာလည်း ရွေးကောက်ပွဲ အပေါ်မှာ ပြည်သူလူထုက မကျေနပ်မှု ရှိနေတယ်။ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ပါလီမန်မှာလည်း ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ့် အလားအလာတွေကို သိပ်မတွေ့ကြဘူးပေါ့။ ဒီအပေါ်မှာ နိုင်ငံရေးအရ အုံကြွမှုတွေ အများကြီး ဖြစ်ပေါ်လာနိုင်တယ်။

“တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသား အခွင့်အရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်ရေးနည်းနဲ့ ဖြေရှင်းတဲ့အတွက် အခုဆိုရင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေကလည်း ပျက်မယ့်သဘောမျိုး ရှိနေတယ်။ တိုက်ပွဲတွေလည်း စပြီး ဖြစ်ပေါ်နေတယ်။ ဆိုတော့ ဒီလို အနေအထားမျိုးမှာ ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံမှာ အင်အားစုအားလုံး ပါဝင်တဲ့ အသွင်ကူးပြောင်းရေးတခု ဖြစ်တယ်လို့ ပြောနေရုံလောက်နဲ့တော့ မလုံလောက်ဘူး။

“မစ္စတာ နမ်ဘီယာ သွားပြီးတော့ အကြံပြုခဲ့တာတွေ ရှိတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း ဆွေးနွေးခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ ဒါတွေက အကောင်အထည် ပေါ်မလာတော့ ဒါတွေကို ဆက်တိုက် အကောင်အထည် ဖော်ဖို့အတွက် မြန်မာနိုင်ငံက ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေရော၊ လက်ရှိ စစ်တပ်ခေါင်းဆောင်တွေနဲ့ရော အိမ်နီးချင်း နိုင်ငံတွေနဲ့ပါ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးဖို့လိုတယ်။ ဒီအတွက် အချိန်ပြည့် လုပ်ဆောင်နိုင်တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တယောက် ခန့်အပ်ဖို့ အမြန်ဆုံး လိုအပ်နေပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အချိန်ပြည့်တဦး ခန့်အပ်ဖို့ လိုအပ်တဲ့အကြောင်းနဲ့ ပတ်သက်လို့ ဒေါက်တာသောင်းထွန်း ပြောခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG