သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ တရားမျှတပြီး အုပ်စုအားလုံး ပါဝင်ခွင့်ရဖို့ ကုလတိုက်တွန်း


ဒီမိုကရေစီကူးပြောင်းတဲ့ သမိုင်းဝင် ရွေးကောက်ပွဲများ ဖြစ်လာဖို့အတွက် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးခေါင်းဆောင်တွေအပြင် မြန်မာပြည်သူအများ လက်ခံနိုင်တဲ့ ရလဒ်တွေဖြစ်ဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့က မနေ့က ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲမှာ အုပ်စုအားလုံး ပါဝင်ခွင့်ရရေး တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ အကြိမ် ၇၀ မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို တက်ရောက်လာတဲ့ ကုလအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းရဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ စက်တာဘာလ ၂၉ ရက် မနေ့က သီးသန့်တွေ့ဆုံပြီး မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးခဲ့ကြပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရေးနဲ့ ပွင့်လင်းမြင်သာမှုရှိရေး စတာတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ မနေ့က အစည်းအဝေးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရအမျိုးသမီးက Eri Kaneko အခုလို ပြောပါတယ်။

“ဆွေးနွေးပွဲမှာ မီးမောင်းထိုးပြခဲ့တဲ့ အချက်ကတော့ မြန်မာနိုင်ငံမှာ လာမယ့် ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီကို ကူးပြောင်းမယ့် သမိုင်းမှတ်တိုင်တရပ်အဖြစ် ကိုယ်စားပြုတာကြောင့် လွတ်လပ်တဲ့အပြင် အုပ်စုအားလုံးတို့ ပါဝင်ပြီး ထင်သာမြင်သာ ရှိရမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေအပြင် အထူးသဖြင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့ မူဆလင် ကိုယ်စားလှယ်လောင်းတွေ အပါအဝင် ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရမှုအတွက် မကျေနပ်မှုတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့လည်း စိုးရိမ်မကင်း ဖြစ်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ယာယီသက်သေခံကဒ်ပြား ကိုင်ဆောင်သူတွေကို မဲပေးခွင့်မပေးတာဟာ မှားယွင်းတဲ့လမ်းကြောင်းကိုသွားတဲ့ အဆင့်တဆင့်ဖြစ်ပြီး အခုလို ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုတွေအနေနဲ့ မဲပေးခွင့်မရတဲ့အပေါ် အလွန်စိတ်ပျက်မိတယ်လို့ အစည်းအဝေးပွဲမှာ ပြောသွားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည်နေသလို ရွေးကောက်ပွဲပြီးတဲ့နောက် အာဏာအလွဲှအပြောင်းကိစ္စမှာ ချော့မွေ့နိုင်ရေးဟာ အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်ဖို့ အရေးကြီးကြောင်း မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တံခါးပိတ်ဆွေးနွေးပွဲ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားတယ်လို့ Eri Kaneko က ပြောပါတယ်။

“ရွေးကောက်ပွဲတွေဟာ ယုံကြည်စိတ်ချမှုရှိဖို့နဲ့ အာဏာကို လွှဲပြောင်းပေးရာမှာ ချောချောမွေ့မွေ့ဖြစ်နိုင်ဖို့က ရွေးကောက်ပွဲရလဒ်တွေဟာ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံသား အများစုက လက်ခံနိုင်မယ့် အခြေအနေမျိုး ဖြစ်ဖို့အပေါ်မှာ အများကြီး မူတည်နေတာ ဖြစ်ပါတယ်။”

အခုလို ကုလသမဂ္ဂဘက်က မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆို၊ တိုက်တွန်းမှုတွေဟာ အရေးပါတယ်လို့ ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာ့အရေး ဆွေးနွေးတင်ပြခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် က ပြောပါတယ်။

“ဒါက အမှန်တရားကို ပြောတယ်ဆိုတော့လည်း ထိရောက်မှုရှိမယ်လို့ ကျနော် ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က ကာယကံရှင်ဆိုတော့လေ ကာယကံရှင်ဆိုတော့ ဒီကိစ္စကို ပိုပြီးမှ ကျနော် ခံစားလို့ရတယ်။ အခု စောစောပိုင်းကနော် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ပြောသွားတဲ့ ကျနော်တို့ white card ကိုင်ဆောင်ခဲ့တဲ့လူတွေကို မဲထည့်ခွင့်မပြုဘူး။ နောက် ကျနော်တို့ကိုလည်း ကိုယ်စားလှယ်ပြိုင်ခွင့် မပေးဘူးဆိုတဲ့ကိစ္စတွေ ဒါ ကျနော် ထင်ပါတယ် စိုးရိမ်စရာဆိုတာထက် ပိုတောင်ပိုခဲ့တယ်လို့ ကျနော် အဲလိုပဲ မှတ်ချက်ပေးချင်တယ်။”

ဦးရွှေမောင် အပါအဝင် ရခိုင်ပြည်နယ်က မူဆလင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၅ ယောက်နီးပါးကို ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်နဲ့ မပြည့်မီဘူးဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ပယ်ချထားပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ စိုးရိမ်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ တံခါးပိတ်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ Eri Kaneko က ပြောပါတယ်။

“ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံတွေ ထောက်ပြခဲ့ကြတာကတော့ IDP ဒုက္ခသည်စခန်းတွေမှာ လူသားချင်းစာနာမှု ပြဿနာကို ဖြေရှင်းရေးနဲ့ ရိုဟင်ဂျာတွေ နိုင်ငံသား ခိုလှုံခွင့် ရရှိရေးဆိုတဲ့ ပိုမိုကျယ်ပြန့်တဲ့ ကိစ္စရပ်အပေါ် ပိုပြတ်သားတဲ့ အရေးယူ ဆောင်ရွက်မှု ပြုလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒီလိုမလုပ်နိုင်ရင် လူတွေ ပို ဆင်းရဲဒုက္ခရောက်ကြမှာဖြစ်ပြီး၊ အသက်တွေလည်း ဆုံးရှုံးကြမှာ ဖြစ်ပါတယ်။”

မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်မှာ အမုန်းစကားပြောဆိုမှုတွေနဲ့ လူ့အသိုင်းအဝိုင်းကြား ရန်စလှုံ့ဆော်မှုတွေ တိုးလာနေတာဟာ အသိုင်းအဝိုင်းနှစ်ခုကြားမှာ ဘာသာရေးအပေါ် အခြေခံပြီး ကွဲလွဲမှုတွေကို ပိုပြီးဆိုးလာစေတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မှာပါတဲ့ မြန်မာနိုင်ငံမှာ OHCHR ခေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ဖွင့်လှစ်ဖို့ကိုလည်း အကောင်အထည်ဖော်ဖို့ အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေက ထပ်မံ တိုက်တွန်းခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ဟာ အရင် ၂၀၀၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ အမည်ကနေ ၂၀၁၃ ခုနှစ်မှာ နာမည်ပြောင်းလဲခဲ့တာဖြစ်ပြီး အနောက်နိုင်ငံတွေ အပါအဝင် တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ စင်္ကာပူ၊ ဗီယက်နမ်၊ နော်ဝေး၊ ထိုင်း၊ အိန္ဒိယ စတဲ့ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်ပါတယ်။

XS
SM
MD
LG