သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား အခွင့်အရေး အစိုးရသစ် ကာကွယ်ဖို့ ပျက်ကွက်


တိုင်းရင်းသား အခွင့်အရေး အစိုးရသစ် ကာကွယ်ဖို့ ပျက်ကွက်
တိုင်းရင်းသား အခွင့်အရေး အစိုးရသစ် ကာကွယ်ဖို့ ပျက်ကွက်

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ ပြဿနာတွေကို အစိုးရသစ်က ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရသစ်ဟာ ထိုင်း၊ မြန်မာ နယ်စပ်တလျှောက်မှာ နေထိုင်နေကြတဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် စစ်တပ်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ် ပေးဖို့အတွက် ဘာမှ လုပ်ဆောင်ပေးနေတာ မရှိဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်တပ်က တိုင်းပြည်ရဲ့အာဏာ အများအပြားကို ထိန်းချုပ်ထားဖို့ လိုအပ်နေတာဟာ တိုင်းပြည်တွင်းမှာ ဖြစ်နေတဲ့ အဲဒီ ပဋိပက္ခတွေကြောင့် ဖြစ်တယ်ဆိုပြီး အကြောင်းပြလေ့ ရှိပါတယ်။

မြန်မာစစ်အစိုးရဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ဒါဟာ စစ်အစိုးရကနေ အရပ်သား အစိုးရကို ပြောင်းဖို့အတွက် နောက်ဆုံးအဆင့် ဖြစ်တယ်လို့ ပြောပါတယ်။ အများကတော့ မြန်မာစစ်အစိုးရက ကျင်းပခဲ့တဲ့ အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘဲ စစ်တပ်က အာဏာကို ဆက်ထိန်းထားနိုင်ဖို့အတွက် သက်သက် ရည်ရွယ်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သား အစိုးရသစ် ဖြစ်ပေါ်လာပေမဲ့လည်း နယ်စပ်ဒေသတွေမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ လုပ်ဆောင်ခြင်း မရှိဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“စစ်တပ်ကြီးစိုးရေးကို စနစ်တကျ လုပ်ဆောင်ခဲ့တာတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်အောင် ပံ့ပိုးပေးခဲ့တာပါ။ အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ မြေသိမ်းတာတွေ၊ အတင်းအကျပ် လုပ်အားပေး ခိုင်းစေတာတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးအောင် လုပ်ဆောင်တာတွေ၊ ဥပဒေပြင်ပ သတ်ဖြတ်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပါဝင်ပါတယ်။ အဲဒါတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီး အခုချိန်ထိလည်း ဖြစ်နေတုန်းပါပဲ။ ဒါ့အပြင် အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ရှိသူတွေဘက်က လုံး၀ ကိုင်တွယ် ဖြေရှင်းတာတွေ မလုပ်သေးပါဘူး။”

အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေတာလိုမျိုး တချို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အစိုးရကနေ လုပ်နေတယ်ဆိုတာ သိသာတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“မြန်မာတနိုင်ငံတည်း ဒါမှမဟုတ် တကမ္ဘာလုံးမှာ မြန်မာတနိုင်ငံတည်းကပဲ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေကို ပုဂ္ဂလိပိုင်းက မဟုတ်ဘဲ အစိုးရကနေ လုပ်နေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”

ဒါပေမဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တိုင်းရင်းသား အုပ်စုတွေ အပေါ်မှာ ဆက်ဆံနေတာနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်အမတ်တွေက မေးခွန်းထုတ်လာတာတွေက အပေါင်းလက္ခဏာဆောင်တဲ့ အချက်တွေ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“အဲဒီလို မေးခွန်းထုတ်တဲ့ အထဲမှာ ကရင်ပြည်နယ်အတွင်း အပစ်အခတ် ရပ်စဲရေး ဖြစ်လာနိုင်ခြေတွေ ပါဝင်သလို ရိုဟင်ဂျာတွေဟာ နိုင်ငံသား ဟုတ်မဟုတ်ဆိုတဲ့ ပြဿနာနဲ့ တိုင်းရင်းသား ရှမ်း နိုင်ငံရေး ခေါင်းဆောင်တွေအပေါ် လွတ်ငြိမ်းချမ်းသာခွင့် ပေးမပေး ဆိုတာတွေ ပါဝင်ပါတယ်။”

မစ္စတာ ကင်တားနားဟာ ထိုင်းနိုင်ငံကို တပတ်ကြာ သွားရောက်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျွမ်းကျင်သူတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။ မစ္စတာ ကင်တားနားဟာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပေမဲ့ မြန်မာအာဏာပိုင်တွေဘက်က ပြည်ဝင်ခွင့်ဗီဇာ မပေးခဲ့တာကြောင့် မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို သွားရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီအပေါ်မှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နီစားကီး (Martin Nesirky) က အခုလို ပြောလိုက်ပါတယ်။

“မစ္စတာ ကင်တားနားဟာ ကုလသမဂ္ဂရဲ့ အထူးတာဝန်ပေးထားခြင်း ခံရတဲ့ ကိုယ်စားလှယ်တဦး ဖြစ်တဲ့အတွက် သူတာဝန်ကျတဲ့ နိုင်ငံကို ဝင်ခွင့်ရသင့်ပါတယ်။ ဒီကိစ္စဟာ မေးခွန်းထုတ်နေစရာ မလိုတဲ့ ကိစ္စပါ။ တဆက်တည်းမှာပဲ မကြာသေးခင်က မြန်မာနိုင်ငံကို သွားရောက်ခွင့် ရခဲ့တဲ့ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အကြောင်း ကျနော်တို့ ထုတ်ပြန်ချက်တွေထဲက အချက်တခုကို ကျနော် ပြန်လည် ပြောပြချင်ပါတယ်။

“အဲဒါကတော့ မြန်မာအစိုးရဟာ သူတို့ပေးထားတဲ့ ကတိကဝတ်တွေကို လိုက်နာ အကောင်အထည်ဖော်ဖို့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးက မျှော်မှန်းချက်တွေနဲ့ အညီ ကိုက်ညီအောင် ပြုပြင်ဆောင်ရွက်ဖို့ အလေးအနက်ထားပြီး ပြောဆိုခဲ့ပါတယ်။”

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို သွားရောက်ခွင့် မရခဲ့ပေမဲ့လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းကနေတဆင့် ဆက်သွယ် ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ အရေးကိစ္စ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့အတွက်ဆိုရင် သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံး ပါဝင်ဖို့ လိုအပ်ပြီး ဖမ်းဆီး ထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို လွှတ်ပေးတာကနေ စတင်ပြီး လုပ်ဖို့ လိုအပ်တယ်လို့ မစ္စတာ ကင်တားနားက ပြောလိုက်ပါတယ်။

XS
SM
MD
LG