သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် AIIB ဘဏ် လူ့အခွင့်အရေး လေးစားဖို့ ကုလတောင်းဆို


AIIB
AIIB

တရုတ်အစိုးရကဦးဆောင်ပြီး နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ စီမံကိန်းတွေဟာ လူ့အခွင့်အရေးအတွက် အပြည့်အဝ အာမခံမှုရှိပါ့မလားဆိုတာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ ဒေသခံတွေကို လုပ်အားခ တန်ကြေး မပေးတာ အပါအဝင် အဂတိလိုက်စား နေတဲ့ အာဏာပိုင်တွေပေါင်းပြီး တရုတ်ကုမ္ပဏီတွေ အကျိုးအမြတ်ပိုရှိအောင် လုပ်ငန်းလည်ပတ်နေတာကြောင့် တရုတ်ကုမ္ပဏီရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွေပေါ် စိုးရိမ်လာကြတာဖြစ်ပါတယ်။ VOA သတင်းထောက် Saibal Dasgupta ရဲ့ သတင်းလွှာကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

တရုတ်ရဲ့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေမှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ဖို့ အာမခံချက်ပေးနိုင်ပါ့မလားဆိုတာကို ကုလသမဂ္ဂက စိုးရိမ်နေတာဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး UNHCHR က ငွေရေးကြေးရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေးမှူးJuan Pablo Bohoslavsky က ဘေဂျင်းမြို့တော်မှာ တနင်္လာနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလို ပြောဆိုလိုက်တာပါ။

တရုတ်အစိုးရက ဦးဆောင်ပြီး နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ အာရှဒေသ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် AIIB နဲ့ ဘရာဇီး၊ ရုရှား အိန္ဒိယ၊ တောင်အာဖရိကနဲ့ တရုတ်နိုင်ငံတွေပါဝင်တဲ့ BRICS ဆိုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ်တွေကို မကြာသေးမီက တရုတ်တို့ တည်ထောင်ခဲ့တာပါ။ အဲဒီဘဏ်တွေရဲ့ ဘဏ္ဍာငွေသုံးစွဲမှုအပိုင်းနဲ့ လူ့အခွင့်အရေးအပေါ် အကာကွယ်ပေးမှုအပိုင်း ဘယ်လိုဆက်စပ်မှုရှိသလဲဆိုတာကို UNHCHR က စုံစမ်း လေ့လာနေဆဲမှာပဲ တရုတ်အစိုးရက ဒီဘဏ် အုပ်စုနှစ်ခုကို အောင်အောင်မြင်မြင်နဲ့ ထူထောင်လိုက်ပါတယ်။ AIIB ဘဏ်တခုလုံးအတွက် မ,တည်ငွေဟာ ဒေါ်လာဘီလျံ (၁၀၀) ရှိမှာဖြစ်ပြီး တရုတ်နိုင်ငံက ဘဏ်အစုရှယ်ယာရဲ့ ၃၀% ကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ ကမ္ဘာ့ဘဏ်ထက် ကျော်လွန်ပြီး နိုင်ငံတကာမှာ ငွေအလုံးအရင်းနဲ့ ဝင်ရောက်ရင်းနှီးမြှုပ်နှံလာတာကြောင့် ကုလသမဂ္ဂအနေနဲ့ စိုးရိမ်မှုတိုးလာတာလည်းဖြစ်ပါတယ်။ AIIB ဘဏ် အဲဒီအုပ်စုထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ပြီး အစုရှယ်ယာ ဒေါ်လာ (၂၆၄) သန်း ထည့်ဝင်သွားဖို့ ပြည်ထောင်စုလွှတ်တော်က တလောက အတည်ပြုထားပြီးသား ဖြစ်ပါတယ်။

အခုလို စိုးရိမ်မကင်းဖြစ်မှုတွေနဲ့ပတ်သက်လို့ တရုတ်ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်ဆွေးနွေးနိုင်ဖို့ခက်ခဲတဲ့အပြင် တုံ့ပြန်ဖြေရှင်းဖို့လည်း သိပ်အလေးမထားတာတွေ့ရတယ်လို့ Juan Pablo Bohoslavsky က ပြောပါတယ်။ မစ္စတာ Bohoslavsky ဟာ သူ့ရဲ့စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကိုနောင်နှစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ တင်ပြဖို့ရှိပါတယ်။

တရုတ်ကုမ္ပဏီတွေရဲ့ စီမံကိန်းတဝိုက် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို တရုတ်ကုမ္ပဏီတွေက သိပ်ပြီး အလေးထားပုံမရဘူးဆိုတာ UNHCHR အဖွဲ့ရဲ့လေ့လာချက်တွေက ဆိုပါတယ်။ အထူးသဖြင့် အာဖရိကနိုင်ငံတွေမှာ ချိုးဖေါက်မှုတွေဖြစ်နေတယ်လို့ ဆိုပါတယ်။ တရုတ်ကုမ္ပဏီတွေက ဒေသခံတွေကို အကာကွယ်အပြည့်အဝ မပေးတာနဲ့ပတ်သက်လို့ HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကလည်း ဝေဖန်လိုက်ပါတယ်။ HRW အဖွဲ့ရဲ့ တရုတ်ပြည်ဆိုင်ရာ ဒါရိုက်တာ Sofie Richardson က ခုလိုထောက်ပြပါတယ်။

“သက်ဆိုင်ရာနိုင်ငံရဲ့ အလုပ်သမားခံစားခွင့် ဥပဒေအရ ဒေသခံတွေကို နေရာချထားပေးရမယ့် ကိစ္စတွေ၊ လျှော်ကြေးပေးရေးကိစ္စတွေမှာ ဒေသခံတွေကို ဘယ်လို အကာအကွယ်ပေးမလဲဆိုတဲ့အချက်ကို စာချုပ်မှာ တရုတ်အစိုးရက ထည့်သွင်းရေးဆွဲထားတာမျိုး မရှိတာတွေ့ရပါတယ်။ ဒါမျိုးကို တရုတ် ကုမ္ပဏီတွေက နိုင်ငံရပ်ခြားမှာတင် လုပ်တာမျိုးမဟုတ်ဘဲ သူ့ တရုတ်နိုင်ငံထဲမှာလည်း ကျူးလွန်နေတာပါ။”

နိုင်ငံခြားမှာ ရင်းနှီးမြှုပ်နှံတဲ့ တရုတ်ကုမ္ပဏီတွေဟာ ဒေသခံတွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုကို ရင်ဆိုင်ရလေ့ရှိပြီး အဲဒီအထဲမှာ မြန်မာ၊ သီရိလင်္ကာ၊ ကင်ညာ စတဲ့နိုင်ငံတွေမှာရှိတဲ့ တရုတ်ကုမ္ပဏီတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံတွင်း တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီရဲ့ လက်ပံတောင်း ကြေးနီ စီမံကိန်း၊ ကျောက်ဖြူ-ကူမင်း ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းနဲ့ ခေတ္တရပ်ဆိုင်းထားတဲ့ ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းတွေကြောင့် အငြင်းပွား ဖွယ်ရာ မြေယာသိမ်းဆည်းမှုအပါအဝင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဖြစ်နေတယ်ဆိုပြီး နိုင်ငံတကာက ဝေဖန်နေကြပါတယ်။ မြန်မာပြည်တွင်း တရုတ် ကုမ္ပဏီတွေရဲ့ အခွင့်အရေး ချိုးဖေါက်မှုနဲ့ပတ်သက်ပြီး Sofie Richardson က ခုလို ဝေဖန်ပြောဆိုပါတယ်။

“ဒေသခံ အာဏာပိုင်တွေကိုယ်နှိုက်ကလည်း ဥပဒေကို လေးစားရကောင်းမှန်းမသိတဲ့အခါကျတော့ တရုတ်ကုမ္ပဏီတွေက ဥပဒေကို အလွယ်တကူ ချိုးဖေါက်ဖို့ ဖြစ်လာတာပါ။ ကုမ္ပဏီတွေဘက်က အလုပ်သမားဥပဒေကို ချိုးဖေါက်လာကြသလို လုပ်ခနည်းနည်းပဲပေးပြီး အလုပ်ကို ပိုလုပ်ခိုင်းတာမျိုး စတဲ့ ချိုးဖေါက်မှုတွေကို လုပ်နေကြတာ ရှိပါတယ်။”

တရုတ်ကုမ္ပဏီတွေဟာ သူတို့လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေဖို့အတွက် ဒေသခံအာဏာပိုင်တွေကို လာဘ်ထိုးတာမျိုးရှိကြောင်း ဒီလိုအဖြစ် အပျက်တွေ မြန်မာနိုင်ငံမှာလည်းရှိကြောင်း Sofie Richardson ကပြောပါတယ်။ ဒေသခံတွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုကို လျစ်လျှူရှုမထားဘဲ အလေးထားစဉ်းစားသင့်ပြီး ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းသင့်တယ်လို့ UNHCHR အဖွဲ့က အကြံပြုထားပါတယ်။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေဟာ လူအဖွဲ့အစည်း အတွင်း တင်းမာမှုကို တိုးပွားစေသလို နောက်ဆက်တွဲပဋိပက္ခတွေကိုပါ ဆက်ဖြစ်စေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာပါ။

တိုင်းပြည်အတော်များများမှာ တရုတ်ကုမ္ပဏီတွေက သိသာတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေလုပ်ခဲ့ပါတယ်။ အဲဒီထဲမှာ ဒေသခံတွေကို မိမိ နေရပ်ရင်း ကနေ အဓမ္မပြောင်းရွှေ့ခိုင်းတာ၊ ဥပဒေမဲ့ အဖမ်းဆီးခံရတာအပါအဝင် လွတ်လပ်စွာ အသက်ရှင်သန်ခွင့်တွေကိုပါ ခြိမ်းခြောက်တာတွေရှိတယ်လု့ိ ကုလသမဂ္ဂအရာရှိက ပြောနေပါတယ်။

တရုတ်သမ္မတရှီကျင်းပင်က AIIB ဘဏ်အဖွဲ့ ကိုယ်စားလှယ်တွေကို တွေ့ဆုံစဉ်။
တရုတ်သမ္မတရှီကျင်းပင်က AIIB ဘဏ်အဖွဲ့ ကိုယ်စားလှယ်တွေကို တွေ့ဆုံစဉ်။

တရုတ်နိုင်ငံ အခြေစိုက်တဲ့ AIIB နဲ့ BRICS ဘဏ်တွေအနေနဲ့ အခြားဖွံ့ဖြိုးရေးဘဏ်တွေ ကျူးလွန်ခဲ့ပြီးသားအမှားမျိုးကို ထပ်ပြီးမကျူးလွန်မိစေဖို့ လိုတယ်လို့ ကုလသမဂ္ဂ ဘက်က ထောက်ပြနေပါတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတွေ၊ ဖွဲ့စည်းပုံအားနည်းတဲ့အစိုးရတွေ ရှင်သန်နေတဲ့နိုင်ငံတွေမှာ တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေက စီမံကိန်းကြီးတွေ သွားရောက် ရင်းနှီးမြှုပ်နှံနေတာနဲ့အမျှ တရုတ်တွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်း သတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင်နေရဲ့လား ဆိုတာကို ပိုပြီး စောင့်ကြည့်မှုတွေ တိုးလာနေပါတယ်။

XS
SM
MD
LG