သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးများလာတဲ့အပေါ် ကုလစိုးရိမ်


မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက လှေစီးပြီးထွက်ပြေးလာသူ အရေအတွက်ဟာ တနေ့တခြား များပြားလာ နေသလို ပင်လယ်ပြင်မှာ သေဆုံးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်မိတဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောလိုက်ပါတယ်။ ဒီအတွက် ပြဿနာကို ဟန့်တားဖို့ သက်ဆိုင်ရာ အစိုးရတွေ အနေနဲ့ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက လှေစီးထွက်ပြေးလာသူတွေ အပါအဝင် ပင်လယ်ပြင်ကို ဖြတ် သန်း ထွက်ပြေးလာကြသူ အရေအတွက်ဟာ စိုးရိမ်စရာကောင်းလောက်တဲ့ အဆင့်အထိ တိုးလာနေတာမို့ ဒေသတွင်းက အစိုးရတွေ အရေးတကြီး ကိုင်တွယ် ဆောင်ရွက်ကြဖို့ UNHCR က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ တရားမဝင် မှောင်ခိုသင်္ဘောတွေနဲ့ အန္တာရာယ် များလှတဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းရင်း သေဆုံးသူ အရေအတွက်ဟာလည်း ရာဂဏန်းအထိ ရှိနေပြီလို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က UNHCR ရုံးချုပ် ပြောခွင့်ရပုဂ္ဂိုလ် Andrej Mahecic က ပြောပါတယ်။

“၂၀၁၂ ခုနှစ်ထဲ မှောင်ခိုစက်လှေတွေနဲ့ ထွက်ပြေးသူ အရေအတွက်ဟာ ၁၃,၀၀၀ လောက်ရှိနေပြီး ဒီအထဲက ခန့်မှန်းချေ ၅၀၀ လောက်ဟာ ဆိုရင်လည်း ဘင်္ဂလားပင်လယ်အော်ထဲမှာ သင်္ဘောမှောက် လို့ပဲဖြစ်ဖြစ်၊ စက်ပျက်လို့ပဲဖြစ်ဖြစ် သေဆုံးခဲ့တာပါ။”

ကြမ်းတမ်းတဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းကြတဲ့ မှောင်ခိုစက်လှေတွေဟာ ဆိုရင်လည်း ပင်လယ်ရေကြောင်း သွားလာဖို့ မသင့်တာတွေ၊ အင်ဂျင်စက်ကရိယာ မကောင်းတာတွေကြောင့် ဒီလိုကြေကွဲစရာ အဖြစ်တွေနဲ့ ကြုံရလေ့ရှိတယ်လို့လည်း UNHCR က ပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်တွင်းမှာ ပြီးခဲ့တဲ့နှစ်ထဲ ကြုံခဲ့ရတဲ့ ပဋိပက္ခတွေက ထွက်ပြေးလာသူတွေလို့ ယုံကြည်ရသူတွေ အပါအဝင် နိုင်ငံစုံကလူတွေ အကြောင်းအမျိုးမျိုးနဲ့ စွန့်စားနေကြဆဲ ဖြစ်တယ်လို့လည်း UNHCR ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။

“အခု ကျနော်တို့ သိရတာကတော့ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေ ပါဝင်သလို တခြားလူမျိုးတွေလည်း ပါဝင် ပါတယ်။ ဒီလူတွေကတော့ ဘေးကင်းလုံခြုံရေး၊ ဒါမှမဟုတ်လည်း ဘဝအနာဂတ် သာယာရေး ရှာဖွေကြဖို့ တရားမဝင်တဲ့ လမ်းကြောင်းကို သုံးနေကြတာပါ။”

သီရိလင်္ကာနိုင်ငံက ကယ်ဆယ်ခဲ့တဲ့ လှေစီးပြေး ရိုဟင်ဂျာတွေရဲ့ အပြောအရ ပင်လယ်ပြင်မှာ အစာရေစာပြတ်လပ်ပြီး လူပေါင်း ၉၀ လောက် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာပြီးနောက် UNHCR ရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဒီလဆန်း ပိုင်းမှာတုန်းကတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက လာသူတွေအဖြစ် သီရိလင်္ကာရေတပ်က လူပေါင်း ၁၃၀ ကို ကယ်ဆယ်ခဲ့ရသလို ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း မကြာသေးခင် လတွေ အတွင်း ရောက်လာသူပေါင်းဟာ ၁,၇၀၀ လောက် ရှိခဲ့တယ်လို့ UNHCR ကပြောပါတယ်။ ဒါပေမဲ့လည်း တချို့လူတွေကိုတော့ ပင်လယ်ပြင်ကို ပြန်မောင်းထုတ်တဲ့ အဖြစ်အပျက်တွေလည်း ရှိနေတာမို့ ဒေသတွင်း တိုင်းပြည်တွေအနေနဲ့ လူသားချင်း စာနာတဲ့အနေနဲ့ ကူညီဖို့လည်း တိုက်တွန်း ခဲ့တာပါ။ ဒီလိုပဲ ပြဿနာရဲ့ဇစ်မြစ်ကို ဖြေရှင်းဖို့ မြန်မာနိုင်ငံလို တိုင်းပြည်တွေက အဓိက ဆောင်ရွက် ရလိမ့်မယ် လို့လည်း UNHCR တာဝန်ရှိသူ Andrej Mahecic ကပြောပါတယ်။

“ပြဿနာကို ဖြေရှင်းဖို့ မြန်မာအာဏာပိုင်တွေကို ကျနော်တို့ တိုက်တွန်းချင်တာကတော့ ပြန်လည် သင့်မြတ်ရေးနဲ့ မတူညီတဲ့ လူမျိုးစုတွေကြား အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်ဖို့ပါ။ ဒီလိုပဲ ရခိုင်ပြည်နယ်တွင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေဖို့ လူမှုဘ၀ အခြေခံတွေကို လက်တွေ့ခံစားနိုင်အောင် ဆောင်ရွက်ပြီး ရိုဟင်ဂျာတွေ ပုံမှန်ဘ၀ အတိုင်း နေထိုင်နိုင်အောင် လုပ်ရမှာဖြစ်သလို နောက်ဆုံးအနေနဲ့ နိုင်ငံသားဖြစ်ခွင့် ပေးဖို့လိုပါတယ်။”

အစိုးရကတော့ ရိုဟင်ဂျာဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအဖြစ် လက်မခံပါဘူး။ ရခိုင်ပြည်နယ် အပါအဝင် မကြာသေးခင်က ၅ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Ojae Quintana ကတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေအပါအဝင် ပြင်ဆင်သင့်တဲ့ ဥပဒေတွေ ရှိနေတဲ့အကြောင်း ပြောဆိုထားတာလည်း ဖြစ်ပါ တယ်။
XS
SM
MD
LG