သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNDP မြန်မာဌာနေကိုယ်စားလှယ် အပြောင်းအလဲ ကုလ ရှင်းလင်း


မြန်မာနိုင်ငံ ဆိုင်ရာ ကုလ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Renata Lok-Dessallien (ဘယ်)
မြန်မာနိုင်ငံ ဆိုင်ရာ ကုလ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Renata Lok-Dessallien (ဘယ်)

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တာဝန်အပြင် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အဖြစ် ဆောင်ရွက်နေတဲ့ Ms. Renata Lok-Dessallien ဟာ မကြာမီ သူ့ရာထူးသက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သူတာဝန်ယူစဉ် ကာလအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုဖို့ အားနည်းခဲ့တာကြောင့် သူ့ကို တာဝန်ကနေ ဖယ်ရှား ခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ပြောခွင့်ရ ကတော့ အခုလို ပြောင်းရွှေ့မှုဟာ လုပ်ရိုး လုပ်စဉ်သာ ဖြစ်ကြောင်း ငြင်းဆိုပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ဆက်ပြီးတင်ပြပါမယ်။

UNDP ရဲ့ မြန်မာဌာနေကိုယ်စားလှယ် Ms. Renata Lok-Dessallien ဟာ ၂၀၁၄ ခုနှစ် ဇန္နဝါရီလကစလို့ ၂၀၁၇ ခုချိန်ထိ မြန်မာနိုင်ငံဖွံ့ဖြိုးရေး ဆိုင်ရာ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကို ဦးဆောင်လာသူ ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ သက္ကရာဇ် ၂၀၀၀ ကနေ ၂၀၀၂ ခုနှစ်ထိ မြန်မာနိုင်ငံဆိုင်ရာ UNDP လက်ထောက် ဌာနေကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းခဲ့ဖူးသူ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၃ နှစ်ကနေ ၅ နှစ်ထိ ဖြစ်တဲ့အတွက်ကြောင့် ၄ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ Ms. Lok-Dessallien အနေနဲ့ အခုလို အပြောင်းအလဲ ဖြစ်ရတာဟာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်တွေကြား ပုံမှန်ပြောင်းလဲမှု တရပ်သာဖြစ်ပြီး သူ့ရဲ့ လုပ်ဆောင်ချက်တွေ အားနည်းမှုနဲ့ မသက်ဆိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အာရှရေးရာပြောခွင့်ရ အမျိုးသမီး Ms. Eri Kaneko ကVOAကို ပြောပါတယ်။

“Ms. Lok-Dessallien အနေနဲ့ ရာထူးသက်တမ်း မကုန်မီ ထွက်သွားရတယ်ဆိုတာမျိုးလို့ ကျမ မမြင်ပါဘူး။ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်တွေရဲ့ ရာထူးတာဝန်တွေဟာ တနိုင်ငံမှာ ၃ နှစ်ကနေ ၅ နှစ် အထိ ပုံမှန်ရှိတတ်ပါတယ်။ တခါတလေ ဒါထက် လျော့မယ်။ တခါတလေလည်း ပိုနိုင်ပါတယ်။ Ms. Lok-Dessallien ဟာ မြန်မာနိုင်ငံမှာ တာဝန် ထမ်းဆောင်နေတာ ၄ နှစ်ခွဲ ရှိနေပါပြီ။ ဒါကြောင့် သူလည်း ပြောင်းမယ်ဆို ပြောင်းဖို့ အချိန်စေ့ နေပါပြီ။ မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှု အခြေအနေကြောင့် သူ့ရာထူးကို အဆင့်မြှင့်လိုက်ပြီး နောက်ထပ် ဌာနေကိုယ်စားလှယ်သစ်ကို အမြန်ဆုံး ခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေတာပါ။ ဒါမှလည်း မြန်မာ အစိုးရနဲ့ ကုလသမဂ္ဂအကြား ညှိနှိုင်းဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ”

အခုတခေါက် မြန်မာနိုင်ငံမှာ Ms. Lok-Dessallien တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ရခိုင်ပြည်နယ်က မွတ်ဆလင်အပေါ် ဖိနှိပ်ခွဲခြား ဆက်ဆံမှုနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြတာမျိုး မလုပ်ပဲ အစိုးရနဲ့ အဆင်ပြေအောင်သာ ဆက်ဆံ လုပ်ကိုင်နေတယ်ဆိုတာ သိရကြောင်း ရန်ကုန်က BBC သတင်းထောက် ဂျိုနာဖစ်ရှာကို ကိုးကားပြီး မီဒီယာတွေက ဖေါ်ပြခဲ့ကြတာပါ။

တချိန်ထဲမှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကလည်း Ms. Lok-Dessallien နဲ့ပတ်သက်လို့ အခုလို သတင်းတွေ ထွက်ပေါ်နေတာဟာ မဟုတ်မှန်ကြောင်း VOA ကို ပြောပါတယ်။

“ ဖယ်ရှားတာလည်း မဟုတ်ပါဘူး။ ဒီဟာက အခုကိစ္စက သူ့ရဲ့ Performance နဲ့ ဘာမှ မဆိုင်ဘူးလို့ ကျနော် သိထားတယ် ခင်ဗျ။ ဒါကလည်း ပုံမှန် ပါဘဲ။ သူက ၄ နှစ် ကျော် ၅ နှစ် ပြည့်တော့မယ်လေ။

ဒါ့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ထံပေးပို့မယ့် ကန့်သတ် စာတစောင်ကို BBC သတင်းထောက်က ကိုးကားဖေါ်ပြ ရာမှာတော့ Ms. Lok-Dessallien ရဲ့ လုပ်ငန်းစွမ်းဆောင်မှုနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ စကားလုံးတွေနဲ့ သုံးနှုန်း ဝေဖန်ထားပြီး ရန်ကုန်က ကုလသမဂ္ဂ အဖွဲ့အစည်းတွေကြား ညှိနှိုင်းဆောင်ရွက်မှု သိပ်ကို အားနည်းနေသလို တင်းမာမှုတွေရှိနေကြာင်း ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။ ဒီလို သတင်းပေါက်ကြား မှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂပြောခွင့်ရ Ms. Kaneko ကတော့ ခုလို တုန့်ပြန်လိုက်ပါတယ်။

“ ကျမတို့ အနေနဲ့ အခုလို စာရွက်စာတမ်း ပေါက်ကြားမှုနဲ့ ပတ်သက်လို့ ပုံမှန်အားဖြင့် တုံ့ပြန် ပြောကြားတာမျိုး လုပ်လေ့ မရှိပါဘူး။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံ အတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ဖို့ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကုလ သမဂ္ဂ အဖွဲ့အစည်းတိုင်းဟာ တဖွဲ့နဲ့တဖွဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေကြပါတယ် ဆိုတာကို ကျမ ပြောလိုပါတယ်။ ”

Ms. Lok-Dessallien တာဝန်ထမ်းဆောင်နေတဲ့ လက်ရှိ UNDP မြန်မာဌာနေ ကိုယ်စားလှယ်ရဲ့ ရာထူးအဆင့်ကိုလည်း တိုးမြှင့်လိုက်တဲ့ အတွက်ကြောင့် အဲဒီနေရာအတွက် အလုပ်လျှောက်လွှာတွေ ခေါ်ယူထားတယ်လို့ ကုလသမဂ္ဂပြောခွင့်ရက ပြောပါတယ်။

Ms. Lok-Dessallien ဟာ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတာကို ဝေဖန်ပြောဆိုဖို့ တာဝန်ပျက်ကွက်ခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိပေမဲ့ ၊ ၂၀၁၆ အောက်တိုဘာလ ရခိုင် တိုက်ခိုက်မှုနောက်ပိုင်း Ms. Lok-Dessallien အပါအဝင် ကုလသမဂ္ဂနဲ့ သံအမတ်ကြီးတွေရဲ့ မောင်တောခရီးစဉ် လေ့လာမှုအပြီး ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တခုမှာတော့ ရခိုင်ဒေသ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေအတွက် သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေလုပ်ဖို့ Ms. Lok-Dessallien က မြန်မာအစိုးရကို တိုက်တွန်း ပြောကြားခဲ့ဖူးပါတယ်။

ကနေဒါ နိုင်ငံသူ Ms. Lok-Dessallien ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်အဖြစ် ဘူလ်တန်၊ ဘင်္ဂလာဒေ့ရှ်နဲ့ တရုတ်နိုင်ငံတို့မှာ တာဝန်ထမ်းခဲ့သူဖြစ်ပြီး၊ သူ့ရဲ့ ကုလသမဂ္ဂ ၂၆ နှစ်တာ လုပ်သက်အတွင်း အာရှနဲ့ အာဖရိနိုင်ငံတွေမှာ တာဝန်ထမ်းခဲ့သူဖြစ် ပါတယ်။ အဲဒီ မတိုင်ခင်က သူဟာ ကနေဒါက တက္ကသိုလ်နဲ့ ကောလိပ် အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG