သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေအရေး လူ့အခွင့်အရေး မဟာမင်းကြီးသစ် စိုးရိမ်


ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးသစ် Zeid Ra'ad Al Hussein ၂၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံဖွင့်ပွဲတွင် မိန့်ခွန်းပြောစဉ်။ (စက်တင်ဘာ ၈၊ ၂၀၁၄)
ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးသစ် Zeid Ra'ad Al Hussein ၂၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံဖွင့်ပွဲတွင် မိန့်ခွန်းပြောစဉ်။ (စက်တင်ဘာ ၈၊ ၂၀၁၄)

ကမ္ဘာတလွှား ရွေ့ပြောင်းလုပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာဟာ အတော်လေး စိုးရိမ်မကင်းစရာအခြေအနေဖြစ်တယ်ဆိုပြီး ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအကြီးအကဲသစ်က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံတွင်း မြန်မာငါးဖမ်းလုပ်သားတွေကြုံတွေ့ရတဲ့ဖြစ်ရပ်ဆိုးတွေကို သတင်းမီဒီယာတွေက ဖော်ပြခဲ့တာကိုလည်း ပြန်လည်ဖော်ညွှန်းသွားပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့ ၂၇ ကြိမ်မြောက် ညီလာခံဖွင့်ပွဲမှာ လူ့အခွင့် အရေး ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးသစ် Zeid Ra-ad Al Hussein က မိန့်ခွန်းပြောဆိုသွားရာမှာ ရွေ့ပြောင်းအလုပ်သမားကိစ္စတွေအပြင်၊ IS အစ္စလာမ်အစွန်းရောက်အုပ်စုရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ရာဇဝတ်မှုတွေကိုလည်း ဝေဖန်ပြောဆိုသွားပါတယ်။ ဒီအကြောင်းကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးသစ်အဖြစ် ရွေးခြယ်ခံထားရတဲ့ ဂျော်ဒန်နိုင်ငံသား Zeid Ra-ad Al Hussein ဟာဆိုရင် လူ့အခွင့်အရေး ကောင်စီမှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောဆိုတာဖြစ်ပါတယ်။ ၂၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံဖွင့်ပွဲ မိန့်ခွန်းထဲမှာတော့ ကမ္ဘာအန့ှံ ရှိနေတဲ့ ရွေ့ပြောင်းနေထိုင်သူများရဲ့ လူ့အခွင့်အရေးရပိုင်ခွင့်အခြေအနေအပေါ်မှာ OHCHR အနေနဲ့ အထူးတလည် စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။ ရွေ့ပြောင်းလုပ်သားတွေအနေနဲ့ သွားရင်းလာရင်း အလုပ်လုပ်ကိုင်နေရတဲ့ အလုပ်ခွင်တွေအတွင်း မလိုအပ်တဲ့ အသက် ဆုံးရှုံးမှုတွေ ဖြစ်နေတာတွေ တွေ့နေရတယ်လို့ လူ့အခွင့်အရေးအကြီးအကဲသစ်က ပြောပါတယ်။ လူကုန်ကူးသူတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ နယ်စပ်တွေမှာ ရွေ့ပြောင်းလာသူတွေအပေါ် ဆက်ဆံမှုဆိုးဝါးတာတွေ၊ သူတို့ကို အာဏာပိုင်တွေက တရားမဝင်လို့ဆိုပြီး ရက်ရှည်ဖမ်းဆီးထားပြီး ထိမ်းသိမ်းရေးစခန်းက ချို့တဲ့တဲ့အခြေအနေတွေကြောင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးတာတွေဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အထောက်အထား လက်မှတ်မရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အန္တရာယ်ရှိတဲ့ အလုပ်တွေမှာ အတင်းအဓမ္မခိုင်းစေခံရတာ၊ အလုပ်ခွင်မှာ အတော့်ကို အောက်ကျ နောက်ကျ အနှိမ်ခံရတာ လုပ်အားအမြတ်ထုတ်ခံရတာတွေ ဖြစ်နေတယ်လို့လည်း ပြောသွားပါတယ်။

“ထိုင်းနိုင်ငံက ရေလုပ်ငန်းမှာ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ သတင်းမီဒီယာတွေမှာ မကြာခင်က ဖော်ပြပါရှိချက်ဟာ အတော်လေးကို ဆိုးဆိုးဝါးဝါး လူသိများပါတယ်။ ဒါပေမယ့်လည်း ဒီလိုအဖြစ်အပျက်မျိုး ဒီတနေရာတည်းမှာတင် ဖြစ်ခဲ့တာမဟုတ်ပါဘူး။”

ထိုင်းနိုင်ငံတွင်း ရေလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအပါအဝင် ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝအခြေအနေနဲ့ လုပ်ငန်းခွင် အန္တရာယ်ကြီးမားပုံ၊ အလုပ်ရှင်တွေရဲ့ အမြတ်ထုတ်မှုတွေကို သတင်းမီဒီယာတွေက မကြာသေးခင်က ထုတ်ဖော် ပြောဆိုခဲ့တာကြောင့် ထိုင်းနိုင်ငံကို ဝေဖန်မှုတွေ အတော်လေးရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာလူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာထဲမှာလည်း ထည့်သွင်း ဝေဖန်ခံခဲ့ရပြီး ထိုင်းနိုင်ငံကို Tier3 လူကုန်ကူးမှုမှာ အဆိုးဆုံးနိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်ခဲ့ပါတယ်။ ထိုင်းအိမ်နီးချင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေက ရွေ့ပြောင်းအလုပ်သမားတွေအပေါ် လူကုန်ကူးသူတွေက အသုံးချအမြတ်ထုတ်တာတွေအပြင် ဒီကိစ္စတွေမှာ ဒေသ အာဏာပိုင်တွေ တာဝန်ရှိသူတွေက အဂတိလိုက်စားပြီး ပါဝင်ပတ်သက်နေတာတွေကို အမေရိကန်အစိုးရက ထောက်ပြဝေဖန်ခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ Zeid ဟာ အရှေ့အလယ်ပိုင်းဒေသတလွှား တိုက်ခိုက်မှုတွေနဲ့ သေကြေထိခိုက်မှုတွေအပေါ်မှာလည်း စိုးရိမ် တကြီး ထောက်ပြသွားပါတယ်။ အီရတ်နဲ့ ဆီးရီးယားကို အခြေစိုက်တဲ့ IS မူဆလင် စစ်သွေးကြွအဖွဲ့ကနေ အမေရိကန်သတင်းထောက် James Foley နဲ့ ရာဂဏန်းရှိတဲ့အပြစ်မဲ့သူတွေကို သတ်ဖြတ်ခဲ့တာကိုလည်း ပြစ်တင်ဝေဖန်သွားပါတယ်။ IS မူဆလင်အစွန်းရောက်အဖွဲ့ကလိုလားတဲ့ ကမ္ဘာကြီးမှာ မူဆလင်မဟုတ်သူ မရှိစေရဆိုတဲ့ Takfiri နိုင်ငံတော်ဆိုတာ ဘာလဲဆိုတာကို ဖွဲ့ဆို ရှင်းလင်းသွားပါတယ်။

“Takfiri နိုင်ငံသားမဟုတ်သူမှန်သမျှကို ချမ်းသာမပေးဘူး၊ ရက်ရက်စက်စက် ကွပ်မျက်နှိပ်ကွပ်ပစ်မယ်ဆိုတဲ့ ပြင်းထန်တဲ့ စိတ်သဘောထားဖြစ်ပါတယ်။ သူတို့ရဲ့ အယူအဆနဲ့ တထပ်တည်းမဖြစ်ဘူးဆိုရင် အသက်ချမ်းသာမပေးဘူးဆိုတဲ့ အလွန်ကျဉ်းမြောင်းတဲ့အယူအဆပါ။ မူဆလင်ဖြစ်စေ၊ ခရစ်ယာန် ဖြစ်စေ၊ ဂျူးဖြစ်စေ သူတို့နဲ့ မတူကွဲပြားတယ်လို့ ယူဆသူတွေအားလုံးကို လုံး၀ နှိပ်ကွပ်မယ်ဆိုတဲ့ တဖက်သားအပေါ် မေတ္တာတရား မထားတဲ့ အယူအဆမျိုးပါ။”

ဒါကြောင့်လည်း ဆီးရီးယားနဲ့ အီရတ်မှာ ဒီအဖွဲ့ရဲ့ကျူးလွန်တဲ့လုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်တယ်လို့ လူ့အခွင့်အရေး အကြီးအကဲက ပြောပါတယ်။ ဒါ့အပြင် ဒီလို ပြဿနာမျိုးတွေဖြစ်လာစေအောင်လို့ ရှိနေတဲ့ ဆီးရီးယားနဲ့ အီရတ်က နိုင်ငံရေး အခြေအနေကိုလည်း သူက အပြစ်တင်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ Zeid ဟာ ဆီးရီးယားနိုင်ငံတွင်းက အခြေအနေတွေ အထူးသဖြင့် ဒုက္ခသည်တွေနဲ့ပတ်သက်လို့ စိုးရိမ်မှုကိုလည်း ပြောသွားပါတယ်။ ၂၀၁၁ မတ်လက စခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူပေါင်း ၂ သိန်းနီးပါး သေဆုံးခဲ့ရပြီး နိုင်ငံလူဦးရေ တဝက်ကျော် လူဦးရေ ၉ သန်းခွဲလောက်ဟာ ဒုက္ခသည်တွေဖြစ်နေတယ်လို့ ပြောပါတယ်။ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခမှာ အကြမ်းဖက်မှုတွေဖြစ်စေတဲ့ လုပ်ရပ်တွေကို အဆုံးသတ်ကြဖို့ကိုလည်း သူက တိုက်တွန်းတောင်းဆိုသွားပါတယ်။ ယူကရိန်းပြဿနာနဲ့ပတ်သက်လို့ကတော့ ပဋိပက္ခအတွင်းမှာရှိနေကြတဲ့ အရပ်သား ပြည်သူတွေကို တတ်နိုင်သမျှ အစွမ်းကုန် အကာအကွယ်ပေးကြဖို့ ယူကရိန်းအစိုးရကိုရော လက်နက်ကိုင်အဖွဲ့ကိုရော အိမ်နီးချင်း ရုရှားနိုင်ငံကိုပါ လူ့အခွင့်အရေး အကြီးအကဲက တိုက်တွန်းသွားခဲ့ပါတယ်။

ကုလသမဂ္ဂစနစ်နဲ့ပတ်သက်လို့ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွင်း ဗီတိုအာဏာအသုံးပြုမှုနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေအကြား ကျင့်ဝတ်စည်းမျဉ်းတရပ် ရေးဆွဲနေတာကို သူ့အနေနဲ့ ထောက်ခံတဲ့အကြောင်း ပြောပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါးကြုံနေရတဲ့ နေရာတွေမှာ ကုလသမဂ္ဂအနေနဲ့ ဝင်ရောက်ကိုင်တွယ်ဖြေရှင်းဖို့ကိစ္စမှာ လုံခြုံရေးကောင်စီရဲ့ ဗီတို အာဏာကြောင့် အဟန့်အတား မဖြစ်သင့်ဘူးလို့ သူက ထောက်ပြခဲ့ပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာအသုံးပြုမှုနဲ့ပတ်သက်လို့ကတော့ အခုလာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ဝန်ကြီးအဆင့် အစည်းအဝေးတရပ်ကို ပြုလုပ်သွားဖို့ရာရှိနေပါတယ်။

XS
SM
MD
LG