သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ လူ့အခွင့်အရေး အခြေအနေ ကုလ အတည်ပြု


ဂျနီဗာက ကုလသမဂ္ဂ။
ဂျနီဗာက ကုလသမဂ္ဂ။

မြန်မာနိုင်ငံအတွက် လူ့အခွင့်ရေး ကောင်စီရဲ့ လူ့အခွင့်ရေး အခြေအနေ ဆိုင်ရာ UPR ပုံမှန် သုံးသပ်ချက်ရလဒ်တွေကို ဂျနီဗာမှာ ကြာသပတေးနေ့က အတည်ပြုပေးခဲ့ ပါတယ်။ နိုင်ငံတကာက မြန်မာနိုင်ငံအတွက် အကြံပေးချက်တွေထဲက ထက်ဝက်ကျော်ကို မြန်မာနိုင်ငံက လက်ခံခဲ့ပေမယ့် လူနည်းစု လူ့အခွင့်အရေး ဆိုင်ရာ အကြံပေးချက် အတော်များများကို ပယ်ချခဲ့တဲ့ အပေါ် လူ့အခွင့်ရေး အဖွဲ့တွေက ထောက်ပြဝေဖန်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က ပြောပြမှာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ရဲ့ ၃၁ကြိမ်မြောက် UPR လုပ်ငန်းစဉ် ပုံမှန်ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး UPR ပုံမှန်သုံးသပ်ချက်ရလဒ်တွေကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ကြာသပတေးနေ့ ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ ၂၀၁၅ နှစ်ကုန်က တင်သွင်းခဲ့တဲ့ အကြံပြုချက်တွေထဲက ထက်ဝက်ကျော်ကို လက်ခံခဲ့ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးမောင်ဝေက ပြောကြားခဲ့ပါတယ်။

"ဒုတိယပါတ် UPR လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံ လက်ခံရရှိခဲ့တဲ့ အကြံပေးချက် ၂၈၁ ခုထဲက ၁၆၆ ခုကို မြန်မာက လက်ခံခဲ့ပါတယ်။ အခွင့်သင့်တုန်း မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေကို ကောင်စီကို တင်ပြချင်ပါတယ်။ လက်ရှိအစိုးရဟာ အစိုးရသစ်ကို မကြာခင်မှာ အာဏာလွှဲပြောင်း ပေးဖို့ လုပ်နေပါတယ်။ သမ္မတ အသစ်ကို လည်း ရွေးချယ်ပြီးပါပြီ။ လက်ရှိ အစိုးရက မြန်မာလူထုအတွက် လူ့အခွင့်အရေး မြှင့်တင်ဖို့ နဲ့ အကာကွယ်ပေးဖို့ အခြေခံ အုတ်မြစ်ကောင်းတွေ ချပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နောက်ပြန်လှည့်ဖို့ အကြောင်း မရှိပါဘူး။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်နေပေမဲ့ လိုအပ်ချက်တွေ ရှိနေသလို စိန်ခေါ်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့အပြင် အရပ်ဖက်လူမှု လူ့အဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင်ကြဖို့လည်း ဖိတ်ခေါ်ခဲ့တာပါ။

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာက မျှမျှတတ ကြည့်ကြဖို့ကိုလည်း ပန်ကြားခဲ့ပါတယ်။

"အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ရပိုင်ခွင့်တွေနဲ့ ပါတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အကြံပြုချက်တွေကို မြန်မာနိုင်ငံက လက်ခံခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူ့အခွင့်ရေး ကာကွယ်ရေးနဲ့ မြှင့်တင်ရေးတွေနဲ့ ပါတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက မျှမျှတတ ကြည့်ဖို့ လိုအပ်ကြောင်းနဲ့ လူ့အခွင့်ရေး ကာကွယ်မြှင့်တင်ရေးမှာ ဆက်လက် တိုးတက်အောင် လုပ်ဖို့ တရုတ်နိုင်ငံက အားပေးနေပါတယ်။”

ရုရှားကလည်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ နေပြည်တော်အစိုးရက အတိမ်းအစောင်းမခံတဲ့ အရေးကိစ္စ တချို့ကို လက်ခံဆွေးနွေးလာတာအတွက် ကြိုဆိုခဲ့ပါတယ်။ ဂျပန်နိုင်ငံကတော့ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို အထူးအလေးပေးဖို့ တောင်းဆိုခဲ့တာပါ။

"မြန်မာဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေရဲ့ UPR လုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ပါဝင်မှုနဲ့ လူ့အခွင့်ရေး တိုးတက်အောင်လုပ်ဖို့ မြန်မာနိုင်ငံရဲ့ သန္နိဋ္ဌာန် ချမှုတွေ အတွက် ဂျပန်နိုင်ငံက ကြိုဆိုပါတယ်။ မြန်မာနိုင်ငံက အကြံပေးချက် ၂၈၁ ခုထဲက ၁၆၆ ခုကို လက်ခံတာအတွက်ရော မြန်မာနိုင်ငံ တွင်း ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပပေးတာနဲ့ သိသိသာသာ တိုးတက်မှုတွေ အတွက် ဝမ်းမြောက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ချောမွေ့တဲ့ အာဏာလွှဲပြောင်းမှုနဲ့ အတူ လူနည်းစုတွေနဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲက ဘာသာရေး မတူတဲ့ လူနည်းစုတွေ အရေးကို အထူးအလေးထား ဖို့ တောင်းဆိုပါတယ်။"

ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအပြင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လူမှု လူ့အဖွဲ့အစည်းတွေကလည်း လူ့အခွင့်အရေး ဆိုင်ရာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေကို ထောက်ပြပြောဆိုခဲ့ကြတာပါ။ အထူးသဖြင့် မူဆလင်လူနည်းစုတွေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး အကြံပေးတင်ပြချက်တွေကို လက်မခံခဲ့တဲ့အပေါ်မှာ ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့ကြတာပါ။

ဒီအထဲမှာ Human Rights Watch လူ့အခွင့်အရေးအဖွဲ့ကြီးလည်းပါပါတယ်။

"Human Rights Watch အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြီးခဲ့တဲ့ UPR သုံးသပ်မှု ကာလကနေ အခု အချိန်အတွင်း သိသာ ထင်ရှားတဲ့ ပြောင်းလဲမှုတွေ အတွက် ကြိုဆိုပါတယ်။ ဒါပေမယ့် အဓိက စိန်ခေါ်မှုတွေ ကျန်နေဆဲ ဖြစ်ပြီး နောက်ဆုံး အစီရင်ခံစာမှာ တကယ်စစ်မှန်တဲ့ တိုးတက်မှုတွေ တွေ့ချင်ပါတယ်။ ဒေသ ရဲတပ်ဖွဲ့တွေဟာ ဗဟို အစိုးရရဲ့ ကြီးကြပ်မှု အောက်မှာ ရှိမနေတာ မျိုးပါ။ စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လက်နက်ကိုင် တပ်ဖွဲ့တွေကို ပြည်ထဲရေးနဲ့ နယ်စပ်လုံခြုံရေး ဝန်ကြီးဌာနတွေကနေ ကိုင်တွယ်နေတာမျိုး ဖြစ်ပါတယ်။ တရားရေးဌာနကလည်း အခုထိ အဂတိ လိုက်စားမှုတွေ ရှိနေပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီပြီး ရှိနေတာ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၀၀ လောက် ရာဇဝတ်ပြစ်မှုတွေနဲ့ တရားရင်ဆိုင်နေရတာ၊ လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ပေမယ့် အခုထိ တိုက်ပွဲတွေ ဖြစ်ပွါးနေတာနဲ့ တိုက်ပွဲဖြစ်ပွါးတဲ့ ဒေသတွေမှာ ဒေသခံတွေ လူ့အခွင့်ရေး အချိုးဖေါက်ခံနေရတာတွေကိုပါ ထောက်ပြဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG