သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးချိုးဖောက်မှုတွေဝေဖန်ခဲ့တဲ့အပေါ် ကုလလူ့အခွင့်အရေး မဟာမင်းကြီး ကာကွယ်ပြော


လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Zeid Ra'ad Zeid al-Hussein
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Zeid Ra'ad Zeid al-Hussein

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း နိုင်ငံတော်တော်များများက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပွင့်ပွင့် လင်းလင်း ဝေဖန်ခဲ့တဲ့အပေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ကာကွယ်ပြောဆိုလိုက် ပါတယ်။

သူ့ကြောင့် အရှက်ရစရာ ဖြစ်ရတာမျိုးမဟုတ်ဘဲ ဒီတိုင်းပြည်တွေ ကိုယ်တိုင်က ရှက်စရာကောင်းတဲ့ လုပ်ရပ် တွေကို ပြုမူခဲ့တာသာဖြစ်ကြောင်း တာဝန်က အနား ယူတော့မယ့် Zeid Ra'ad al-Hussein က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ရုံးချုပ် မှာ မနေ့တုန်းက ကျင်းပခဲ့တဲ့ နှုတ်ဆက်ပွဲ အခန်းအနားမှာ ပြောကြားခဲ့ တာပါ။ နှုတ်ဆိတ် နေခဲ့မယ်ဆိုရင် လေးစားခံရမှာ မဟုတ်ကြောင်းနဲ့ သူ့နေရာမှာ တာဝန် ယူမယ့်သူကိုလည်း သူ့အရင် မဟာ မင်းကြီး တာဝန်ယူခဲ့သူ အကြံပေးခဲ့သလိုပဲ ဘယ်တိုင်းပြည်ကိုမှ မခွဲခြားပဲ မျှမျှတတ ဆက်ဆံဖို့ တိုက်တွန်း လိုကြောင်းလည်း ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တာနဲ့ ပတ်သက်လို့ ပြောဆိုသွားပါတယ်။

ဒီလကုန်မှာ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးသက်တမ်း ကုန်ဆုံးမယ့် ဂျော် ဒန်နိုင်ငံ တော်ဝင်မိသားစုက မင်းသားတပါးဖြစ်တဲ့ Zeid ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် လူ့ အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတဲ့ အဆင့် အထိ ရောက်ခဲ့ကြောင်းလည်း ပြောဆိုခဲ့သူပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ ARSA အစွန်းရောက် အုပ်စုက လုံခြုံရေးကင်းစခန်းတွေ ကို စီးနင်းတိုက်ခိုက်ခဲ့တာကို မြန်မာ လုံခြုံရေး တပ်ဖွဲ့က တုန့်ပြန်ချေမှုန်းရာမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့် အရေး ချိုးဖောက် မှုတွေကို ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့တဲ့အတွက် နိုင်ငံတကာက စုံစမ်းစစ်ဆေး ဖို့လည်း မဟာမင်းကြီးက တိုက်တွန်းနေတာ ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်းလည်း ငြင်းဆန်ထားတာပါ။ မဟာမင်းကြီး Zeid ကတော့ သူတာဝန်ယူခဲ့တဲ့ ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးသူတွေ သက်ဆိုင်ရာ တိုင်းပြည်တွေကို သွားရောက်ခွင့်ရအောင် ကြိုးပမ်းနိုင်ခဲ့တာဟာ အောင်မြင်မှုတခုဖြစ်ကြောင်း ပြောဆိုခဲ့ပေမဲ့ မြန်မာနိုင်ငံလို ကုလသမဂ္ဂရဲ့စုံစမ်းမှုတွေကို လက်မခံတဲ့ တိုင်းပြည်တွေအနေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေသလားဆိုပြီးတော့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG