သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး မဟာမင်းကြီး မြန်မာကိုဝေဖန်


စစ်တွေက ဒုက္ခသည် စခန်းတခု မြင်ကွင်း။
စစ်တွေက ဒုက္ခသည် စခန်းတခု မြင်ကွင်း။

ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးဖို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ကို လက်မခံဘူးလို့ မြန်မာအစိုးရက ပြောဆိုထားတဲ့ ကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad al-Hussein က ၃၅ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံမှာ ဝေဖန် ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ငြင်းပယ်တဲ့ အတွက် အစိုးရတွေက ကျူးလွန်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်း စစ်ဆေးနေတာတွေ ပပျောက်သွားမှာ မဟုတ်ဘူးလို့ တခြားအဖွဲ့ဝင် နိုင်ငံတွေကိုလည်း ရည်ညွှန်းပြီး ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ညီလာခံ အတွင်း လူ့အခွင့်အရေး အကြီးအကဲက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ကောင်စီရဲ့လုပ်ထုံး လုပ်နည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အပြည့်အ၀ တာဝန်ရှိပြီး လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ဖို့နဲ့ ထောက်ခံ အားပေးဖို့ အမြင့်ဆုံး စံနှုန်းတွေကို စောင့်ထိန်းကာ ကောင်စီနဲ့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ရမယ်လို့ ၂၀၀၆ ခုနှစ် မတ်လမှာ ကောင်စီအသစ် မတည် ခဲ့စဉ်က ဆုံးဖြတ်ချက်မှာ တိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad al-Hussein ပြောပါတယ်။

ဒါ့ကြောင့် ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိတဲ့ နိုင်ငံတွေကို ထောက်ပြ ဝေဖန်တာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခုလို ပြောကြားသွားပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူးကို နိုင်ငံအတွင်း လာရောက်ခွင့် ပေးခဲ့ပေမယ့် သူသွားရောက် ချင်တယ်လို့ မေတ္တာရပ်ခံ ခဲ့တဲ့ ဒေသတွေကို သွားရောက်ခွင့် မရခဲ့ပါဘူး ။ ခုလို ကန့်သတ်ရတဲ့ အကြောင်းအရင်း ရှင်းလင်းချက်တွေကလည်း ရှေ့နောက်မညီ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မကြာသေးမီက ဖွဲ့စည်းခဲ့တဲ့ သီးခြားလွတ်လပ်တဲ့ အချက်လက် ရှာဖွေရေး အဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ဖို့ မြန်မာအစိုးရကို ကျနော် တိုက်တွန်းပါတယ်။ အထူးသဖြင့် လူ့အခွင့်ရေး ကျူးလွန်ချိုးဖေါက်မှုတွေ ဆိုးရွားလွန်းစွာ ဖြစ်ပွားနေ တယ်လို့ ကျနော်တို့ ယူဆထားတဲ့ ရခိုင်ပြည်နယ်ကို လွတ်လပ်စွာ အပြည့်အဝ သွားရောက်ခွင့် ပြုဖို့ တိုက်တွန်း ပါတယ်။”

ရခိုင်ပြည်နယ် အတွင်း အောက်တိုဘာ ၉ ရက်နေ့ နောက်ပိုင်း ရိုဟင်ဂျာတွေ အပေါ် မြန်မာ လုံခြုံရေးတပ်ဖွဲ့ တွေက လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက စုံစမ်း စစ်ဆေးရေးအဖွဲ့ စေလွှတ်ဖို့ အီးယူ - ဥရောပသမဂ္ဂက ကမကထပြု တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ အဆိုပြုချက်ကို မတ်လ ၂၄ ရက်နေ့က အတည်ပြုရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် အရေးယူပြီး ချိုးဖောက်ခံရသူတွေ အတွက် တရားနည်းလမ်း တကျ ကာကွယ် စောင့်ရှောက်ဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ကျွမ်းကျင်သူ ပုဂ္ဂိုလ် ၃ ယောက် ပါဝင်တဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအစိုးရ ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ သဘောမတူတဲ့ အတွက် ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်တဲ့ အကြောင်းကို အဲဒီ အချိန်ကတည်းက အတိအလင်း ပြောဆိုခဲ့ပြီး ဖြစ်သလို၊ အခုလည်း ဒီအတိုင်းပဲ ဆက်လက် ရပ်တည်မှာ ဖြစ်တယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မေလ ၃၀ ရက်နေ့မှာ ပြောပါတယ်။

တချိန်တည်းမှာပဲ၊ မကြာသေးခင်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး စုံစမ်း စစ်ဆေးရေးမှူး Yanghee Lee အပါအဝင် ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေးမှူး (၃) ဦး ခြိမ်းခြောက် ခံနေရတာနဲ့ ပတ်သက်လို့ လုံး၀ လက်မခံနိုင်ကြောင်းနဲ့ အရေးယူနိုင်ရေး နည်းလမ်းရှာဖို့ကိုလည်း လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။

“ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး ၃ ဦးတို့ဟာမကြာသေးမီက စော်ကားထိပါးရာ ရောက်တဲ့ လှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး တချို့ဆို အကြမ်းဖက်မှု လှုံ့ဆော်တာမျိုး ကိုတောင် ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးရယ်၊ ဖိလစ်ပိုင်နဲ့ ပတ်သက်လို့ ဥပဒေမဲ့ ကွက်မျက်မှုများ ဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးရယ်၊ အီရန်ဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး တို့ပဲဖြစ်ကြ ပါတယ်။ ဒီလို လုပ်ရပ်မျိုးကို လုံးဝ လက်မခံနိုင်ပါဘူး ။ ဒီလိုမျိုး လှုပ်ရှားမှုတွေကို ဟန့်တားနိုင်ဖို့ နည်းလမ်းတွေ ချမှတ်ထားတဲ့ အတွက်ကြောင့် လည်းပဲ ကောင်စီအနေနဲ့ ဘယ်လို အရေးယူဆောင်ရွက်မယ် ဆိုတာကို စဉ်းစားဖို့ ကျနော်တိုက်တွန်းလိုပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ အဖွဲ့ဝင် နိုင်ငံတွေ ပူးပေါင်း ဆောင်ရွက်ရာမှာ အင်ဒိုနီးရှား၊ အီဂျစ်၊ နီပေါ၊ ဗင်နီဇွဲလားနဲ့ ဖိလစ်ပိုင် နိုင်ငံတို့ကလည်း ပူးပေါင်း ဆောင်ရွက်ခြင်း မရှိခဲ့တာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad al-Hussein ဝေဖန်ခဲ့ပြီး ၊ Uzbekistan ၊ Armenia ၊ အီသီယိုးပီးယား၊ မိုဇမ်းဘစ် စတဲ့နိုင်ငံတွေက ကုလသမဂ္ဂ အမှုထမ်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးတက်လာတဲ့ အခြေအနေတွေအတွက် သူ့အနေနဲ့ အားရမိတဲ့ အကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG