သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာကို လူ့အခွင့်အရေးကောင်စီ တိုက်တွန်း


၃၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည်စည်းဝေးပွဲ (UN Web TV)
၃၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည်စည်းဝေးပွဲ (UN Web TV)

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံထဲက လူနည်းစုတိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို သီးခြားလွတ်လပ်စွာ စုံစမ်းနိုင်ဖို့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာက တိုက်တွန်းနေပါတယ်။ Switzerland နိုင်ငံ Geneva မြို့မှာကျင်းပနေတဲ့ ၃၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည်စည်းဝေးပွဲအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေအတွင်း ခုလို တိုက်တွန်းနေကြတာဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အထောက်အထားခိုင်လုံရင် အရေးယူဆောင်ရွက်ဖို့ အသင့်ပဲလို့ ပြောကြားသွားပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

Geneva မှာကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှစ်ပတ်လည် စည်ဝေးပွဲအတွင်း မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ တနင်္လာနေ့က တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလူနည်းစုတွေအပြင် ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေဟာ စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံနေကြရတယ်ဆိုတဲ့အခြေအနေက လူမျိုးတုံးသတ်ဖြတ်တဲ့ အခြေအနေဖြစ်တယ်လို့ သူ့အနေနဲ့ ပိုလက်ခံလာရကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee ကတင်ပြသွားခဲ့ပါတယ်။ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Marzuki Darusman ကလည်း ကချင်ပြည်နယ် ရှမ်းပြည်နယ်ဖက်ကသိရတဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ရခိုင်ပြည်နယ်ထဲမှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးအခြေအနေတွေလောက် အတိုင်းအတာ ပမာဏနဲ့ သက်ရောက်မှုတွေ မကြီးမားလှပေမဲ့ ပုံစံဆင်တူဖြစ်ပြီး တချို့လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံမျိုးတွေက မြန်မာနိုင်ငံအနှံ့မှာဖြစ်နေတယ်လို့ ပြောကြားသွားပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်တွေ စုံစမ်းဖို့ သူတို့အဖွဲ့ရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရက လက်မခံဘူးလို့ လူ့အခွင့်အရေးကောင်စီကို ပြောကြားသွားပါတယ်။

" မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ချက်ချင်း သေသေချာချာ သီးခြားလွတ်လပ်ပြီး ဘက်လိုက်မှုကင်းကင်းနဲ့ စုံစမ်းရမယ့် တာဝန်ရှိပါတယ်။ အခု အဲဒီလို စုံစမ်းမှုတွေ ရှိမနေပါဘူး။ ကျွန်တော်တို့ စုံစမ်းရရှိထားတဲ့ အချက်အလက်တွေ အထောက်အထားတွေက ခိုင်မာပြီး များပြားလှပါတယ်။ အဲဒီအထောက်အထားတွေအရ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ အဆိုးဆုံးအခြေအနေဖြစ်နေတယ်လို့ ပြသနေပါတယ်။ အားလုံးက နိုင်ငံတကာဥပဒေတွေအရ ရာဇဝတ်မှုကျုးလွန်ရာရောက်တယ်ဆိုတဲ့ အခြေအနေမျိုး ရောက်ကောင်း ရောက်နေပါတယ်။"

Geneva မြို့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်ဦးထင်လင်းကတော့ လူ့အခွင့်အရေးကို အလေးထားတဲ့ အစိုးရကို လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ပြောနေတာ အဓိပ္ပါယ်မရှိဘူးလို့ လူ့အခွင့်အရေးကောင်စီမှာ တင်ပြသွားပါတယ်။

"ကျွန်တော်တို့ခေါင်းဆောင်ပိုင်းနဲ့ အစိုးရက ဒီလိုပြစ်မှုတွေကို ဘယ်တော့မှ သည်းခံမှာ မဟုတ်ပါဘူး။ ရှင်းလင်းပြတ်သားတဲ့ အထောက်အထားရရှိရင် အရေးယူဆောင်ရွက်ဖို့လည်း အသင့်ရှိပါတယ်။ အင်းဒင်ကိစ္စဖြစ်ပြီးနောက်မှာ စစ်ဆင်ရေးတွေမှာ လိုက်နာရမယ့် အခြေခံကျင့်ဝတ်စည်းမျဉ်း စည်းကမ်းတွေ၊ ပြဌာန်းချက်တွေကို ချိုးဖောက်ခဲ့တဲ့ စစ်တပ်နဲ့ ရဲအရာရှိတွေ။ အရပ်သားတွေအပေါ် တရားဥပဒေနဲ့အညီအရေးယူခဲ့ပါတယ်။ ဒီဆောင်ရွက်မှုဟာ တာဝန်ယူမှု တာဝန်ခံမှုအတွက် အပြုသဘောခြေလှမ်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေ လက်တေ့ွအခြေအနေတွေအညီ ဘယ်လိုနည်းလမ်းတွေကိုမဆိုလုပ်သွားဖို့ ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ဒီဆောင်ရွက်မှုတွေက ရေရှည်ခံတဲ့ အဖြေအတွက်ဖြစ်ရမှာဖြစ်ပြီး ပြဿနာတွေကို ပိုဆိုးစေတာမျိုး မဖြစ်ရပါဘူး။"

မြန်မာအစိုးရအနေနဲ့ UNDP, UNHCR စတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးထင်လင်းက ပြောကြားသွားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ထဲမှာ မြေထိုးစက်နေတဲ့ မြေညှိနေတာဟာ ပြန်လာမယ့်သူတွေအတွက် ပြင်ဆင်နေတာဖြစ်တယ်လို့လည်း ရှင်းပြသွားတဲ့အပြင် မြန်မာအစိုးရလုပ်သမျှကို သံသယနဲ့ မမြင်သင့်ဘူးလို့လည်း ပြောကြားသွားပါတယ်။

Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ဂြိုလ်တုကရိုက်ကူးထားတဲ့ ပုံတွေနဲ့တကွ ထုတ်ပြန်ချက်မှာတော့ အရင်ကရိုဟင်ဂျာရွာတွေရှိခဲ့တဲ့နေရာတွေမှာ ဘူဒိုဇာတွေနဲ့ မြေထိုးညှိပြီး စစ်စခန်းတွေ၊ ရဟတ်ယာဉ်ဆင်းနိုင်တဲ့နေရာတွေ လမ်းတွေဆောက်လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်နဲ့ရော ကုလအချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ပါ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အပေါ် စိုးရိမ်တယ်လို့ အမေရိကန်ပြည်ထောင်စု သံတမန် Ms. Erin Barklay ကလူ့အခွင့်အရေးကောင်စီကို ခုလို ပြောပါတယ်။

" မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်မှုရပ်ဆိုင်းလိုက်တာရော အချက်အလက်ရှာဖွေရေးအဖဲ့ွနဲ့ ပူးပေါင်းဆောင်ရွက်မှု ခုထိမရှိသေးတဲ့အပေါ်မှာပါ အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်နဲ့ အမြန်ဆုံးပြန်ပြီးပူးပေါင်းဆောင်ရွက်သင့်သလို အချက်အလက်ရှာဖွေရေးအဖွဲ့ကိုလည်း ခွင့်ပြုသင့်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားတဲ့လုပ်ရပ်တွေ လုပ်နေတဲ့အပေါ် တုန်လှုပ် မယုံကြည်နိုင်အောင် ဖြစ်ရပါတယ်။ စစ်တပ်အပါအဝင် မြန်မာအာဏာပိုင်တွေအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီနဲ့ သတင်းမီဒီယာတွေကို အတားအဆီးမရှိ အမြန်ဆုံးသွားခွင့်ပေးရပါမယ်။ အကြမ်းဖက်မှု လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို အမြန်ဆုံး ဖော်ထုတ်အရေးယူရပါမယ်။ နေရပ်စွန့်ခွာထွက်ပြေးသွားသူတွေ သူတို့နေရပ်ကို အန္တရာယ်ကင်းစွာနဲ့ လိုလိုလားလားပြန်လာချင်မယ့် အခြေအနေမျိုး ဖန်တီးပေးရပါမယ်။ စနစ်တကျခွဲခြားဆက်ဆံမှုတွေဖြစ်နေရတဲ့ အခြေခံအကြောင်းတွေကို ဖြေရှင်းရပါမယ်။"

မြန်မာနိုင်ငံမှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အပြင် ကချင်သင်းထောက်ဆရာ ၂ ယောက်ကို ပြန်လွှတ်ပေးဖို့လည်း အမေရိကန်ပြည်ထောင်စုက တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေဆဲဆိုတဲ့ အခြေအနေကို EU ဥရောပသမဂ္ဂက စိုးရိမ်ကြောင်းကိုလည်း EU သံတမန် Mr. Carl Hallergard က လူ့အခွင့်အရေးကောင်စီကို တင်ပြသွားခဲ့ပါတယ်။

"ရခိုင်ပြည်နယ်ထဲမှာ စိုးရိမ်ကြောက်လန့်စိတ်တွေ မလုံခြုံမှုတွေ အပြစ်ရှိသူတွေ အရေးယူမှုကနေ ကင်းလွတ်နေတဲ့ အခြေအနေတွေ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေအပေါ် EU က အံ့သြ တုန်လှုပ်ရပါတယ်။ အဲဒီအခြေအနေတွေကြောင့် နောက်ထပ်ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေရှိနေတယ်။ လူသားချင်းစာနာမှုဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထောက်အပံ့တွေကို အကန့်အသတ်နဲ့ပဲပေးနိုင်တယ်။ သတင်းမီဒီယာတွေ သွားခွင့်မရဖြစ်နေပါတယ်။ နေရပ်စွန့်ထွက်သွားသူအားလုံး သူတို့နေရပ်ကို လုံခြုံ သိက္ခာရှိစွာပြန်လာနိုင်မယ့် အခြေအနေတွေဖန်တီးပေးဖို့ မြန်မာအစိုးရကို EU က တိုက်တွန်းပါတယ်။"

မြန်မာနဲ့ EU ကြား မတ်လ ၅ ရက်နေ့တုန်းက လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ဒီမိုကရေစီ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မြန်မာအစိုးရက သဓိဌာန်ခိုင်မာတဲ့အပေါ် ကြိုဆိုတယ်လို့လည်း EU ကိုယ်စားလှယ်က ပြောသွားပါတယ်။ မြန်မာ့အိမ်နီးချင်းတရုတ်နိုင်ငံကတော့ ငြိမ်းချမ်းတဲ့ အဖြေရရှိနိုင်ရေး မြန်မာအစိုးရဲ့ ဆောင်ရွက်မှုတွေကို ထောက်ခံကြောင်းအပြင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို နိုင်ငံတကာအသိုင်းအဝိုင်းက လေးစားရမယ်လို့ ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံတည်ငြိမ်ရေးအတွက် နိုင်ငံတကာအနေနဲ့ အပြုသဘောဆောင်တဲ့ ပံ့ပိုးမှုတွေ ပေးရမှာဖြစ်တယ်လို့လည်း တရုတ်ကိုယ်စားလှယ် Ms. Song Danhui က စကားပြန်ကနေတဆင့် ပြောကြားသွားပါတယ်။

" ရိုဟင်ဂျာကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ သမိုင်းကြောင်းအရရော၊ ဘာသာရေးအရရော တိုင်းရင်းသားလူနည်းစုအရရော ပြဿနာတွေ ရှိခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တဲ့အပေါ် တရုတ်နိုင်ငံက ရှုတ်ချပါတယ်။ နိုင်ငံတည်ငြိမ်အောင် မြန်မာအစိုးရရဲ့ အားထုတ်ဆောင်ရွက်မှုတွေကို တရုတ်ကထောက်ခံ အားပေးပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ဆွေးနွေးညှှိုနှိုင်းဆောင်ရွက်နေတဲ့အပေါ် ထောက်ခံပါတယ်။"

အာဆီယံအဖွဲ့ကိုယ်စား ဖိလစ်ပိုင်ကိုယ်စားလှယ်ကပြောကြားခဲ့တာမှာတော့ ရခိုင်ပြည်နယ်ထဲက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေအပေါ် အာဆီယံက စိုးရိမ်ကြောင်းနဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်ဆောင်ရွက်မှုအားလုံးကို ရှုတ်ချတယ်လို့ ပြောကြားသွားပါတယ်။ ဒုက္ခသည်တွေ ပြန်လာနိုင်ရေး မြန်မာနဲ့ ဘင်္ဂလားဒေရှ့်အစိုးရတို့ သဘောတူခဲ့တဲ့အပေါ် အာဆီယံက ကြိုဆိုသလို ဒုက္ခသည်တွေ တကယ်ပြန်လာနိုင်တဲ့ အခြေအနေဖန်တီးပေးဖို့လည်း တိုက်တွန်းသွားပါတယ်။ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ထိထိရောက်ရောက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့လည်း အာဆီယံအဖွဲ့က လူ့အခွင့်အရေးကောင်စီကနေ တောင်းဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG