သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်မှု အားနည်း၊ ကုလ အတွင်းရေးမှူးချုပ် စိတ်ပျက်


မြန်မာပြည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကုလသမဂ္ဂရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေကို မြန်မာစစ်အစိုးရဘက်က တုံ့ပြန်မှု မရှိတဲ့အပေါ် စိတ်ပျက်မိတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါဟာ မြန်မာစစ်အစိုးရအတွက် အခွင့်အရေးကောင်းတခု ဆုံးရှုံးရတာပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ကမ္ဘာနဲ့တဝန်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဟန့်တားနိုင်ရေး အဆင့်မြင့် အဖွဲ့တရပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့အပြီး နယူးယောက်ခ်မြို့က ကုလသမဂ္ဂ ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ့နိုင်ငံရေး ပြဿနာကို ထည့်သွင်းပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂ အနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ပြီး ထိတွေ့ဆက်ဆံဖို့ကို ကြိုးပမ်းနေတဲ့ အကြောင်းနဲ့ မြန်မာစစ်အစိုးရဘက်က ကုလသမဂ္ဂရဲ့ အကြံပေး တိုက်တွန်းချက်တွေကို လက်ခံ တုံ့ပြန်တာမျိုး မရှိတဲ့အပေါ် စိတ်ပျက်မိတယ်လို့ အခုလို ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေနဲ့ ဆက်ပြီး ထိတွေ့ဆက်ဆံဖို့ ကျနော်ရော ကျနော့် အကြံပေးပုဂ္ဂိုလ်ပါ ကြိုးပမ်းနေကြပါတယ်။ ဒီနှစ်ထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ အပါအဝင် နိုင်ငံရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ကျနော့်အနေနဲ့ စိုးရိမ်မကင်း ဖြစ်ရတာတွေ၊ မျှော်လင့်ချက်တွေကိုလည်း ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။ ဒါပေမဲ့ မြန်မာစစ်အစိုးရဘက်က ဒီကြိုးပမ်းမှုတွေကို အခုအချိန်အထိ တုံ့ပြန်မှု မရှိတာဟာ စိတ်ပျက်စရာ အကြောင်းတခုပါပဲ။ ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ပူးပေါင်းဆောင်ရွက်မှု မရှိတာဟာ မြန်မာနိုင်ငံအတွက် ဒီတကြိမ်လောက် အခွင့်အလမ်းကောင်းတခု ဆုံးရှုံးရတာမျိုး မရှိတော့ပါဘူး။”

လက်ရှိ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ယာယီ အထူးအကြံပေး ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဗီဂျေး နမ်ဘီယာ (Vijay Nambiar) ဟာ ဇွန်လတုန်းက စင်ကာပူ၊ တရုတ်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေဆီကို သွားရောက်ခဲ့ပြီး အဲဒီက ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေ ပြေလည်စေဖို့အတွက် အင်အားစုအားလုံး ပါဝင်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာနိုင်အောင် ရွေးကောက်ပွဲ မတိုင်ခင် မြန်မာစစ်အစိုးရနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့ အားလုံးပြေလည်တဲ့ နိုင်ငံရေး လမ်းကြောင်းတခုကို ရှာဖွေဖို့ စစ်အစိုးရကို တိုက်တွန်းနေတာပါ။ ဒါတွေကို စစ်အစိုးရဘက်က အခုအချိန်ထိ လက်ခံဆောင်ရွက်ခြင်း မရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းက မစ္စတာ ဘန်ကီမွန်း အနေနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကျရင် မြန်မာ့မိတ်ဆွေ နိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ သုံးနိုင်တဲ့ တရုတ်နဲ့ ရုရှားကပါ မြန်မာ့အရေးကို ပူးပေါင်းဆောင်ရွက်လာအောင် လုပ်ဖို့ လိုအပ်တယ်လို့ အခုလို ပြောပါတယ်။

“အထွေထွေ အတွင်းရေးမှူးချုပ်ရုံး အနေနဲ့လည်း အခုလို အထွေထွေ ညီလာခံ နီးလာတဲ့အချိန်မှာ မနှစ်ကလိုပဲ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံ မိတ်ဆွေများအဖွဲ့က နိုင်ငံခြားရေးဝန်ကြီး အဆင့် ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေကတော့ လုပ်ဖို့လိုမယ်။ အဲဒီလို နိုင်ငံခြားရေး ဝန်ကြီးအဆင့် ဆွေးနွေးညှိနှိုင်းမှု လုပ်တဲ့အခါမှာလည်း မြန်မာနိုင်ငံ အရေးကိစ္စမှာ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ တရုတ်တို့၊ ရုရှားတို့ လုံခြုံရေးကောင်စီရဲ့ ဗီတိုပါဝါ သုံးနိုင်တဲ့ အဖွဲ့ဝင်အနေနဲ့ ထိုင်နေတဲ့ လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်။ အဲဒါကို နိုင်ငံအားလုံးက ဝိုင်းဝန်း တိုက်တွန်းပြီး ဆွေးနွေးဖို့ လိုလိမ့်မယ်လို့ ကျနော် မြင်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း သူ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထား အသေးစိတ်တွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို တင်သွင်းမယ့် နှစ်စဉ် အစီရင်ခံစာထဲမှာ ထည့်သွင်းသွားဖို့ အခုအခါ ပြင်ဆင်နေပြီလို့လည်း မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တခါ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကလည်း အာရှမှာ ရောက်ရှိနေပြီး မြန်မာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေနဲ့ မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းမေးမြန်းမှုတွေ လုပ်နေပါတယ်။ သူဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီလက နောက်ဆုံး သွားရောက်ခဲ့တာဖြစ်ပြီး အခုတကြိမ်မှာ ထပ်သွားဖို့ တောင်းခံချက်ကို မြန်မာစစ်အစိုးရက လက်မခံတဲ့အတွက် အခုလို မြန်မာ့အိမ်နီးချင်း နိုင်ငံတွေဆီကို လှည့်လည်နေတာ ဖြစ်ပါတယ်။

ဒေါက်တာသောင်းထွန်းကတော့ မစ္စတာ ကင်တားနားရဲ့ ဆောင်ရွက်ချက်တွေကို ကျေနပ်အားရမိတဲ့ အကြောင်းနဲ့ မစ္စတာ ကင်တားနား အနေနဲ့ လာမယ့် အောက်တိုဘာလကျရင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကြားဖြတ် အစီရင်ခံစာတစောင် တင်သွင်းဖို့ရှိပြီး ဒါဟာ စစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ အခုလို ပြောခဲ့ပါတယ်။

“သူ့အနေနဲ့ အောက်တိုဘာလထဲမှာ အထွေထွေညီလာခံရဲ့ တတိယကော်မတီကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ကြားဖြတ် အစီရင်ခံစာ တင်သွင်းရမှာပါ။ ဒီအစီရင်ခံစာမှာ တင်ပြထားတဲ့ တွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေဟာ တတိယကော်မတီက ချမှတ်မယ့် ဆုံးဖြတ်ချက် အပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါလိမ့်မယ်။ အဲဒီဆုံးဖြတ်ချက်တင် မကဘဲ ယနေ့ မြန်မာနိုင်ငံမှာ နအဖလုပ်ဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲရဲ့ အဆင့်အတန်းနဲ့ ပတ်သက်လို့လည်း အများကြီး သက်ရောက်မှုတွေ ရှိပါလိမ့်မယ်။”

ဒေါက်တာသောင်းထွန်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားက မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေး ကောင်စီကို မတ်လမှာတုန်းက အစီရင်ခံစာ တစောင်လည်း တင်သွင်းခဲ့ဖူးပါတယ်။

XS
SM
MD
LG