သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး တိုက်တွန်း


ကုလ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား မြန်မာနိုင်ငံမှ မထွက်ခွာမီ ရန်ကုန်လေဆိပ်တွင် ကြေညာချက် ထုတ်ပြန်နေစဉ်။ နိုဝင်ဘာ ၂၈၊ ၂၀၁၀။
ကုလ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား မြန်မာနိုင်ငံမှ မထွက်ခွာမီ ရန်ကုန်လေဆိပ်တွင် ကြေညာချက် ထုတ်ပြန်နေစဉ်။ နိုဝင်ဘာ ၂၈၊ ၂၀၁၀။

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာအာဏာပိုင်တွေဘက်က ရွေးကောက်ပွဲလွန် ကာလမှာ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲတွေ လုပ်ပေးဖို့ မြန်မာနိုင်ငံကို ၂ ရက်ကြာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မစ္စတာ နမ်ဘီးယားဟာ တနင်္ဂနွေနေ့ ညနေမှာ မြန်မာနိုင်ငံကနေ စင်ကာပူလေကြောင်းနဲ့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပြီး လေဆိပ်က မထွက်ခွာခင် သတင်းစာရှင်းလင်းပွဲ မလုပ်ခဲ့ပေမဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံကို ၂၀၀၉ ခုနှစ် နောက်ဆုံး လာခဲ့ပြီးတဲ့နောက် မြန်မာစစ်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ အခု ပထမဆုံး သူလာရောက်ခဲ့တဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ပြီးဆုံးချိန်အပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ အချိန်နဲ့လည်း ကိုက်ညီနေတာမို့ ရည်ရွယ်ချက် ၃ ခုထားပြီး လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး သူတွေ့ဆုံခဲ့တဲ့ ပါတီ အဖွဲ့အစည်း အသီးသီးက အကြီးအကျယ် ပူပန်မှုတွေ ရှိနေတာ တွေ့ရပြီး အခုလို စစ်ဘက်ကနေ အရပ်ဘက်ကို အာဏာလွှဲပြောင်းပေးဖို့ လုပ်ဆောင်တဲ့ နေရာမှာ အများယုံကြည်မှု ရစေဖို့ အရေးကြီးတာမို့ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာအောင် လုပ်ဆောင်ပေးဖို့ တိုက်တွန်းထားပါတယ်။

မြန်မာအာဏာပိုင်တွေဘက်က ရွေးကောက်ပွဲလွန် ကာလမှာ ပါဝင် အရွေးခံခဲ့သူတွေရော၊ မပါဝင်သေးသူတွေပါ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲတွေ လုပ်ပေးဖို့ ပြောဆိုခဲ့ပြီး ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်ပြီး လွှတ်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုတွေ့ဆုံခဲ့တဲ့ အဖွဲ့အစည်း အသီးသီးက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂနဲ့ လက်တွဲ ဆောင်ရွက်ချင်ကြောင်း ပြောကြတာမို့ ကုလသမဂ္ဂက ဒီအဖွဲ့အစည်းတွေ အားလုံးနဲ့ တိုက်ရိုက်ဆက်သွယ် ဆွေးနွေးလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ဖော်ပြထားပါတယ်။

မစ္စတာ နမ်ဘီးယားဟာ မနေ့ကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြား တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ သာမက CRPP ပြည်သ့ူလွှတ်တော် ကိုယ်စားပြု ကော်မတီ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲ အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဗီဂျေး နမ်ဘီးယားနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အကျိုးရှိကြောင်းနဲ့ ထပ်ပြီး ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်လိုတဲ့ ဆန္ဒရှိကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

XS
SM
MD
LG