သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း ဘာသာရေးဖိနှိပ်မှု တိုက်ဖျက်ရေး ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres (သြဂုတ်၊ ၀၁၊ ၂၀၁၉)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres (သြဂုတ်၊ ၀၁၊ ၂၀၁၉)

ဂျူးဆန့်ကျင်မှု၊ မွတ်ဆလင်တွေအပေါ် အမုန်းတရားနဲ့ ဆန့်ကျင်မှု၊ ခရစ်ယာန်နဲ့ တခြားဘာသာကိုးကွယ်သူတွေကို နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှုတွေကို တိုက်ဖျက်ရေး အရှိန်မြှင့်လုပ်ဆောင်ကြဖို့ ဘာသာရေးဖိနှိပ်မှု ဒဏ်ခံရသူများ အမှတ်တရ ပထမဆုံး နိုင်ငံတကာအထိမ်းအမှတ်နေ့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းသွားပါတယ်။

ဂျူးတွေဟာ ဘုရားကျောင်းတွေမှာ အသတ်ခံကြရပြီး သူတို့အုတ်ဂူတွေကို နာဇီစြက်ာပုံတွေနဲ့ ရေးခြယ်ဖျက်ဆီးခံရပါတယ်။ မွတ်ဆလင်တွေဟာ ဗလီတွေမှာ သေနတ်နဲ့ပစ်သတ်ခံရပြီး သူတို့ရဲ့ ဘာသာရေးနေရာတွေ ဖျက်ဆီးခံရပါတယ်။ ခရစ်ယာန်တွေ ဟာ ဝတ်ပြုဆုတောင်းနေရင်း အသတ်ခံကြရပြီး သူတို့ရဲ့ ဘုရားကျောင်းတွေ မီးရှို့ခံကြရပါတယ်လို့ မစ္စတာ Guterres ကပြောပြီး ကမ္ဘာတဝန်းက လူတွေ၊ အဖွဲ့အစည်းတွေကို တိုက်ခိုက်မှုတွေ ပိုများလာတာကို ကြာသပတေးနေ့မှာ ထောက်ပြ ပြောဆိုသွားပါတယ်။

ဒီအထိမ်းအမှတ်နေ့အဖြစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလွတ်သဘော အစည်းအဝေးတခုကို ကျင်းပတာမှာ တိုးတက်မှုတွေ ရှိထားပေမယ့်လည်း မိမိတို့ဘဝတွေကိုသာမက ဒီမိုကရေစီ၊ လူမှုပတ်ဝန်းကျင် တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးတို့ကိုပါ ခြိမ်းခြောက်နေတဲ့ နိုင်ငံခြားသားမုန်းတီးမှု၊ လူမျိုးရေးခွဲခြားမှုနဲ့ ဘာသာရေးအရ နားလည်လက်ခံပေးနိုင်မှုမရှိတာတွေ ကမ္ဘာတဝန်းမှာ ပိုများလာ နေတဲ့အပေါ် အထူးပဲ စိုးရိမ်မိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ဂျီနီဗာကနေ ဗီဒီယိုက တဆင့် ပြောပါတယ်။

အဲဒီအစည်းအဝေးမှာပဲ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်အထူးသံတမန် Samuel Brownback ကလည်း တခြား နိုင်ငံတွေမှာ ဘာသာရေးလူနည်းစုတွေအပေါ် ဖိနှိပ်တာတွေကိုပြောတဲ့ထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေနဲ့ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု ဆိုတာတွေကိုလည်း ထည့်ပြောသွားပါတယ်။

မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာလို့ သုံးနှုန်းပြောဆိုတာကို လက်မခံသလို အဲဒီလို လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတာမျိုး မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG