သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာဂျ့်ဘုရားဖူး သွားလာမှုအဆင်ပြေရေး ဆော်ဒီခေါင်းခဲ


ဆော်ဒီအာရေးဗျက အစ္စလာမ် ဘာသာရေးဆိုင်ရာ အထွဋ်အမြတ် မြို့တွေဆီကို နှစ်စဉ် ဟာဂျ့် ဘုရားဖူး လာရောက်ကြသူ သန်းနဲ့ချီ ရှိတာကြောင့် ဆော်ဒီ နိုင်ငံ အနေနဲ့ ဒီဘုရားဖူးတွေရဲ့ သွားရေး လာရေး အဆင်ပြေအောင် ကြိုးပမ်းနေကြရပါတယ်။ ဒီနှစ်မှာ ဘုရားဖူး လာရောက်သူ ၂ သန်းခွဲလောက် ရှိခဲ့ပြီး ဒီလူတွေ အတွက် သယ်ယူပို့ဆောင်ရေးက အခက်အခဲ တခု ဖြစ်တယ်လို့ ဆော်ဒီ သယ်ယူပို့ဆောင်ရေး ဝန်ကြီး Nabil al-Amoudi က AFP သတင်းအေဂျင်စီကို ပြောပါတယ်။

Jeddah နဲ့ Medina မြို့က လေဆိပ်တွေမှာ ခရီးသည် အပြည့် လိုက်ပါလာတဲ့ လေယာဉ် အစင်းပေါင်း ၇၄၀၀ ဆိုက်ရောက်ခဲ့ကြောင်းနဲ့ ဟာဂျ့်ဘုရားဖူး အတွက် ဘတ်စ်ကားပေါင်း ၁၈၀၀၀ ကျော် စီစဉ်ထားကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

ဒီဟာဂျ့်ဘုရားဖူးဟာဆိုရင် မူဆလင်တွေ ဘဝမှာ အနည်းဆုံး တကြိမ်တော့ မဖြစ်မနေ လုပ်ရမယ့် မဏ္ဍိုင်ကြီး ၅ ခုထဲက တခုပါ။ ကမ္ဘာပေါ်မှာ လူအများဆုံး စုဝေးကြတဲ့ ပွဲတော်တွေထဲက တခုဖြစ်တဲ့ ဟာဂျ့် ဘုရားဖူးပွဲတော်ဟာဆိုရင် ဘာသာရေး အထွဋ်အမြတ်မြို့ Mecca နဲ့ အနီးအနားက တောင်ကုန်း တောင်ကြားတွေမှာ ၅ ရက်ကျော်ကြာ ကျင်းပတာပါ။

ဟာဂျ့် ဘုရားဖူး အဆင့် သုံးဆင့်ကို ချိတ်ဆက်ထားတဲ့ ရထားလိုင်းက ဒီနှစ်မှာ ဘုရားဖူး ၃၆၀၀၀၀ ထိ စံချိန်တင် သယ်ယူပို့ဆောင်ပေးနိုင်မယ်လို့လည်း ပို့ဆောင်ရေး ဝန်ကြီးက ပြောပါတယ်။ ၂၀၁၀ ပြည့်နှစ်က စတင်ဖွင့်လှစ်လိုက်တဲ့ ဒီရထားလိုင်းက တနှစ်မှာ ၅ ရက်ဘဲ ပြေးဆွဲတာပါ။ သြဂုတ်လ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ကျင်းပမယ့် ဒီနှစ် ဟာဂျ့် ဘုရားဖူး လာရောက်သူ ၂ သန်းခွဲလောက်မှာ အများစုက လေကြောင်းကနေ လာရောက်ကြမှာ ဖြစ်ပြီး အနည်းငယ်ဘဲ ကုန်းလမ်း၊ ရေလမ်းကနေ လာရောက်ကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG