သုံးရလွယ်ကူစေသည့် Link များ

အီရန်နဲ့ ဆော်ဒီအာရေးဘီးယားအကြား သဘောတူညီချက် မရနိုင်တာကြောင့် အီရန်နိုင်ငံသားတွေ ဒီနှစ် ဟာ့ဂ်ျဘုရားဖူး သွားနိုင်မှာမဟုတ်ဘူးလို့ အီရန်နိုင်ငံပိုင်သတင်းက ဒီကနေ့ တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။

ဒီနှစ် ဟာ့ဂ်ျဘုရားဖူးခရီးစဉ်အတွက် ညှိနှိုင်းဖို့ ဆော်ဒီအာရေးဘီးယားကို သွားရောက်ခဲ့တဲ့ အီရန် ကိုယ်စားလှယ်အဖွဲ့အပေါ် ဆော်ဒီအစိုးရရဲ့ ပြုမူပုံကြောင့် အခုလို ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့ အီရန် ယဉ်ကျေးမှုနဲ့ အစ္စလာမ္မစ် ဘာသာရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးဝန်ကြီး Ali Jannati က ပြောဆိုတယ် လို့လည်း အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

ဆော်ဒီအာဏာပိုင်တွေဘက်က တုံ့ပြန်မှုကို ဒီကနေ့အထိ ကျနော်တို့ စောင့်ဆိုင်းခဲ့ပါတယ်၊ ဒါပေမယ့် အီရန် ကိုယ်စားလှယ်အဖွဲ့နဲ့ညှိနှိုင်းမှု နှစ်ကြိမ်စလုံးမှာ ဆော်ဒီဘက်က ပြုမူပုံတွေ၊ ဖျက်လိုဖျက်ဆီး ဖန်တီး လုပ်ဆောင်မှုတွေကြောင့် အီရန်ပြည်သူတွေ ဒီနှစ် ဘုရားဖူးသွားနိုင်မှာ မဟုတ်ဘူးလို့ ၀န်ကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တနလာင်္နေ့မှာ တရားဝင် ကြေညာမယ်လို့လည်း သူက ပြောပါတယ်။

ဟာ့ဂ်ျဘုရားဖူးခရီးဟာ မူဆလင်တွေ တသက်မှာ တခါတော့ မဖြစ်မနေ လုပ်ဆောင်ကြရတဲ့ အစ္စလာမ် ဘာသာရဲ့ အဓိကကမဏ္ဍိုင်ကြီးတခုဖြစ်ပါတယ်။ အီရန်တို့ ဒီနှစ် ဟာ့ဂ်ျဘုရားဖူးသွားနိုင်ဖို့ အတွက် ဆွေးနွေး ညှိနှိုင်းနိုင်မယ့် အခြေအနေ ရှိပါသေးတယ်လို့တော့ တခြားမီဒီယာတွေက ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဟာ့ဂ်ျဘုရားဖူးခရီးစဉ်အတွင်း လူအုပ်နင်းမိလို့ အီရန် ၄၀၀ ကျော် သေဆုံးခဲ့ပြီးတဲ့နောက် အီရန်နဲ့ ဆော်ဒီအာရေးဘီးယားကြား ဆက်ဆံရေးမှာ အဖုအထစ် ဖြစ်နေခဲ့တာပါ။

ဒါ့အပြင် ဆော်ဒီအာရေးဘီးယားအစိုးရက Shi’ite ဘာသာရေးခေါင်းဆောင်တဦးကို အဆုံးစီရင်လိုက်ပြီးနောက် အီရန်မြို့တော် တီဟီရန်က ဆော်ဒီအာရေးဘီးယားသံရုံးမှာ အီရန်ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ဆော်ဒီဘက်က သံတမန်ဆက်ဆံရေးကို ဖြတ်တောက်ခဲ့တာကြောင့်လည်း နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေ တာပါ။ အီရန်နိုင်ငံမှာ အများစုက Shi’ite မူဆလင်တွေဖြစ်ပြီး ဆော်ဒီအာရေးဘီးယားမှာတော့ ဆွန်နီမူဆလင် က အများစုဖြစ်ပါတယ်။

XS
SM
MD
LG