သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေး တရုတ်နဲ့ရုရှားကို ဖိအားပေးဖို့ ယန်ဟီလီ တိုက်တွန်း


မြန်မာလူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ် Yanghee Lee
မြန်မာလူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ် Yanghee Lee

ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာဒုက္ခသည်တွေအရေးကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံကို ဖိအားပေးသွားဖို့ လိုတယ်လို့ မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်းက သတင်းမီဒီယာဖိနှိပ်မှုတွေအပါအဝင် အခြားကန့်သတ်မှုတွေကိုလည်း ဝေဖန်လိုက်ပြီး၊ ဒါဟာ တနိုင်ငံလုံး အသံတိတ်သွားအောင် ကြိုးပမ်းမှုလုပ်ရပ်လို့လည်း မှတ်ချက်ပေး သွားပါတယ်။ ရိုက်တာသတင်းဌာနက အထူးကိုယ်စားလှယ် Mr.Yanghee Lee နဲ့ တွေ့ဆုံမေးမြန်းပြီး၊ သတင်းရေးသားပေးပို့တာကို ကိုသားညွန့်ဦးက ပြောပြမှာပါ။

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးအခြေအနေချိုးဖောက်မှုတွေကို ဆန့်ကျင် တားဆီးပေးရေးအတွက် တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့အပေါ် နိုင်ငံတကာအနေနဲ့ ဖိအားတွေ ပေးဖို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms.Yanghee Lee က တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေကို မြန်မာစစ်တပ်က စစ်ဆင်နှိမ်နင်းမှုတွေကို ရပ်တန့်စေရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကြိုးပမ်းချက်တွေကို တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့က ပိတ်ပင်ခဲ့တဲ့အပေါ်၊ တရုတ်နဲ့ ရုရှားကို ဖိအားပေးဖို့လိုမယ်ဆိုပြီး Ms.Yanghee Lee က ပြောသွားတာပါ။

“လူ့အခွင့်အရေးကာကွယ်ဖို့နဲ့ လူ့အခွင့်အရေးဖက်မှာ ရပ်တည်ဖို့တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံကို နိုင်ငံတကာကနေ စည်းရုံးလုပ်ဆောင်သွားဖို့ ကျမ တိုက်တွန်းလိုပါတယ်။”

ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာဒုက္ခသည်အရေးကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွေမှာ အထူးအစည်းအဝေးတွေ ကျင်းပပြီး နိုင်ငံတကာက ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားခဲ့ကြပေမယ့်၊ ရုရှားနဲ့ တရုတ်အပါအဝင် နိုင်ငံအချို့ကတော့ မြန်မာအစိုးရဖြေရှင်းမှုကို စာနာပေးခဲ့ကြပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ စုံစမ်းရေးအဖွဲ့ကိုလည်း မြန်မာအစိုးရက ပေးမဝင်သလို၊ အခုဆိုရင် လူ့အခွင့်အရေး ကိုယ်စားလှယ် Ms.Yanghee Lee ကိုပါ မြန်မာနိုင်ငံတွင်း ဝင်ရောက်စုံစမ်းခွင့် မပေးတော့ပါဘူး။

ရခိုင်ပြည်မြောက်ပိုငး သြဂုတ်လနောက်ပိုင်း စစ်ဆင်ရေးတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲကို ရိုဟင်ဂျာဒုက္ခသည် ၆သိန်းငါးသောင်းကျော် ထွက်ပြေးဝင်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။ ဒီလို ဒုက္ခသည်တွေ ထွက်ပြေးကြရတဲ့ အခြေအနေအပေါ် အမေရိကန်ပြည်ထောင်စု ဥရောပသမဂ္ဂ စတဲ့ နိုင်ငံတကာက ဝေဖန်ပြစ်တင်ပေမယ့် တရုတ်နဲ့ရုရှားတို့က မြန်မာအစိုးရဖက်က ရပ်တည်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကဆိုရင် မြန်မာနိုင်ငံပြည်တွင်းရေးကို ဝင်ရောက်စွတ်ဖက်တာဆိုပြီး ဆန့်ကျင်ခဲ့သလို၊ ဒီလို လုပ်ရပ်တွေဟာ ရလဒ်ကောင်းတွေဖြစ်လာမှာမဟုတ်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းက စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေကို တရားမဲ့သတ်ဖြတ်မှု ညှင်းပမ်းနှိပ်စက်မှု လိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားမှု မွတ်ဆလင်ကျေးရွာတွေကို မီးရှိုှုှုမှုတွေ ရှိခဲ့တယ်လို့ နိုင်ငံတကာအစီရင်ခံစာတွေမှာ ဖော်ပြခဲ့သလို၊ ဒါဟာ လူမျိုးနွယ်စုအလိုက် ဖယ်ရှားရှင်းလင်းမှုဖြစ်တယ်ဆိုပြီးတော့လည်း အမေရိကန်နဲ့ ကုလသမဂ္ဂ အကြီးတန်းခေါင်းဆောင်တွေက သတ်မှတ်သုံးနှုံးပြောခဲ့ပါတယ်။

လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုစွဲချက်နဲ့ ICC နိုင်ငံတကာခုံရုံးအထိ ရောက်သွားနိုင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ရဲ့ဆုံးဖြတ်ချက်မျိုးတစုံတရာမဖြစ်အောင် ရုရှားနဲ့ တရုတ်နိုင်ငံတို့ဖက်က ဗီတိုသုံးတားဆီးနိုင်တဲ့အခြေအနေရှိပါတယ်။

ရခိုင်မြောက်ပိုင်းစစ်ဆင်ရေးတွေဟာ အကြမ်းဖက်သမားတွေကို စစ်ဆင်တဲ့ စစ်ဆင်ရေးသာဖြစ်ပြီး၊ အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တယ် ဆိုတာတွေဟာ မမှန်ကန်ဘူးလို့ မြန်မာအစိုးရရော မြန်မာစစ်တပ်ဖက်ကပါ ငြင်းဆန်ပါတယ်။ အထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ ဇူလှိုင်လတုန်းက ထုတ်ပြန်တဲ့အစီရင်ခံစာဟာ မှန်ကန်မျှတမှုမရှိခဲ့ဘူးလို့လည်း မြန်မာနိုင်ငံခြားရေးက တုန့်ပြန်ထားပါတယ်။ Ms.Yanghee Lee ကတော့ ဒီအဖြစ်အပျက်အပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ရှိရမယ်လို့ပြောနေပါတယ်။

“ဘက်မလိုက်ပဲ လွတ်လပ်မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ရပါမယ်။ နစ်နာ ခံစားခဲ့ရသူတွေ ဘာတွေ ဘယ်လို ဖြစ်ခဲ့သလဲဆိုတာကို သူတို့မိသားစုဝင်တွေ သိခွင့်ရှိပါတယ်။ ဘာတွေဖြစ်ခဲ့သလဲဆိုတာ မြန်မာပြည်သူတွေ သိဖို့လိုပါတယ်။ အခုဆို အဆိုးဆုံး လူသားရပ်တည်မှုအကြပ်တရပ်ကို ကျမတို့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ မြင်နေရတာပါ။ နိုင်ငံတကာအနေနဲ့ ဒါဟာ နောက်ထပ် အကြပ်အတည်း တရပ်ဖြစ်တယ်လို့သာ ပြောနေမယ်ဆိုရင်တော့၊ လူသားဖြစ်တည်မှုအတွက် မျှော်လင့်ချက်တွေ ကုန်ဆုံးစေမှာ အသေအချာပါ။”

မြန်မာအစိုးရဖက်ကရော စစ်တပ်ဖက်ကပါ ဒီအဖြစ်အပျက်တွေအပေါ် စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ဖွဲ့ပြီး စစ်ဆေးခဲ့တာရှိပေမယ့်၊ နိုင်ငံတကာကတော့ ဒါကို ယုံကြည်လက်ခံမှု မရှိပါဘူး။ သြဂုတ်လကုန်ပိုင်း အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပြီးတဲ့နောက် တလ အတွင်းမှာပဲ ရိုဟင်ဂျာ ၆၇၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပဋိပက္ခသတင်းကို လိုက်နေတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံခဲ့ရတာအပါအဝင် မြန်မာအစိုးရအနေနဲ့ သတင်းမီဒီယာတွေကို ပိတ်ဆို့တားဆီးတာတွေကိုလည်း Ms. Yanghee Lee က ဝေဖန်သွားပါတယ်။

“သတင်းမီဒီယာသမားတွေအနေနဲ့ သူတို့မြင်တွေ့တာတွေအပေါ် ရေးသားဖော်ပြ တာတွေကို တားမြစ်တယ်ဆိုတာဟာ၊ တနိုင်ငံလုံး တိတ်သွားအောင် ပါးစပ်ပေါက် ပိတ်လိုက်တာနဲ့အတူတူပါပဲ။ သတင်းထောက်တွေအနေနဲ့ သူတို့ မြင်တွေ့သမျှ ရေးသားဖော်ပြဖို့ဆိုတာ အင်မတန်ကို အန္တရာယ်ကြီးသွားစေပါတယ်။ အကျိုးဆက် ကတော့ အများပြည်သူကိုပါ ထိခိုက်မှာပါ၊ လွတ်လပ်စွာပြောဆိုခွင့် မရှိတော့တာပါ။”

မြန်မာအစိုးရဖက်ကတော့ ဒီ သတင်းထောက်နှစ်ဦးဟာ နိုင်ငံတော်လျှိ့ဝှက်အက်ဥပဒေကို ချိုးဖောက်ပြီး တရားမဝင်သတင်းရယူလို့ ဖမ်းဆီးတယ်လို့ အကြောင်းပြထားပါတယ်။ Ms.Yanghee Lee ကို ပြည်ဝင်ခွင့်မပေးပဲ သူနဲ့ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်မယ်လို့ မြန်မာအစိုးရက ကုလသမဂ္ဂကို အကြောင်းကြားထားတယ်ဆိုတဲ့ တချိန်တည်းမှာပဲ၊ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက လုပ်ခဲ့တဲ့ ကုလသမ၈္ဂအထွေထွေညီလာခံမှာတော့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ပြန်ထားရေး အပါအဝင် ရခိုင်မြောက်ပိုင်းကိစ္စနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။ မြန်မာကိုယ်စားလှယ်ဖက်ကတော့ ဒါဟာ တဖက်သတ်ဆန်ပြီး မြန်မာနိုင်ငံကို အခုလို ဖိအားပေးတာမျိုး လက်မခံဘူးလို့ တုန့်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG