သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနားနဲ့ ဒေါ်စု ရခိုင်အရေး ဆွေးနွေး


မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် သွားရောက်လေ့လာခဲ့သော စစ်တွေရှိ ဒုက္ခသည်စခန်း။
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် သွားရောက်လေ့လာခဲ့သော စစ်တွေရှိ ဒုက္ခသည်စခန်း။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေကို လေ့လာဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ဟာ ဒီကနေ့ မနက်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေနဲ့ လက်ရှိ မြန်မာ့ နိုင်ငံရေးအခြေအတွေကို ဆွေးနွေးခဲ့ပါတယ်။ မစ္စတာ ကင်တားနားဟာ မနက်ဖြန် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့ နေ့လည်ပိုင်းမှာ နေပြည်တော်ကို ခရီးဆက်သွားပြီ ဖြစ်ပါတယ်။ အပြည့်အစုံ ကိုတော့ ဘန်ကောက်ရောက် ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာ ဇွန်လအတွင်းဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းတွေကို ကိုယ်တိုင် လေ့လာ ဖို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ဒီကနေ့မနက် ၉ နာရီလောက်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တာပါ။

“အမနဲ့တော့ ဒီနေ့ သပ်သပ် တွေ့ခဲ့တယ်လေ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ကင်တားနားတို့ တွေ့ဆုံမှုကို ရန်ကုန်မြို့ ကုလသမဂ္ဂရုံး သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းက အတည်ပြု ပြောကြားခဲ့တာပါ။

သူတို့ ၂ ဦး တွေ့ဆုံချိန် စုစုပေါင်း ၁ နာရီခွဲလောက်ကြာပြီး ရခိုင်ပြည်နယ်အရေး၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးဖြစ်ခဲ့တယ် ဆိုတာကလွဲလို့ ဆွေးနွေးကြတဲ့ အကြောင်းအရာ အသေးစိတ် ကို နှစ်ဘက်စလုံးက ထုတ်ပြန် ကြေညာခြင်း မရှိပါဘူး။

နေ့လည်ပိုင်းမှာတော့ မစ္စတာ ကင်တားနားဟာ နေပြည်တော်ကို လေယာဉ်နဲ့ ထွက်ခွာသွားပြီး မနက်ဖြန် မှာ အစိုးရအရာရှိတွေနဲ့ တနေကုန် တွေ့ဆုံဖို့ စီစဉ် ထားတာပါ။ အစောပိုင်းမှာ မစ္စတာ ကင်တားနားနဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဖြစ်ကြမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့်လည်း သမ္မတနဲ့ တွေ့မယ် မတွေ့ဘူးဆိုတာကို သူတို့အနေနဲ့ အတည်ပြုလို့ မရသေးဘူးလို့ ဦးအေးဝင်းက ဆက်ပြောပါတယ်။

“ကျနော်တို့ အခုမှ နေပြည်တော် တက်မှာဆိုတော့ မနက်ဖြန် တွေ့မလား၊ မတွေ့မလား အသေအချာ မသိသေးဘူးဗျ။ Last minute ကျမှ ကျနော်တို့လည်း သိရမှာ။”

မစ္စတာ ကင်တားနားဟာ သူ့ရဲ့ ရခိုင်ပြည်နယ်ခရီးမစခင် တနင်္လာနေ့တုန်းကတော့ ရခိုင်ပြည်နယ် အတွင်း က လက်ရှိအခြေအနေတွေနဲ့ နောက်ခံ သမိုင်းကြောင်းတွေ သိရှိနိုင်ဖို့ သူနဲ့ လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ တယ်လို့ ALD ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ဗွီအိုအေကို ပြောပြပါ တယ်။

“လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ပြောပြီးပြီ-တဲ့။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြဿနာဖြစ်တဲ့အကြောင်းကို သူက ပြောပါတယ်။ အဲဒီတော့ ဒါဟာ တဘက်နိုင်ငံရဲ့ ပြဿနာ ဖြစ်တဲ့အကြောင်းကို ကျနော်က ပြန်ပြော ပါတယ်။ အထူးသဖြင့် သူက ပြောတာကတော့ လူ့အခွင့်အရေး ရှုဒေါင့်ကပေါ့။ ကျနော် ပြောတာကလည်း လူ့အခွင့်အရေးအနေနဲ့ လူသားချင်း စာနာ ထောက်ထားမှုတွေကတော့ ကျနော်တို့လည်း ရှိပါတယ်။ ဒါပေမဲ့ တဘက်နိုင်ငံက ဒီလို နည်းမျိုးစုံနဲ့ ဝင်လာပြီး လူဦးရေက အဆမတန် များလာပြီးတဲ့အခါ ကျတော့ မြန်မာနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာတယ်၊ ဒါတွေအတွက် ကျနော်တို့က လူ့အခွင့်အရေး စံတခုတည်းနဲ့ ကြည့်ရုံ မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံရဲ့လုံခြုံရေး၊ ပြည်ထောင်စုရဲ့ နယ်မြေပေါ်မှာ လူဦးရေအရ လွှမ်းမိုးလာမယ့် ကိစ္စတွေကိုလည်း ကျနော်တို့က စိုးရိမ်တကြီး ရှိတဲ့အကြောင်းကို ပြောပါတယ်။
အဲဒီမှာ သူက တခု မေးတာက - ဒီလူတွေဟာ လွတ်လပ်ရေး မရခင်ကတည်းက ရောက်နေတဲ့ လူတွေလို့ မထင်ဘူးလား-တဲ့။ ကျနော်က ပြောတယ်၊ လွတ်လပ်ရေး မတိုင်မီက ရောက်နေတဲ့သူတွေက နည်းပါ တယ်။ ဒီဘက်ပိုင်းမှာ နည်းမျိုးစုံနဲ့ ခိုးဝင်လာတဲ့သူတွေက အများကြီးပဲ-လို့၊”

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres နဲ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ တွေ့ဆုံ စဉ်က သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့တဲ့ စကားကို သူ့အနေနဲ့ ထောက်ခံကြောင်း မစ္စတာ ကင်တားနား ကို ပြောခဲ့တယ်လို့ ဦးအေးသာအောင်က ဆက်ပြောပြပါတယ်။

“ဒီလူတွေကို အမှန်ကတော့ သမ္မတကြီး ပြောသလို စစ်ဆေးရမယ်၊ အရေးယူရမယ်၊ တကယ်လို့ လက်ခံ မယ့် တတိယနိုင်ငံရှိရင် တတိယနိုင်ငံကို ပို့ရမယ်၊ အထူးသဖြင့် ကျနော့်အမြင်ကတော့ - ဒီလူတွေဟာ တဘက်နိုင်ငံက လာတဲ့လူတွေ ဖြစ်တဲ့အတွက်ကြောင့် တဘက်နိုင်ငံမှာ လုံးလုံးလျားလျား တာဝန်ရှိ တယ်၊ ပြန်လည် လက်ခံဖို့ သင့်တယ်လို့ ဒီလို တင်ပြပါတယ်။”

ALD ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင် ပြောပြခဲ့တာပါ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres နဲ့ တွေ့ဆုံစဉ် သမ္မတဦးသိန်း စိန် ပြောခဲ့တာကတော့ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေကို လက်ခံဖို့ မဖြစ်နိုင် တဲ့အကြောင်း၊ နောက်ဆုံး ဖြေရှင်းတဲ့နည်းလမ်းကတော့ အဲဒီလူတွေကို UNHCR လက်ထဲအပ်ပြီး ဒုက္ခသည်အဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမယ်ဆိုရင်လည်း ပို့ပေးမည်ဖြစ်ကြောင်း၊ ဒီကိစ္စကို ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နယ်စပ် ရေးရာ ဝန်ကြီးတို့ တိုင်ပင် ညှိနှိုင်းနေတဲ့အကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားဟာ နေပြည်တော်ကနေ စနေနေ့မှာ ရန်ကုန်မြို့ကို ပြန်လာမှာ ဖြစ်ပါတယ်။ သူ မြန်မာပြည်က ပြန်မထွက်ခင် စနေနေ့မှာပဲ သူ့ခရီးစဉ် အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သိရပါတယ်ခင်ဗျား။
XS
SM
MD
LG