သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား ၇၅ ယောက် နုတ်ထွက်ခွင့်ပေးတာ ကုလ ကြိုဆို


၂၀၁၃ ခုနှစ်က တပ်ပြေး ကလေးစစ်သားတဦး သူ ရက်ပေါင်းများစွာ ပုန်းအောင်းခဲ့ရာ သစ်ပင်များကို ပြန်လည်ပြသနေစဉ်။
၂၀၁၃ ခုနှစ်က တပ်ပြေး ကလေးစစ်သားတဦး သူ ရက်ပေါင်းများစွာ ပုန်းအောင်းခဲ့ရာ သစ်ပင်များကို ပြန်လည်ပြသနေစဉ်။

မြန်မာ့တပ်မတော်တွင်းက ကလေးသူငယ်နဲ့ လူငယ် ၇၅ ယောက်ကို သောကြာနေ့မှာ တပ်ကနေ နုတ်ထွက်ခွင့်ပေးလိုက်တဲ့ အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က ကြိုဆိုတဲ့အကြောင်း သောကြာနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲ အတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ မစ္စတာ Dujarric က ပြောသွားပါတယ်။

“ကလေး ၇၅ ယောက်ကို ထွက်ခွင့်ပေးလိုက်တဲ့အပေါ် ကလေးသူငယ်မျာနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Virginia Gamba က ကြိုဆိုပါတယ်။ ဒါဟာ နိုင်ငံမှာ ကလေးငယ်တွေကို အကာ အကွယ်ပေးမှု အားကောင်းစေဖို့ရာ အရေးကြီးတဲ့အဆင့်တဆင့်လို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့မေလက မြန်မာနိုင်ငံကို သူ သွားပြီး အရွယ်မရောက်သေးသူအားလုံးကို တပ်ကထွက်ခွင့်ပေးဖို့၊ ရခိုင်၊ ရှမ်းနဲ့ ကချင် ပြည်နယ်တွေကို ကုလသမဂ္ဂကို သွားခွင့် ပြုဖို့နဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပြဌာန်းဖို့ အလေးအနက် တိုက်တွန်း ပြောဆိုခဲ့ပြီးတဲ့နောက် အစိုးရဘက်က အပေါင်းလက္ခဏာဆောင် လုပ်ဆောင်မှုတွေ ရှိလာတဲ့အပေါ် အားတက်မိတယ်လို့ သူကပြောပါတယ်။ တပ်မတော်တွင်းမှာ ကျန်နေသေးတဲ့ ကလေးတွေအားလုံးကို ထွက်ခွင့်ပေးဖို့နဲ့ ကုလသမဂ္ဂနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ်” လို့ ပြောခွင့်ရ Dujarric ကပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သီးခြား လွတ်လပ်သော အချက်အလက် ရှာဖွေရေးမစ်ရှင်ရဲ့ အစီရင်ခံစာမှာပြောထားတဲ့ ကုလသမဂ္ဂအနေနဲ့ လုပ်ဆောင်ရမယ့်ကိစ္စတွေအပေါ် လေ့လာနေတယ်လို့လည်း အဲဒီ သတင်းစာရှင်းလင်းပွဲ အတွင်းမှာ ပဲ ပြောခွင့်ရက ပြောပါတယ်။

“အစီရင်ခံစာကို ကျနော်တို့ဖတ်ပြီးပြီဖြစ်ပြီး ဆက်လေ့လာသွားမှာဖြစ်ပြီးတော့ တခုခုလုပ်ဖို့ ဖြစ်လာနိုင်ခြေရှိပါတယ်။ လက်ရှိမှာ တော့ ဒီအခြေအနေမှာ ကျနော်တို့ရှိနေပါတယ်” လို့ ကုလသမဂ္ဂ ဘက်က ဘာလုပ်နေပြီလဲဆိုတာကိုမေးတဲ့ သတင်းထောက်ရဲ့ မေးခွန်းကို မစ္စတာ Dujarric က ပြန်ဖြေသွားတာပါ။

ဒီအစီရင်ခံစာအပေါ် အတွင်းရေးမှူးချုပ်ရုံးအနေနဲ့ အလေးအနက်သဘောထားပြီး လာမယ့် စက်တင်ဘာလကျရင် လူ့အခွင့် အရေးကောင်စီမှာ ဒီအစီရင်ခံစာ တင်သွင်းမယ့်အချိန်ကို စောင့်နေတယ်လို့လည်း ပြောခွင့်ရကပြောပါတယ်။ မြန်မာနိုင်ငံခြားရေးဌာနကတော့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာဟာ ရခိုင်ပြည်နယ်နဲ့ နိုင်ငံတဝန်းမှာ စိတ်ဝမ်းကွဲမှုနဲ့ အယုံအကြည်ကင်းမဲ့မှုတွေကိုသာ ပိုမိုဖြစ်ပေါ်စေမှာကို မြန်မာအစိုးရအနေနဲ့ ဝမ်းနည်းဖွယ်ရာ တွေ့ရှိရတဲ့ အကြောင်း သြဂုတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG