သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက်မပြည့်ကလေးငယ်များ ဖမ်းခံရသူ ရာဂဏန်းရှိနေ


မြဝတီရုပ်သံက ဧပြီ ၁၈၊ ၂၀၂၁ က ထုတ်လွှင့်တဲ့သတင်းဓာတ်ပုံ။ (AAPP ရဲ့ပြုစုထားတဲ့စာရင်းတွေအရ အဲဒီအချိန်မှာ အဖမ်းခံရသူ ထောင်နဲ့ချီရှိနေပြီး အသက်မပြည့်သေးတဲ့ကလေးတွေ ၇၈ ဦးပါဝင်ကြောင်း ဖော်ပြထားပါတယ်။)
မြဝတီရုပ်သံက ဧပြီ ၁၈၊ ၂၀၂၁ က ထုတ်လွှင့်တဲ့သတင်းဓာတ်ပုံ။ (AAPP ရဲ့ပြုစုထားတဲ့စာရင်းတွေအရ အဲဒီအချိန်မှာ အဖမ်းခံရသူ ထောင်နဲ့ချီရှိနေပြီး အသက်မပြည့်သေးတဲ့ကလေးတွေ ၇၈ ဦးပါဝင်ကြောင်း ဖော်ပြထားပါတယ်။)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း အသက်မပြည့်သေးတဲ့ကလေးငယ်တွေ ရာဂဏန်း ဖမ်းဆီးထိမ်းသိမ်းခံထားရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့ အကြမ်းဖက်မှုဥပဒေတွေနဲ့ တရားစွဲဆိုခံနေရတယ်လို့ အကူအညီပေးနေတဲ့ရှေ့နေတွေက ပြောပါတယ်။ အဖမ်းခံရတဲ့ကလေးတွေဟာ ညှင်းပမ်းနှိပ်စက်ခံရတာအပြင် မိသားစုနဲ့ပါတွေ့ဆုံခွင့်မရတာ စတဲ့ ကလေးသူငယ်အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့လည်း သိရပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြလူငယ်တွေကို အကြမ်းဖက်ဖမ်းဆီးတာအပြင်၊ နောက်ပိုင်းမှာတော့ ဗုံးကွဲမှုတွေ လက်နက်မှုတွေနဲ့ပါ ဆက်စပ်ပြီး အဖမ်းအဆီးတွေ ဆက်တိုက်ရှိနေတဲ့အထဲ အသက်မပြည့်သေးတဲ့ကလေးငယ်တွေပါ ပါဝင်နေတာပါ။ မြန်မာနိုင်ငံ ကလေးသူငယ်ဥပဒေအရဆိုရင် အသက် ၁၈ နှစ်အောက်အရွယ်ကို အသက်မပြည့်သေးတဲ့ကလေးဆိုပြီး သတ်မှတ်ချက်ရှိပါတယ်။ အခုဖမ်းဆီးခံထားရတဲ့ကလေးအများစုဟာ ဥပဒေပါ ကလေးသူငယ်အခွင့် အရေးကို ခံစားခွင့်မရတဲ့အပြင် ကြီးလေးတဲ့ပြစ်မှုတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ အကူအညီပေးနေတဲ့ ရှေနေတဦးက ဗွီအိုအေကို ပြောပါတယ်။

“လက်ရှိကတော့ ကျနော်တို့ကြည့်တာက သင်တန်းကျောင်းတွေမှာကလေးတွေများလာတယ်။ ဖမ်းဆီးခံရတဲ့ကလေးတွေများလာတယ်။ ကလေးတွေလည်း တော်တော်ကြာနေပြီ။ ချုပ်ထားတာ။ အမှုတွေကလည်းမစစ်နိုင်ဘူး။ ကလေးတွေ အမှုတော်တော်များများ တွေ့နေရတာက ကလေးတွေကို အရင်လို ပြန်လွှတ်တာမရှိတော့ဘဲနဲ့ စွဲချက်တွေတင်ပြီး အမှုရင်ဆိုင်ခိုင်းတာ တွေ့နေရတယ်။ မိဘဆီအပ်တာနည်းလာပြီး ကလေးတွေကိုစွဲချက်တင် အမှုစစ်တယ်ပေါ့လေ။ ကျောင်းတွေမှာလည်း မိဘတွေနဲ့ တွေ့ခွင့်မရသေးဘူး၊ ခုချိန်ထိတော့။ တချို့ အစား အသောက်တောင်ပေးပို့လို့ ကောင်းကောင်းမရတာ တွေ့ရတယ်။ ခုကျတော့ ကလေးတွေကို ၆(၁) ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးတာတို့၊ ၁၉-က နိုင်ငံတော်ပုန်ကန်မှု လက်နက်မှုတွေနဲ့စွဲတာရှိတယ်။ လုယက်တာဘာညာတွဲစွဲတယ်။ ခု နောက် ပိုင်းဆို ဘာတွေပါလဲဆို ဖောက်ခွဲရေးနဲ့ဆိုင်တာပါစွဲလာတယ်။ တချို့ကျ မတရားအသင်းဆက်သွယ်မှုတို့၊ ပုံမှန် ကျနော်တို့ ရာဇသတ်ကြီးကဟာတွေ မဟုတ်ဘဲနဲ့ အထူးဥပဒေတွေနဲ့စွဲလာတာများလာတယ်။”

သူတို့တွေကို လက်ရှိမှာ ရန်ကုန်၊မန္တလေး တိုင်းအတွင်းမှာရှိတဲ့ လူငယ်လေ့ကျင့်ရေးစခန်းကျောင်းတွေမှာ ထိန်းသိမ်းထားပါတယ်။ တခြားဒေသတွေမှာတော့ သီးခြားခွဲ ထိန်းသိမ်းတာမျိုး ရှားပြီး၊ ရဲအချုပ်ခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ အဲဒီရှေ့နေကပြောပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်ဖို့၊ သူတို့နဲ့ ဆက်နွယ်တဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဓါးစားခံသဘော ဖမ်းဆီးထားတာတွေရှိတယ်လို့လည်း ရှေ့နေကပြောပါတယ်။ လက်ရှိလူငယ်လေ့ကျင့်ရေးစခန်းကျောင်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ ကလေးတွေဟာ ညှင်းပမ်းနှိပ်စက်ခံရတာမျိုးတွေ ကြုံနေရတယ်လို့လည်း သူက ပြောပါတယ်။

“ဖမ်းဆီးကတည်းက ကလေးတွေက ဥပဒေချိုးဖောက်ဖမ်းခံခဲ့ရတာ။ ထုထောင်း တယ်၊ သေနတ်နဲ့ပစ်ဖောက်ဖမ်းခံရတာတွေရှိတယ်။ ပြီးရင်ခေါင်းတွေနဲ့ကားတွေနဲ့ ဆောင့်တယ်။ ပြီးရင် သေနတ်ဒင်နဲ့ လည်ပင်းကိုဖိတယ်။ အသက်ရှူကြပ်မှ လွှတ်ပေးတယ်။ အဲဒါဖမ်းဆီးချိန်က။ အထဲရောက်တော့လည်း အရိုက်ခံရတယ်။ တချို့ဆို တင်ပါးတွေကို အပြင်ကကော်ပိုက်၊ အထဲမှာတော့ ဝါးလုံးကိုထည့်ရိုက် တာမျိုးတွေ၊ အဲလိုရိုက်တာရှိသလို တချို့ကျ ရှာဖွေပုံစံတွေမှာ လက်မှတ်တွေကို ဖမ်းဆီးချိန်မှာမထိုးဘဲ အချုပ်ထဲရောက်မှထိုးခိုင်းတယ်။ဘာကြောင့်ထိုးခိုင်းလဲ ဆိုတာကလေးတွေကမသိဘူး။ ဒါမျိုးတွေအများကြီးကြုံရတယ်။ ကလေးနဲ့ လိုက်လျောညီထွေရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ မေးနေတာမဟုတ်ဘူး။ ဖမ်းကတည်းကနေ အကုန်လုံးက ကလေးသူငယ် အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ အပြည့်အဝ မရဘဲ ချိုးဖောက်ခံရတာဘဲ တွေ့နေရတယ်။ ကလေးတွေ စိတ်တွေ ပင်ပန်းနေတာတွေ့ရတယ်။ စိတ်ဓါတ်ကျနေတာမျိုးတွေပေါ့။ ကြာလာတော့ ရုံးလည်းထွက်မရ အိမ်ကမိဘနဲ့လည်းတွေ့ခွင့်မရ။ တချို့ကလေးတွေဆို စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေရှိတယ်။ တချို့ကလေးတွေက အရမ်းကြောက်နေတယ်။ အရမ်းကြောက်လန့်နေတဲ့အခါကျတော့ စိတ်ပိုင်းဆရာဝန်တွေနဲ့ ကုသဖို့လိုနေတာတွေရှိတယ်။ ကုသမှုကလည်းကောင်းကောင်းမရဘူး။”

အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ဓားစားခံအနေနဲ့ဖမ်းဆီးနေမှုတွေက စစ်ကောင်စီအနေနဲ့ ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်သလို နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) ကိုပါချိုးဖောက်နေတာဖြစ်တယ်လို့ တက်ကြွလှုပ်ရှား သူတွေက ထောက်ပြကြပါတယ်။

ကုလ ကလေးအခွင့်အရေးကော်မတီရဲ့ ဇူလိုင်လအတွင်း ထုတ်ပြန်ချက်အရဆိုရင်တော့ စစ်တပ်ကအာဏာသိမ်းပြီးနောက် လုံခြုံရေးတပ်တွေရဲ့ လက်ချက်နဲ့ အသက်မပြည့်တဲ့ကလေး ၇၅ ဦးသေဆုံးပြီး တထောင်နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ လူငယ် သင်တန်းကျောင်းတွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ပြန်လည် တုံ့ပြန်ဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။

စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့သူတွေထဲက အသက်မပြည့်သေးသူ အများစုဟာ ရန်ကုန်၊ မန္တလေးက ဖြစ်ပြီး ပဲခူး၊ ပြည် စတဲ့မြို့လေးတွေမှာလည်း ဖမ်းခံရမှုတွေရှိပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ကလေးသူငယ်များ အခွင့်အရေး ကာကွယ်မှုသဘောတူညီချက် CRC ကို လက်မှတ်ထိုးထားသလို ပြည်တွင်းမှာလည်း ကလေးသူငယ်ဆိုင်ရာ ဥပဒေပြဌာန်းချက်ရှိပါတယ်။ အခု ဖမ်းဆီးစစ်ဆေးမှုတွေဟာ ဒီ ဥပဒေတွေကို ချိုး ဖောက်တာပဲလို့ ဥပဒေကျွမ်းကျင်သူတွေက ယူဆပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ထုတ်ပြန် ချက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းမှာ ဖမ်းဆီးခံရသူ အယောက် ၁သောင်း ကျော်ရှိပြီး အဲ့ထဲကမှ အယောက် ၅၀၀ ကျော်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။ ဖမ်းဝရမ်း ထုတ်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေရသူ အယောက် ၂,၀၀၀ နီးပါး ရှိနေတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အတွက် စစ်တပ်ကအကြမ်းဖက် ဖြိုခွင်း ရာမှာ သေဆုံးသူနဲ့စစ်ကြောရေးမှာ စစ်ဆေးခံရပြီး သေဆုံးခဲ့သူဦးရေဟာ ၂,၀၀၀ နီးပါးရှိပြီး အဲ့ဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်နေတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ AAPP ရဲ့ စာရင်းဟာ ချဲ့ကားလွန်းတယ်လို့ တုံ့ပြန်ဖူးပါတယ်။

=========

[[Unicode]]












#MyanmarViolence #MyanmarProtest #ChildRights #VOABurmese


=========

XS
SM
MD
LG