သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNODC နဲ့ မြန်မာအစိုးရ မူးယစ်ဆေးနဲ့ မှုခင်းတိုက်ဖျက်ရေး သဘောတူလက်မှတ်ထိုး


မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းက ဘိန်းစိုက်ခင်း။
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းက ဘိန်းစိုက်ခင်း။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းဆိုင်ရာရုံးက ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေကြား မြန်မာနိုင်ငံစီမံကိန်းဆိုင်ရာ သဘောတူညီမှု တစ်ခုကို နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ လေးနှစ်စီမံံကိန်းအဖြစ်လျာထားတဲ့ မြန်မာနိုင်ငံ စီမံကိန်းထဲမှာ နိုင်ငံဖြတ်ကျော ်မှုခင်းတွေနဲ့ မူးယစ်ဆေးဝါးအရေးကိစ္စတွေ ပါဝင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

နိုင်ငံဖြတ်ကျော် မှုခင်းကိစ္စ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိစ္စ၊ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးကိစ္စ ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကုလသမဂ္ဂအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ UNODC နဲ့ မြန်မာအစိုးရတို့အကြား ၄ နှစ် စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့ လက်မှတ်ရေးထိုးလိုက်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်းဌာန ဌာနမှူး ရဲမှူးကြီး ဦးအောင်ဌေးမြင့်က ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ National Power ပေါ့၊ နိုင်ငံ့စွမ်းအားတစ်ခု ဖြစ်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ အဓိကလိုအပ်မယ်လို့ ယူဆတဲ့၊ UNODC ကလည်း လုပ်ပေးနိုင်မယ်လို့ ယူဆတဲ့အချက်တွေထဲကနေပြီးတော့မှ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စဖြစ်တယ်၊ အဲဒီ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့နေရာမှာ ကျနော်တို့ နယ်ပယ်ငါးခုကို အကြမ်းဖျင်း သတ်မှတ်ထားတာပေါ့နော်။ အဲဒီနယ်ပယ်တွေကတော့ နိုင်ငံဖြတ်ကျော်မှုခင်းနဲ့ မှောင်ခို ကူးသန်း ရောင်းဝယ်မှုတွေပေါ့၊ Trans National Organized crimes and Illicit trafficking ဆိုတဲ့ ကဏ္ဍတခုပါတယ်။ နောက်ပြီးတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပေါ့ ၊ Anti corruption တခု ပါတယ်။ နောက်ပြီးတော့ မှုခင်းဆိုင်ရာ တရားစီရင်ရေး ဆိုပြီးတော့ Criminal Justice ဆိုပြီးတော့ တခုပါတယ်။ နောက် မူးယစ်ဆေးဝါးနဲ့ ကျန်းမာရေးုလို့ခေါ်တဲ့ Drug and Health လို့ပါတယ်။ နောက်ဆုံး နံပါတ်ငါးအချက်ကတော့ Sustainable Live hood and Development ပေါ့၊ ကျနော်တို့လူမျိုး ဒေသခံလူတွေ လူနေမှုဘဝမြှင့်တင်ရေး ရေရှည်တည်တံ့ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ဟာပေါ့- အဲဒီကဏ္ဍငါးခုကို ကျနော်တို့ UNODC နဲ့ ပူးပေါင်း ဆောင်ရွက်ပါမယ် ဆိုပြီးတော့ လက်မှတ်ထိုးလိုက်တာ။”

မြန်မာအစိုးရ နဲ့ UNODC တို့ အကြား အခုလို လက်မှတ်ရေး ထိုးတာဟာ အထက်ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံအတွင်း က ပြသနာတွေ ကို အတူပေါင်းလုပ်ဖို့ အတွက် ရည်ရွယ်တယ်လို့လည်း မနေ့က အခမ်းအနားမှာ UNODC ရဲ့ ကိုယ်စားလှယ် ဂျယ်ရမီဒေါက်ကလပ်က ပြောခဲ့ကြောင်း UNODC က သတင်းထုတ်ပြန်ပါတယ်။ မြန်မာအစိုးရနဲ့ UNODC တို့ အခုလို ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စ အခုမှ တရားဝင်လက်မှတ်ရေးထိုးတာဖြစ်ပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ပူးပေါင်း ဆောင်ရွက်နေတာလို့ နှစ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။

မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ စီမံကိန်း အစီအစဉ်တွေထားပြီး ဒီနှစ်ကစလို့ မြန်မာဘက်ကလည်း ပြင်ဆင်နေပြီလို့ ရဲမှူးကြီး ဦးအောင်ဌေးမြင့်က ပြောပါတယ်။

“UNODC နဲ့က လက်မှတ်ကတော့ အခုမှ ထိုးလိုက်တာပဲ၊ လက်မှတ်မထိုးခင် အခြေအနေတုန်းကတော့ ဒါတွေနဲ့ပတ်သက်ပြီး စပြီးလုပ်နိုင်အောင် ကျနော်တို့ Expert တွေနဲ့ခေါ်ပြီး Workshop လေးတွေ လုပ်ပေးတာ ရှိတယ်။ ရဲဆိုလို့ရှိရင်လည်း ရဲက တပ်ဖွဲ့ဝင်တွေတချို့ Workshop တွေ တက်ခိုင်းတယ်၊ Capacity training လေးတွေ ပေးတာ ရှိတယ်။ အဲဒီတုန်းကတော့ ထိထိရောက်ရောက် မပေးနိုင်ဘူးပေါ့နော်၊ နည်းနည်းပါးပါး စတော့ စခဲ့ပြီ။ ဒါကြီးကို awareness စပေးပြီ၊ လုပ်ပြီ၊ အခုကတော့ လက်မှတ်ထိုးပြီးပြီဆိုတဲ့အခါကျတော့ သူတို့က ပရောဂျက်အနေနဲ့ဝင်လာမယ်၊ ကျနော်တို့ကလည်း လုပ်ငန်းတခုချင်းအလိုက် Work Plan တွေဆွဲရတော့မှာပေါ့။ Work plan တွေမှာ ဘာလိုချင်တယ်၊ ဘာတွေဖြစ်မှ ရမယ် စသဖြင့်ပေါ့- ကျနော်တို့ ပိုပြီးလုပ်နိုင်တာပေါ့နော်။”

တိုင်းပြည်တစ်ခုမှာ အရေးကြီးတဲ့ စီမံကိန်း ၅ ခုကို ဆောင်ရွက်တဲ့နေရာမှာ ကြုံတွေလာနိုင်မဲ့ စိန်ခေါ်မှုတွေကတော့ မြန်မာနိုင်ငံအတွင်းက ဥပဒေတချို့ကို ဒီမိုကရက်တစ် စံနှုန်းတွေနဲ့အညီ ပြင်ဆင်နိုင်ဖို့အပိုင်းနဲ့ ဒီကိစ္စတွေကို ပြည်သူသိအောင် အသိပညာပေးမှုအပိုင်းတွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့ စတာတွေ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

“Challenges တွေကတော့ ရှင်းရှင်းပြောရလို့ရှိရင် ကျနော်တို့လက်ရှိသွားနေတာကတော့ သိတဲ့အတိုင်း တကယ့် ဒီမိုကရက်တစ် transitional period - period ဆိုတဲ့အချိန်မှာ ကျနော်တို့ဆီမှာ ဒါတွေကို လုပ်နိုင်ကိုင်နိုင်ဖို့က အဓိကအားဖြင့် ကျနော်တို့ရဲ့ Rules တွေ၊ Laws တွေဟာ ဒီမိုကရေစီစံတွေနဲ့ ညီဖို့ လိုတာပေါ့။ တချို့ဟာတွေ မပြင်နိုင်သေးဘူးပေါ့နော်၊ မပြင်နိုင်သေးဘူး။ အဲဒါတွေကလည်း လုပ်ထုံးလုပ်နည်းတွေအရ ကျနော်တို့ရဲ့ Challenges တွေ ဖြစ်မှာပေါ့။ Challenges တပိုင်း၊ နောက်တခုက ဘာလဲဆိုတော့ ဒါတွေနဲ့ပတ်သက်လို့ လုပ်ဖို့လိုတာက ကျနော်တို့ ဝန်ထမ်းတွေကတော့ ဦးဆောင်ပြီး စလုပ်ရတယ်ဆိုပေမယ့် အောက်က ပြည်သူကသိဖို့လိုတယ်။ ပြည်သူတွေက ဒါတွေကို သဘောပေါက်ဖို့လိုတယ်။ ပြည်သူတွေ သဘောပေါက်အောင် ပြောတဲ့ဥစ္စာက ကျနော်တို့ရဲ့ challenge ပဲပေ့ါနော်။”

မြန်မာအစိုးရနဲ့ UNODC တို့အကြား အခု ဆောင်ရွက်တဲ့ စီမံကိန်းဟာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ဖြစ်ပြီးတော့ နောက်ပိုင်းမှာ မြန်မာနိုင်ငံအနေနဲ့ UNODC နဲ့ ဆက်စပ်ပြီး အရှေ့တောင်အာရှ ဒေသဆိုင်ရာ စီမံကိန်းတွေမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်လို့လည်း ပြောဆိုထားကြပါတယ်။

မြန်မာအစိုးရဘက်က အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ဒုဝန်ကြီး ဒေါက်တာ လဲ့လဲသိန်းနဲ့ အရှေ့တောင်အာရှ ပစိဖိတ် ဒေသဆိုင်ရာ UNODC ကိုယ်စားလှယ် မစ္စတာ ဂျရမီဒေါက်ကလပ်တို့က မနေ့တုန်းက နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG