သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်း - ပလောင် ပဋိပက္ခ UNFC ညှိမည်


UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အရေးပေါ် အစည်းအဝေး၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ ( ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆) သတင်းဓာတ်ပုံ- Credit to Network Media Group။
UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အရေးပေါ် အစည်းအဝေး၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ ( ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆) သတင်းဓာတ်ပုံ- Credit to Network Media Group။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ UNFCခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီကနေ လက်ရှိ စစ်ရေးတင်းမာနေ ဆဲဖြစ်တဲ့ တောင်ပိုင်း ရှမ်းပြည် တပ်မတော်နဲ့ TNLA တအာင်း၊ ပလောင်တပ်ဖွဲ့တို့ အကြား ပစ်ခတ်တိုက်ခိုက် ရပ်ဆဲနိုင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်း ဆောင်ရွက် သွားဖို့ ထိုင်းနိုင်ငံ အတွင်းမှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကနေ အရေးပေါ်အစည်းအဝေး ခေါ်ယူရတဲ့ အကြောင်းအရင်းကိုတော့ အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက အခုလို ပြောပါ တယ်။

" ဒီ RCSS နဲ့ ပလောင် TNLA လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတဲ့အနေအထားကို ဒါကို ဝိုင်းဝန်းပြီးတော့မှ ကြားဝင် ညှိနှိုင်းဖြေရှင်းသွားဖို့ပေါ့လေ။ လက်ရှိပြောင်းလဲလာတဲ့ အခြေအနေအပေါ်မှာ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ဖို့ပေါ့လေ။ အဲ့တာကို အစည်းအဝေး ခေါ်တာပါ။"

လက်ရှိမှာ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့တဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSAနဲ့ UNFC အဖွဲ့ဝင် တအာင်း ပလောင်အဖွဲ့တို့ အကြားမှာ စစ်ရေး ပဋိပက္ခတွေ ပြင်းထန်စွာ ဖြစ်ပွါးနေပါတယ်။

ပြီးခဲ့တဲ့ ဇန်ဝါရီလတုန်းက UNFC တာဝန်ရှိသူတွေနဲ့ တောင်ပိုင်း ရှမ်းပြည် တပ်မတော်ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် တို့ စစ်ရေး အရှိန်လျော့ချနိုင်ရေး အတွက် ပဏာမ တွေ့ဆုံဆွေးနွေးပြီးခဲ့ပေမဲ့ တအာင်းပလောင် တပ်ဖွဲ့ နဲ့တော့ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။

အခု ကျင်းပမယ့် UNFC အစည်းဝေး အပြီးမှာ တအာင်းပလောင်တပ်ဖွဲ့ တာဝန်ရှိသူတွေ နဲ့ အပစ်ရပ်နိုင်ရေး အတွက် ဆွေးနွေးသွားမယ်လို့ နိုင်ဟံသာက အခုလို ပြောပါတယ်။

"ပလောင်ဘက်က ခေါင်းဆောင်တွေက ဒီဘက်ကိုရောက်တာ မကြာသေးဘူးလေ။ အဲ့တော့ ကျနော်တို့ကတော့ RCSS ခေါင်းဆောင်တွေနဲ့ တွေ့နေတာကြာပြီ။ အခုလည်း တွေ့ဆုံညှိနှိုင်းဖို့ပေါ့လေ။ သူတို့လည်း သဘောတူလက်ခံထားတဲ့ အနေအထားရှိတဲ့အပေါ်မှာ ဒီအစည်းအဝေးပြီးရင် နှစ်ဘက်စလုံးနဲ့ ဆက်သွယ်ပြီးတော့ ကျနော်တို့ အချိန်ကို ရွေးရမှာဖြစ်တယ်။"

တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSAနဲ့ တအာင်း၊ ပလောင်တပ်ဖွဲ့တို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်မှာ နယ်မြေပိုင်ဆိုင်မှုကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလကနေ ယခုအချိန်အထိ စစ်ရေးတင်းမာနေခဲ့ကြတာပါ။

ဒီဖေဖေါ်ဝါရီလ(၇)ရက်နေ့က ဖေဖေါ်ဝါရီ(၁၇)ရက်နေ့အထိတော့ ရက်ဆက်ဆိုသလို တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးလာခဲ့ ပါတယ်။ နှစ်ဖက်တပ်ဖွဲ့တွေ အကြားဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက နမ့်ခမ်း၊ ကျောက်မဲ ဒေသခံ ကျေးရွာသား (၃၀၀၀)ကျော်ဟာ ဒုက္ခသည်တွေအဖြစ် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

တောင်ပိုင်း ရှမ်းပြည်တပ်မတော်နဲ့ တအာင်းပလောင်တပ်ဖွဲ့တို့ စစ်ရေးရပ်တန့်နိုင်ရေး အတွက် ရှမ်းပြည်ညီညွှတ်ရေးအဖွဲ့ ရဲ့ ညှိနှိုင်းရေး ကော်မီတီတွေနဲ့ UNFCခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့တွေက နေ ဆက်လက် ကြိုးပမ်းသွားကြမှာဖြစ်ပါတယ်။

၃ရက်ကြာ ကျင်းပမယ့် UNFC အစည်းအဝေးမှာ တောင်ပိုင်း ရှမ်းပြည်တပ်မတော်နဲ့ တအာင်းပလောင်တပ်ဖွဲ့တို့ အကြား တိုက်ပွဲ ရပ်တန့်နိုင်ရေး အစိုးရသစ် လက်ထက် မှာ ငြိမ်းချမ်းရေး နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ရေး ကိစ္စရပ်တွေ အတွက် ဆွေးနွေး သွားမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကနေ အစိုးရဖွဲ့နိုင်ပြီး ဆိုပေမဲ့ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်ရဲ့ သဘောထား တင်းမာနေဆဲ အနေအထားကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပိုင်းတွေမှာ ခက်ခဲနေဦးမယ် လို့လည်း UNFC ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက အခုလို ပြောပါ တယ်။

" လက်ရှိ တပ်မတော် ရဲ့ ရပ်တည် ပုံစံအတိုင်းဆိုရင်တော့ သိပ်တော့ မလွယ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ ဒို့ကတော့ စားပွဲခုံပေါ်မှာ ညှိနှိုင်းပြီးတော့ ဖြေရှင်းချင်တယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် လက်ရှိ ဗမာ့တပ်မတော်ကိုလည်း ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ပုံစံမျိုး ပြောင်းဖို့လိုတယ်။ နိုင်ငံရေး အာဏာကို ချုပ်ကိုင်ထားတဲ့ အနေအထားမျိုးကိုတော့ ဒို့လည်း လက်မခံနိုင်ဘူး။"

ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာ စတင်ကျင်းပတဲ့ UNFC အစည်းအဝေးကို အစိုးရနဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး သဘောတူ စာချူပ် NCA လက်မှတ် မရေးထိုးကြရသေးတဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီNMSP၊ ရခိုင်အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက် တစ်ပါတီLDP၊၀ အမျိုးသား အဖွဲ့ ချူပ် WNO၊ ပလောင်ပြည်လွတ်မြောက်ရေး တပ်ဦး PSLF၊ မြန်မာအမျိုးသားဒီမိုက ရေ စီမဟာမိတ်အဖွဲ့ MNDAA စတဲ့ အဖွဲ့ခေါင်းဆောင်တွေကနေ တက်ရောက် ခဲ့ကြပါတယ်။

XS
SM
MD
LG