သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာကို သန်းခေါင်စာရင်းမှာ ချန်လှပ်မှု UNFPA ဝေဖန်


ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ဘုမေရွာမှာ သန်းခေါင်စာရင်း ကောက်ခံနေစဉ်။
ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ဘုမေရွာမှာ သန်းခေါင်စာရင်း ကောက်ခံနေစဉ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း သန်းခေါင်းစာရင်းကောက်ခံရာမှာ ရိုဟင်ဂျာလူမျိုး အမည် မထည့်ရဆိုတဲ့ အစိုးရရဲ့ ညွှန်ကြားချက်ဟာ ရှိပြီးသား သဘောတူညီချက်ကို သွေဖီတာအပြင်၊ နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့လည်း ကွဲလွဲမှုဖြစ်စေတယ်လို့ UNFPA ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့က ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံကို ရန်ကုန် ဗွီအိုအေရုံးခွဲကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ အခု လူဦးရေသန်းခေါင်စာရင်း ကောက်ခံမှုကို UNFPA ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ကနေ ငွေကြေးနဲ့ နည်းပညာဆိုင်ရာ အကူအညီ အထောက်အပံ့တွေ ပေးခဲ့တာပါ။ အခု ရခိုင်မှာဖြစ်ခဲ့တဲ့ အစိုးရညွှန်ကြားချက်ကို UNFPA အနေနဲ့ လက်မခံနိုင်ဘူးဆိုတာ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ UNFPA ကြေညာချက်မှာ တွေ့လိုက်ရပါတယ်။

ရိုဟင်ဂျာလူမျိုး တပ်မယ်ဆိုရင် သန်းခေါင်စာရင်း ကောက်ခံမှု မလုပ်ဘူးဆိုတဲ့ အစိုးရညွှန်ကြားချက်ကြောင့် သန်းခေါင်စာရင်း ကောက်ခံမှုလုပ်ငန်းတွေကို ထိခိုက်လာမှာ သူတို့ စိတ်ပူမိတယ်လို့ UNFPA ရန်ကုန်ရုံး ပြောခွင့်ရသူ William A. Ryan က ပြောပါတယ်။

“သန်းခေါင်စာရင်း ကောက်ခံတဲ့နေရာမှာ လူမျိုးနေရာမှာ ရိုဟင်ဂျာလို့ အမည်ပေးလိုတဲ့သူတွေကို ခွင့်မပြုဘူးဆိုတဲ့ မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကျနော်တို့ UNFPA အနေနဲ့ အတော်ကြီးကို စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ သဘောတူထားချက်မှာ နိုင်ငံတကာမှာ သန်းခေါင်စာရင်း ကောက်ခံမှု စံနှုန်းစံထားတွေနဲ့ လူ့အခွင့်အရေး စံနှုန်းစံထားတွေအတိုင်း ဆောင်ရွက်ပါ့မယ်ဆိုပြီး အစိုးရက ကတိပြုထားတာပါ။”

မြန်မာနိုင်ငံမှာ လူမျိုးနွယ်စု ၁၃၅ မျိုးရှိတယ်ဆိုပြီး အစိုးရက သတ်မှတ်ထားတာမို့ အခု သန်းခေါင်စာရင်း ကောက်ခံရာမှာ အဲဒီလူမျိုး ၁၃၅ မျိုးကို အခြေခံ ယူထားတာပါ။ ဒါပေမဲ့လည်း ကိုယ်ဟာ အဲဒီစာရင်းထဲမှာ ပါဝင်တဲ့ လူမျိုးမဟုတ်ဘူးဆိုရင်လည်း၊ မိမိလူမျိုးအမည်ကို အခြားဆိုတဲ့ နေရာမှာ ဖြည့်စွက်နိုင်တယ်ဆိုပြီး သန်းခေါင်စာရင်း မတိုင်ခင်ကတည်းက မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်ကရော UNFPA ဘက်ကပါ ပညာပေး အသိပေးထားကြတာပါ။

ဒါပေမဲ့လည်း ဒီမတိုင်ခင်မှာပဲ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာဆိုတဲ့ မူဆလင်တွေကို လက်ခံ စာရင်းကောက်ယူမယ်ဆိုရင်၊ သပိတ်မှောက်မယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ ဆော်သြမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ရခိုင်ပြည်နယ်အတွင်းက လူနည်းစု မူဆလင်တွေအနေနဲ့ ရိုဟင်ဂျာဆိုပြီး ဖြည့်မယ်ဆိုရင် လက်မခံဘဲ၊ ဘင်္ဂါလီဆိုတဲ့ အမည်ပေးမှ စာရင်းလက်ခံဖို့ဆိုပြီး မြန်မာအစိုးရဘက်က ညွန်ကြားချက်တွေ ထုတ်ခဲ့ပါတယ်။ တကယ်တော့ မူလ သဘောတူညီချက်နဲ့ နိုင်ငံတကာ စံနှုန်းစံထားအရကိုက သန်းခေါင်စာရင်း ကောက်ခံရာမှာ လူတိုင်းဟာ သူသုံးစွဲလိုတဲ့ လူမျိုးအမည်ကို ပေးလို့ရတယ်လို့ UNFPA က ပြောပါတယ်။

အခု အစိုးရညွန်ကြားချက်ဟာ ဒီသဘောတူညီမှုကနေ သွေဖီလိုက်တာဖြစ်တယ်လို့ UNFPA ပြောခွင့်ရသူ William Ryan က ပြောပါတယ်။ ဒီအခြေအနေကြောင့် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးတင်းမာမှုတွေ ပိုကြီးလာမှာ စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

“ရိုဟင်ဂျာလို လူမျိုးအမည် ပြောဆိုမယ့်သူတွေကို မပြောနိုင်အောင် အကြီးတန်း အရာရှိတွေက အခု သန်းခေါင်စာရင်းကောက်ခံမှု မစခင်ကလေးမှာပဲ ကြေညာထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတကာရဲ့ သန်းခေါင်စာရင်း ကောက်ခံမှု စံနှုန်းစံထားတွေ၊ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့ သဘောတူပြီးသား လုပ်ငန်းစဉ်တွေကနေ အခုလို သွေဖီသွားတဲ့ ကိစ္စအပေါ်မှာ UNFPA ဘက်က အတော်လေးကို စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒီကနေတဆင့် လူမျိုးရေး အကြမ်းဖက်မှုတွေရှိတဲ့ ရခိုင်ပြည်နယ်အတွင်း တင်းမာမှုတွေ ပိုပြီး ကြီးထွားလာမှာ၊ သန်းခေါင်စာရင်း ကောက်ခံရာမှာလည်း အများယုံကြည်လက်ခံမှု ထိခိုက်သွားမှာကို စိုးရိမ်မိပါတယ်။”

အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ လူ့အသက်တွေကို အကာအကွယ်ပေးဖို့နဲ့ ရိုဟင်ဂျာဆိုပြီး ကိုယ့်ကိုကိုယ် အမည်တပ်လိုတဲ့ လူပုဂ္ဂိုလ်တွေကိုရဲ့ လူ့အခွင့်အရေးတွေကို အပြည့်အ၀ လိုက်နာ အကာအကွယ်ပေးရေးအတွက် အစိုးရအနေနဲ့ ဦးစားပေးဆောင်ရွက်နိုင်ဖို့ UNFPA အနေနဲ့ မျှော်လင့်ထားတယ်လို့ သူ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခု မြန်မာနိုင်ငံ လူဦးရေသန်းခေါင်စာရင်း ကောက်ခံနိုင်ဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံ လာရောက်စဉ်၊ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ပြောဆိုခဲ့ကြတာဖြစ်ပြီး လက်တွေ့ လုပ်ဆောင်မှုပိုင်းမှာ UNFPA က အနီးကပ် အကူအညီပေး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခု UNFPA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့တော့ မြန်မာတာဝန်ရှိသူတွေဘက်က သဘောထား တုံ့ပြန်ချက်ရဖို့ ဖုံးနဲ့ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်ဖြေကြားမှု မရှိပါဘူး။
XS
SM
MD
LG