သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကလေး စစ်သား စုဆောင်းမှု ကျဆင်း


မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့ အခမ်းအနား။ (စက်တင်ဘာ ၃၊ ၂၀၁၂)
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့ အခမ်းအနား။ (စက်တင်ဘာ ၃၊ ၂၀၁၂)

လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးသူငယ်တွေကို အကာအကွယ်ပေးရေး သဘောတူစာချုပ် ကို မြန်မာနိုင်ငံအနေနဲ့ အမြန်ဆုံး အတည်ပြု လက်မှတ်ထိုး လိမ့်မယ် လို့ မျှော်လင့်ကြောင်း ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Leila Zerrougui က ကုလအထွေထွေ ညီလာခံမှာ ပြောကြားလိုက်ပါတယ်။ ကလေးသူငယ်တွေရဲ့အခွင့်အရေးနဲ့ အကာအကွယ်ပေးရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ ဆွေးနွေးနေကြတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

စစ်မက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေက ကလေးသူငယ်တွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်တဲ့ ၂၀၁၅ခုနှစ် အစီရင်ခံစာကို ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Leila Zwrrougui က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာအကြိမ် (၇၀)မြောက် ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယ ကော်မတီ မှာ အောက်တိုဘာလ (၁၄)ရက်နေ့ က တင်သွင်းခဲ့တာပါ။

သူရဲ့ အစီရင်ခံစာအရ လက်နက်ကိုင်အဖွဲ့တွေက ကလေးသူငယ်တွေကို စစ်သားအဖြစ် အဓမ္မ သိမ်းသွင်းစုဆောင်းမှုတွေ ရှိနေတယ်လို့ သတိပေးပြော ဆိုခဲ့ပေမဲ့ ကလေးစစ်သား စုဆောင်း မှုလျော့ကျခဲ့တဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်တဲ့အပြင် လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးသူငယ်တွေကို အကာအကွယ်ပေးရေး အရေးပါတဲ့ သဘောတူ စာချုပ်မှာ မြန်မာအစိုးရ လက်မှတ်ရေးထိုးခဲ့တဲ့ အတွက် သူ့အနေနဲ့ ကြိုဆိုကြောင်း Leila Zwrrougui ကအခုလိုပြောသွားပါတယ်။

"လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးသူငယ်တွေရဲ့ပါဝင်မှုဆိုင်ရာ အကာအကွယ်ပေးရေး သဘောတူစာချုပ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရက လက်မှတ်ရေးထိုးခဲ့တာကို ကျမကြိုဆိုပါတယ်။ ဒီစာချုပ်ကို မကြာသေးခင်က အတည်ပြုခဲ့တဲ့ ကျူဘားနဲ့ ဘဟားမားနိုင်ငံတွေလိုပဲ မြန်မာလွှတ်တော်မှာ အတည်ပြုလိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။

ဒါအပြင် နိုင်ငံတကာရဲ့ ပူးပေါင်းကြိုးပမ်းမှုတွေဟာ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ ကုလသမဂ္ဂ အနေနဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးရေး အထောက်အကူဖြစ်စေခဲ့တယ်လို့ Leila Zerrougui ကပြောပါတယ်။

"အစွမ်းကုန်ကြိုးစားဆောင်ရွက်မှုတွေရဲ့ ရလဒ် အဖြစ် မြန်မာ နဲ့ တောင်ဆူဒန်နိုင်ငံတွေမှာ ကလေးစစ်သားဟောင်း အရေအတွက် ထောင်နဲ့ ချီ လွတ်မြောက်ခဲ့တယ် ဆိုတာကို ကျမရဲ့အစီရင်ခံစာမှာ အထင်အရှားဖေါ်ပြ ထားပါတယ်။ ဒါ့အပြင် မြန်မာ၊ ကိုလံဘီယာနဲ့ ဗဟို အာဖရိကနိုင်ငံတွေ မှာ ငြိမ်းချမ်းရေးညှိနှိုင်း ဆွေးနွေးမှုတွေကနေ ကလေးသူငယ်တွေ အကာအကွယ်ပေးမှုမှာ အားကောင်းရေး အတွက် ထောက်ခံအားပေးဖို့ ကျမ အခွင့်အလမ်းတွေ ရှာဖွေခဲ့ပြီပါပြီ။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့ ကြား မနေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ကလေးစစ်သားတွေ အနေနဲ့ လက်နက်ကိုင်တပ်တွေကနေ နှုတ်ထွက်ရေးကိစ္စ ဘယ်လို ဆောင်ရွက်ပေးမလဲဆိုတဲ့ အချက်မပါဝင်ခဲ့ဘူးလို့ လူ့အခွင့်အရေး အဖွဲ့ ဖြစ်တဲ့ ညီမျှခြင်း (မြန်မာ)ရဲ့ ညွန်ကြားရေးမှုး ဦးအောင်မျိုးမင်းကပြောပါတယ်။

" အခု တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတယ်လို့ သိရပါတယ်။ အဲ့ဒီ့မှာ ပါတဲ့အဖွဲ့တွေမှာလဲ ကလေးစစ်သား သုံးစွဲနေတယ်လို့ အပြောခံ၊ အစွပ်စွဲခံနေရတဲ့ အဖွဲ့တွေလည်း ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး အပစ်အခတ်ရပ်စဲရေး ကိစ္စမှာ ကိုယ့်ဘက်က ရှိတဲ့ကလေးတွေရော တဖက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့က ကလေးတွေရော ဘယ်လိုမျိုး စစ်တပ်ကနေ နှုတ်ထွက်အောင် လုပ်မလဲ ၊ မိဘနေရင်းဆီ ရောက်အောင် ဘယ်လို လုပ်မလဲဆိုတဲ့ နည်းလမ်းတွေကို ထည့်သွင်း စဉ်းစားခြင်း မရှိခြင်းကလည်း တဖက်မှာ အားနည်းချက်ရှိတယ်လို့ ကျနော်ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းသွားပြီးတော့ တဖက်နဲ့ တဖက် မတိုက်ရင်တောင်မှ မရောက်သင့်ပဲ ရောက်နေတဲ့ ကလေးတွေ က တပ်တွေထဲမှာ ရှိနေတုန်းပဲ။"

ဒါအပြင် မြန်မာစစ်တပ်အနေနဲ့ကလေးစစ်သားပပျောက်ရေး ဆောင်ရွက်မှုတွေမှာ အားနည်းချက်တွေရှိနေသေးတယ်လို့မြင်ကြောင်း ဦးအောင်မျိုးမင်းကပြောပါတယ်။

" ဘာကြောင့် ကလေးတွေကို ကျနော်တို့ အစုလိုက် အစုလိုက် ပြန်ပြီးတော့ပဲ လွှတ်နေတာရှိလဲ။ တပ်မတော်ရဲ့ အတွင်းထဲမှာ ကလေးစစ်သားတွေရှိနေတယ်ဆိုတဲ့ အကြောင်းအရာတွေ ကျနော် အများကြီးရှိခဲ့တယ်။ အင်အားအများကြီး ရှိခဲ့တယ်။ အရေအတွက် အများကြီးရှိတယ်လို့ ပြောတယ်။ အခုလိုမျိး ဖြည်းဖြည်း ချင်း ပြန်ပြီးတော့ လွှတ်နေခြင်း ကိုက ကလေးတွေကို စစ်တပ်က နှုတ်ထွက်ဖို့ အတွက် လုပ်ဆောင်တဲ့အချိန်မှာ အားနည်းနေတယ်။ အမှန်ဆိုရင် ရှိနေတဲ့ကလေးတွေကို လွယ်လွယ်ကူကူနဲ့တင်ပြနိုင်ပြီး တခါတည်း လွှတ်လိုက်လို့ရှိရင် ပိုပြီးကောင်းတဲ့ အနေအထားမျိုး လုပ်နိုင်ရက်သားနဲ့ တဆင့်ချင်း တဆင့်ချင်း တဖွဲ့ချင်း တဖွဲ့ချင်း လုပ်နေတာကို သိပ်အားမရဘူးခင်ဗျ။"

ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ကလေးတွေရဲ့ဘဝလုံခြုံရေး အကာအကွယ်မဲ့နေဆဲဖြစ်တယ်လို့လည်း ဦးအောင်မျိုးမင်းကဆိုပါတယ်။

ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Leila Zwrrouguiရဲ့ အစီရင်ခံစာမှာ လည်း မြန်မာစစ်တပ် အတွင်း ကလေးတွေ ဆက်ပြီးရှိနေဆဲဖြစ် သလို ရှေ့တန်းစစ်မျက်နှာကို ပို့နေဆဲဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG