သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်ရေးမဟာမင်းကြီး မြန်မာအကြောင်း ညီလာခံမှာတင်ပြမည်


ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein
ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein

ကမ္ဘာ့တဝှမ်း လူ့အခွင့်အရေး စံတန်ဖိုးတွေနဲ့ လွတ်လပ်မှုတွေကို တိုက်ခိုက် ခံနေရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က ပြောကြားလိုက်ပါတယ်။ ၃၂ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံ အဖွင့်မိန့်ခွန်းအတွင်း မဟာမင်းကြီးက အဲဒီလို ပြောကြားလိုက်တာဖြစ်ပြီး သူ့အဆိုအရ တားဆီးလို့ ရနိုင်တဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ချက်တွေကိုလည်း ချပြသွားခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာကိုလည်း မဟာမင်းကြီးက ညီလာခံအတွင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Lisa Schlein ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အားနဲပြီး ခိုကိုးရာမဲ့တဲ့သူတွေအပေါ် နိုင်ငံရေးသမားတွေက ရိုင်းစိုင်းစွာ မတရားပြုကျင့်နေကြတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ လူသားချင်းစာမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာနေတာလို့ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က သတိပေး ပြောကြားလိုက်ပါတယ်။

လူသားတွေ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ထိန်းချုပ်ပေးထားတဲ့ ဥပဒေတွေ၊ အဖွဲ့အစည်းတွေနဲ့ စံတန်ဖိုးတွေဟာ ကောက်ကွေးနေပြီလို့ သူက ပြောပါတယ်။ အများပြည်သူ လွတ်လပ်မှုအပေါ် နှိမ်နင်း ဖြိုခွဲမှုတွေ များပြားလာတာနဲ့အမျှ အမုန်းတရားဟာ ပင်မရေစီးကြောင်းပေါ် ရောက်ရှိလာနေပြီး အဟန့်အတား ဖြစ်စေတဲ့ တံတိုင်းတွေတည်ဆောက်၊ မသင်္ကာမှုတွေ တိုးမြင့်လာနေတယ်လို့ Zeid က ပြောပါတယ်။ ကြောက်ရွံ့ တုန်လှုပ်ဖွယ်ကောင်းတဲ့ အဖြစ်ဆိုးတွေကို ကမ္ဘာကြီးအနေနဲ့ နေ့စဉ် မြင်တွေ့နေရတယ်လို့ Zeid Hussein က ပြောပါတယ်။

“အပြစ်မဲ့သူတွေကို အလျဉ်းသင့်သလို ရွေးချယ်ပြီး ၊ သို့တည်းမဟုတ် သူတို့ရဲ့ ယုံကြည်ချက်ကြောင့်ပဲဖြစ်ဖြစ်၊ ထင်မြင်ချက်ကြောင့်ပဲဖြစ်ဖြစ်၊ သို့တည်းမဟုတ် မနေ့က ကျနော်တို့ မြင်တွေ့လိုက်ကြရသလို သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ခံယူချက်ကြောင့်ပဲဖြစ်ဖြစ် အကြမ်းဖက် အစွန်းရောက် တိုက်ခိုက်မှုတွေအပေါ် ကျနော့်အနေနဲ့ အပြင်းထန်ဆုံး နည်းလမ်းနဲ့ ပြစ်တင် ရှုတ်ချပါတယ်။”

လူ့အခွင့်အရေး မဟာမင်းကြီးက စနေနေ့ညက ဖလော်ရီဒါပြည်နယ်၊ အော်လန်းဒိုးမြို့က လိင်တူချင်း စုံမက်သူတွေ သွားလေ့ရှိတဲ့ ညကပွဲရုံမှာ ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၅၀ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ ညီလာခံ အဆုံးမသတ်ခင်မှာ မဟာမင်းကြီးက ပြောကြားဖို့ ရှိတဲ့အတွက် မြန်မာနိုင်ငံအတွင်းက လက်ရှိ လူ့အခွင့်အရေး အခြေအနေတွေအပေါ် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဘယ်လို ရှုမြင်ကြသလဲလို့ သိရှိနိုင်အောင် မေးကြည့်တဲ့အခါ - မြန်မာနိုင်ငံအတွင်းက လူ့အခွင့်ရေး အခြေအနေတွေဟာ ယေဘုယျအားဖြင့် တိုးတက်ကောင်းမွန်လာတာကို တွေ့ရတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာညွန်ကြားရေးမှူး Brad Adam က ပြောပါတယ်။

“လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့် စတဲ့ ကဏ္ဍတွေမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ လွန်ခဲ့တဲ့ နှစ်အတွင်း မြန်မာနိုင်ငံထဲမှာ သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်က ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ဒေသလုံခြုံရေး စတဲ့ ဝန်ကြီးဌာန ၃ ခုကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံထဲက အခြေအနေတွေအပေါ် ကျနော်တို့အနေနဲ့ အထူး စိုးရိမ်နေဆဲ ဖြစ်ပါတယ်။ ဆန္ဒြုပပွဲတွေမှာ ပါဝင်မှု၊ Facebook စာမျက်နှာပေါ်မှာ ရေးသား ပြောဆိုမှုတွေကြောင့် လူတချို့ ဖမ်းဆီးခံရတာကိုလည်း ကျနော်တို့ မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။”

ဒါကြောင့် မြန်မာနိုင်ငံမှာ ဥပဒေရေးရာကိစ္စတွေမှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ သူ့အနေနဲ့ ယူဆကြောင်း Brad Adam က ပြောပါတယ်။ လွှတ်တော်အတွင်း ဥပဒေရေးရာနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ပြုပြင်ပြောင်းလဲဖို့ စတင် လုပ်ဆောင်တာကို တွေ့ရပေမယ့် လုပ်စရာတွေ အများကြီး ကျန်သေးတယ်လို့ Brad Adam က ထောက်ပြပါတယ်။

မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာ မူဆလင်တွေ အရေးကို ယခင် အစိုးရတွေက ကိုင်တွယ်ခဲ့ပုံနဲ့ပတ်သက်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေအတွက် အမြဲတမ်း ဝေဖန် ထောက်ပြစရာ ဖြစ်ခဲ့တာပါ။

လက်ရှိ NLD အစိုးရဟာ အရင် အစိုးရရဲ့ အမွေကိုဆက်ခံလိုက်ရပြီး ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကျဉ်းထဲ ကြပ်ထဲရောက်နေတဲ့ အနေအထားမှာ ဖြစ်နေတယ်လို့ Brad Adam က ပြောပါတယ်။

“မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာလူမျိုးစုတွေအပေါ် အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့မဆန်စွာ တယူသန် မုန်းတီးနေတဲ့သူတွေ ရှိနေတဲ့အတွက် အစိုးရသစ်ဟာလည်း ခက်ခဲတဲ့အနေအထားမှာ ရောက်နေပါတယ်။ ၉၆၉ လို၊ မဘသလို အဖွဲ့အစည်းတွေကလည်း ရှိနေတာပါ။ အဲဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအနေနဲ့ လူတဖက်သားအပေါ် နှိမ်ချ ဆက်ဆံလိုစိတ် မရှိတဲ့ လူတော်တွေကို စည်းရုံး သိမ်းသွင်းပြီး ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာကို ဆွေးနွေးတိုင်ပင်ပြီး ဦးဆောင်မှုပေး လုပ်ဆောင်သင့်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာ - မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ ဘိုးစဉ် ဘောင်ဆက်နေလာသူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာလည်း ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်လာအောင်လဲ နိုင်ငံသားဆိုင်ရာ ဥပဒေကို ပြင်ဆင်သင့်ပါတယ်။”

ရိုဟင်ဂျာတွေအရေးထက် အစိုးရအတွက် ဖြေရှင်းဖို့ ပိုမို ခက်ခဲတဲ့ ကိစ္စကတော့ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စအဖြစ်တယ်လို့လည်း Brad Adam က ပြောပါတယ်။

မကြာသေးခင် ကာလတွေအထိ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ရှိနေတဲ့ တိုင်းရင်းသားလက်ကိုင် အဖွဲ့အစည်းအပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို အစိုးရအနေနဲ့ ဟန့်တားနိုင်ခြင်း မရှိတာဟာ ဖွဲ့စည်းပုံရဲ့ ချို့ယွင်းချက်ကြောင့် ဖြစ်တယ်လို့ Brad Adam က ထောက်ပြပါတယ်။

“လက်ရှိ ရွေးကောက်တင်မြောက်ခံထားရတဲ့ အစိုးရက စစ်တပ်ကို ထိန်းချုပ်နိုင်ခြင်း မရှိတာဟာ ဖွဲ့စည်းပုံရဲ့ ပြဿနာပါ။ ရွေးကောက် တင်မြောက်ခံထားရတဲ့ အစိုးရက စစ်တပ်ကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ နိုင်ငံ ဒီကမ္ဘာမြေပေါ်မှာ ကျနော် မတွေ့ဘူးပါဘူး။ မြန်မာနိုင်ငံမှာပဲ ရှိပါတယ်။ ဒါဟာ သမ္မတနဲ့ နိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ် အပါအဝင် ရွေးကောက်တင်မြောက်ခံထားရသူ အားလုံးက စစ်တပ်အပေါ် သြဇာမရှိဘူးဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ စစ်တပ်က သူလုပ်ချင်ရာကို လုပ်နေတာပါ။ စစ်တပ်အနေနဲ့ လက်ရှိအစိုးရကို ထောက်ခံပြီး ထိုးစစ်ဆင်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်လိမ့်မယ်လို့ လူတွေက မျှော်လင့်ခဲ့ကြတာပါ။ ဒီနေရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖက်ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ လိုအပ်ပါတယ်။”

NLD အစိုးရက မကြခင်ကျင်းပနိုင်ဖို့ စီစဉ်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံကနေ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းတွေနဲ့ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ဖြေရှင်းပေးနိုင်ဖို့ အလားအလာ ရှိတယ်လို့ Brad Adam က ပြောပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်ဆောင်ရာမှာ စစ်တပ်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်သူ အားလုံးရဲ့ စဉ်းစား တွေးခေါ်မှုတွေ၊ အယူအဆတွေ အရင် ပြောင်းလဲကြဖို့ လိုမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၃၂ ကြိမ်မြောက် ညီလာခံကို ဇွန်လ ၁၃ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတာ ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြား တိုင်းရင်းသား လူနဲစုတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆိုင်တဲ့ အစီရင်ခံစာကို ညီလာခံအတွင်း လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က တင်သွင်းသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG