သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုလှုံခွင့်တောင်းသူတွေကို အတင်းပြန်မပို့ဖို့ UNHCR တိုက်တွန်း 


အောက်တိုဘာ ၆၊ ၂၀၂၂ က မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ-မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး)
အောက်တိုဘာ ၆၊ ၂၀၂၂ က မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ-မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး)

[[Zawgyi/Unicode]]

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသူတွေကို အတင်းအကြပ် နေရပ်ပြန်ပို့တာမျိုးတွေမလုပ်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က တောင်းဆိုခဲ့တဲ့အပေါ် မလေးရှားနိုင်ငံက မြန်မာဒုက္ခသည်အရေး လှုပ်ရှားနေတဲ့အဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။ မလေးရှားက ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသားတချို့ ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် UNHCR ဘက်က ဒီလို ပြန်ပို့တာတွေမလုပ်ဖို့ မလေးရှား အာဏာပိုင်တွေကို တောင်းဆိုခဲ့တာပါ။ မလေးရှားရောက် မြန်မာဒုက္ခသည် အရေး သတင်းပေးပို့ချက်ကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

နိုင်ငံရေးဖိနှိပ်မှုနဲ့ ဘေးအန္တရာယ်တွေကြားက ရှောင်တိမ်းလာရတဲ့ မြန်မာနိုင်ငံသားတွေကို အတင်းအကျပ် နေရပ်ပြန်ပို့တာမလုပ်ဖို့နဲ့ ဆိုင်းငံ့ထားဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က အောက်တိုဘာ ၂၀ ရက်က ဒေသတွင်းနိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။ မလေးရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံနေသူတွေ နေရပ်ပြန်ပို့ခံရပြီး ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ကုလသမဂ္ဂဘက် က အခုလို တိုက်တွန်းလိုက်တာပါ။ ဒီတိုက်တွန်းမှုဟာ ထိရောက်မှုရှိပြီး ဒါကိုကြိုဆိုကြောင်း မြန်မာလူ့အခွင့်အရေးအဖွဲ့ (မလေးရှား) ရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။ လက်ရှိမှာတော့ မလေးရှားကနေ ပြန်ပို့မယ့်အစီအစဉ်တွေကို ရပ်နားထားတယ်လို့ သူကပြောပါတယ်။

"ဆိုင်းငံ့ထားဖို့ မလေးရှားအစိုးရကို ဖိအားပေးကြတာ အများကြီးဗျ၊ မြန်မာနိုင်ငံဆိုင်ရာ UN လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေ၊ Tom Andrews တို့လည်း ပြန်မပို့ဖို့ တိုက်တွန်းတာ ရှိတယ်။ နောက်ပြီး တခြားအစိုးရ အသိုင်းအဝန်းတွေလည်း ရှိမယ်ဗျ။ ဆိုတော့ မြန်မာနိုင်ငံကပဲ ဆက်မခေါ်တာလား၊ ဒီ မလေးရှား အာဏာပိုင်တွေကပဲ ရပ်ဆိုင်းထားတာလားတော့ မသိဘူး။ ရပ်တာတော့ ရပ်ဆိုင်းထားတယ်။ ဒါပေမယ့် အဲဒါတော့ ကျနော်တို့ ကြိုဆိုပါတယ်။ ကောင်းတဲ့လက္ခဏာ ဖြစ်တယ်ဗျ။"

အောက်တိုဘာ ၆ ရက်က မလေးရှားကနေ စင်းလုံးငှားလေယာဉ်နဲ့ ပြန်ပို့လိုက်တဲ့ မြန်မာအယောက် ၁၅၀ ထဲက ရှစ်ယောက်ထက်မနည်း ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားက မြန်မာအဖွဲ့အစည်းတွေက ဗွီအိုအေကိုပြောပါတယ်။ အဲဒီနေ့က ဖမ်းဆီးခံရသူတွေထဲမှာ စစ်ကောင်စီကို အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်ထားတဲ့သူတွေ ပါဝင်နေသလို ရေတပ်အရာရှိဟောင်းတဦးနဲ့ သူ့ရဲ့ဇနီးလည်း ပါပါတယ်။

အဲဒီ မြန်မာ ၁၅၀ ကို ပြန်မပို့ဖို့ ရိုဟင်ဂျာ လူ့အခွင့်အရေးအဖွဲ့အစည်း (Merhrom) နဲ့ မြန်မာဒုက္ခသည် ကူညီရေးအဖွဲ့တွေက မလေးရှားအစိုးရကို တိုက်တွန်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တချို့ဟာ ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီးရုံး UNHCR ဆီမှာ ခိုလှုံခွင့်တောင်းခံထားသူတွေ ဖြစ်ပါတယ်။ ဒီကိစ္စအတွက်လည်း မလေးရှား UNHCR ရဲ့လုပ်ဆောင်ချက်တွေ နှေးကွေးနေတာ၊ စိစစ်မှုတွေ အားနည်းနေတာကို မြန်မာအသိုင်းအဝန်းက ထောက်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး လက်နက်ကိုင်ပဋိပက္ခတွေ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတာကြောင့် မြန်မာနိုင်ငံသား အများအပြား ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါတယ်။ ကုလဒုက္ခသည်အအေဂျင်စီဆီမှာ ခိုလှုံခွင့် တောင်းခံထားတဲ့ ထိုင်းရောက် မြန်မာ နိုင်ငံရေးလှုပ်ရှားသူ အရေအတွက်က ၁၂,၀၀၀ အထက်မှာရှိတယ်လို့ ထိုင်းအခြေစိုက် AAC မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

" အခု နိုင်ငံရေး အခြေအနေကလည်း တို့လို့တန်းလန်း အခြေအနေဆိုးကြီးမှာ အဲဒါမျိုးတွေ နေရပ်ပြန်ခွင့်တွေ ပေးတာတော့ သိပ်တော့ အဆင်မပြေဘူးလို့ မြင်တယ်ဗျ။ ဘာလို့ဆို နေထိုင်ခွင့် လျှောက်ထားသူတွေက အကုန်လုံးက တချို့က လည်း နေရပ်ကို ပြန်ခွင့်မရသူတွေလည်း ရှိတယ်လေ။ (ကုလအေဂျင်စီမှာ ခိုလှုံခွင့် လျှောက်ထားတဲ့) စီဒီအမ် ဆရာဝန်တွေနဲ့ ဝန်ထမ်းကို အားလုံးပေါင်း ၁၂,၀၀၀ လောက် ရှိတယ်ဗျ။ ထိုင်းမှာ လက်ရှိ ရှိနေတာနော်။ ဒါ တချို့က လုံးဝကို လျှောက်လို့မတတ်တဲ့ ဝန်ထမ်းတွေလည်း ရှိတယ်။"

UNHCR ရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူတွေကို ဒေသတွင်း နိုင်ငံတွေက ခိုလှုံခွင့်ပေးဖို့၊ အကာအကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါက နိုင်ငံအားလုံးက လိုက်နာရမယ့် နိုင်ငံတကာဥပဒေ ဖြစ်တယ်လို့လည်း UNHCR က တိုက်တွန်းထားတာ ဖြစ်ပါတယ်။

#UNHCR #နိုင်ငံရေးခိုလှုံခွင့် #မလေးရှား #အထောက်အထားမဲ့မြန်မာ #CDM #ရေတပ်အရာရှိနဲ့ဇနီး
===========

[[Unicode]]









===========

XS
SM
MD
LG