သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုလှုံခွင့်ရဖို့ ကြိုးစားသူတွေ လက်မခံတဲ့အပေါ် အမေရိကန်ကို UNHCR ဝေဖန်


အမေရိကတိုက် အလယ်ပိုင်းက ရောက်လာကြမယ့် ခိုလှုံခွင့် လျှောက်ထားသူတွေကို လက်မခံဖို့ အမေရိကန်ပြည်ထောင်စုက ပြောဆိုနေခြင်းဟာ ဥပဒေကြောင်းအရ ခိုင်မာခြင်း မရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီက ပြောပါတယ်။ ဖိနှိပ် ညှဉ်းပန်းမှုနဲ့ အကြမ်းဖက်မှုတွေက ထွက်ပြေးလာကြသူတွေကို နိုင်ငံတကာက အကာကွယ်ပေးဖို့ တာဝန်ရှိကြောင်း UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Lisa Schlein ဂျီနီဗာမြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

နိုင်ငံတိုင်းရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက မေးခွန်းထုတ်နေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေကို နိုင်ငံတကာဥပဒေက အုပ်ချုပ်ပိုင်ခွင့် ရှိတယ်လို့ ဆိုပါတယ်။

Honduras နိုင်ငံကနေ ရွေ့ပြောင်းနေထိုင်သူတွေ အမေရိကန်ပြည်ထောင်စု နယ်စပ်ကို အလုံးအရင်းနဲ့ ရောက်လာကြမယ်ဆိုရင် ကိုင်တွယ် ဖြေရှင်းဖို့ အခက်အခဲ ရှိနိုင်တယ်ဆိုတာကို UNHCR က အသိအမှတ်ပြု လက်ခံပါတယ်။ ဒါပေမယ့် ဒီလူတွေ ဝင်လာလို့ မရအောင် နယ်စပ်ကို ပိတ်ပစ်ခြင်းဟာ အဖြေမဟုတ်ကြောင်းနဲ့ အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် စစ်မှန်တဲ့ အကြောက်တရားနဲ့ ရင်ဆိုင်ရသူတွေအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ UNHCR ပြောခွင့်ရ Charlie Yaxlie က ပြောပါတယ်။

“ဖိနှိပ် ညှဉ်းပန်းမှုတွေနဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာကြတဲ့သူတွေအနေနဲ့ နိုင်ငံတခုကို ဝင်ရောက်ပြီး သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်ဖြစ်တဲ့ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် လျှောက်ထားပိုင်ခွင့်ရှိတယ်ဆိုတာကို ကျနော် ထပ်လောင်း ပြောကြားလိုပါတယ်။”

ဒီအခြေခံမူဟာ နိုင်ငံတကာဥပဒေဖြစ်ရုံသာမကဘဲ နိုင်ငံတခုချင်းစီက ချမှတ်ထားတဲ့ ဥပဒေဖြစ်ကြောင်း UNHCR ပြောခွင့်ရ Yaxlie က ပြောပါတယ်။ ဒါကြောင့် အစိုးရတွေအနေနဲ့ ဥပဒေကို လိုက်နာကြဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဒုက္ခသည်များဆိုင်ရာ ဥပဒေကို အစဉ်တစိုက် လိုက်နာတယ်ဆိုတာ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

“ဒုက္ခသည် မိဘတွေနဲ့ သားသမီးတွေကို တကွဲတပြားစီ ထိန်းချုပ်ထားတယ်ဆိုတာကလည်း အထောက်အထား အခိုင်အမာနဲ့ ရှိနေပြီး အများက သိနေတဲ့ကိစ္စရပ်ပါ။ မိသားစုတွေကို တကွဲတပြားစီ မထားဖို့၊ သူတို့ကို အကျဉ်းထောင်တွေမှာ ထိန်းချုပ်မထားဖို့ ကျနော်တို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။”

သူတို့ရဲ့ လုပ်ဆောင်မှုတွေဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီခြင်းရှိဖို့ UNHCR က အမေရိကန်ပြည်ထောင်စုနဲ့ ဆက်လက် လက်တွဲ ဆောင်ရွက်နေကြောင်း Yaxlie က ပြောပါတယ်။

ဒီအတောအတွင်း အမေရိကန်တိုက် အလယ်ပိုင်းမှာ ရှိတဲ့ သူတို့ရဲ့ အဖွဲ့ဝင်တွေဟာ ဒုက္ခသည်တွေနဲ့အတူ ခရီးစဉ်တလျှောက် လိုက်ပါပေးနေကြောင်း ဂျီနီဗာ အခြေစိုက် ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ ဒုက္ခသည်တွေအတွက် အရေးပေါ် ဆေးဝါးကုသမှုအပါအဝင် လိုအပ်တဲ့ သောက်ရေနဲ့ ခရီးလမ်းတလျှောက် ကွဲကွာသွားတဲ့ မိသားစုတွေကို ပြန်လည် ပေါင်းစည်းပေးတာတွေ လုပ်ဆောင်ပေးနေတယ်လို့ ICRC အဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG