နိုင်ငံခြားက အလကားပေးတဲ့ ထောက်ပံ့ပွေ၊ အတိုးမယူဘဲချေးတဲ့ငွေနဲ့ အတတ်ပညာ ကူညီထောက်ပံ့မှုဟာ နိုင်ငံခြား အကူအညီ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားက အကူအညီပေးရာမှာ အရင်ဆုံး အကျိုးခံစားရသူတွေဟာ ဗိုလ်ချုပ်ကြီးတွေနဲ့ ခရိုနီသူဌေးတွေ ဖြစ်နေတာ တွေ့ရပါတယ်။ အမေရိကန်အစိုးရရဲ့ လူမှုရေးအကူအညီကို အကောင်အထည်ဖော်နေတဲ့ Development Alternatives ကုမ္ပဏီဟာ ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ခင်ညွှန့် မိသားစုပိုင်တဲ့အိမ်ကို တစ်လဒေါ်လာ (၇၀၀၀) နဲ့ ငှားမိတဲ့အဖြစ်ဟာ အမေရိကန်ရဲ့ အကူအညီပေးရေး စီမံကိန်းကို နာမည်ပျက်စေပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က လာဘ်စားလို့ နာမည်ကြီးတဲ့ဝန်ကြီး ဗိုလ်ချုပ်ကြီးညွှန့်တင်ရဲ့ သုံးထပ်တိုက်ကို တစ်လဒေါ်လာ (၈,၇၀၀၀) ပေးပြီး ကုလသမဂ္ဂ UNCEF ကလေးသူငယ် ရန်ပုံငွေအဖွဲ့က ငှားတာဟာလဲ နိုင်ငံခြားအကူအညီကို အခွင့်ထူးစစ်ဗိုလ်တွေ အရင်ဆုံး အကျိုးခံစားရတဲ့ ဥပမာ ဖြစ်ပါတယ်။ ကလေးတွေကို အကူအညီမပေးခင် ဗိုလ်ချုပ်ဟောင်းဦးညွှန့်တင်ကို အရင်ဆုံးပေးရတဲ့သဘော ဖြစ်ပါတယ်။ တနှစ်ကို ဒေါ်လာ (၁) သန်းကျော်ပေးပြီး (၇) နှစ် ငှားထားတာ ဖြစ်ပါတယ်။ ဒေါ်လာ (၁) သန်း အကုန်ခံရင် ကလေးသူငယ် (၃) သောင်းကို ကာကွယ်ဆေးထိုးနိုင်ပါတယ်။
ရန်ကုန်မြို့က အိမ်ကြီးအိမ်ကောင်းတွေကို ဗိုလ်ချုပ်နဲ့ ခရိုနီတွေ ပိုင်ကြတာ များပါတယ်။ သူတို့လည်း ဆွေမျိုးအမည်နဲ့ ဆောက်ထားတာမို့ ပိုင်ရှင်အစစ်ကိုသိဖို့ မလွယ်ပါဘူး။ ဥပမာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) တလဒေါ်လာ (၈) သောင်းပေးပြီး ငှားထားတဲ့အိမ်က ဘယ်သူပိုင်မှန် မသိပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပိုင်တယ်လို့ သတင်းထွက်လို့ စုံစမ်းတဲ့အခါ ပိုင်ရှင်ဟာ ဒေါ်နွယ်မာထွန်း ဖြစ်နေတယ်လို့ နိုဝင်ဘာ (၁၂) ရက်နေ့ထုတ် AP သတင်းမှာ ဖော်ပြပါတယ်။ ဒေါ်လာသန်း (၁) ထောင်ကျော် ထောက်ပံ့မယ့် EU ဥရောပနိုင်ငံများအဖွဲ့ကလည်း Asia World ကုမ္ပဏီပိုင်တဲ့ Hledan Center မှာ တလဒေါ်လာ (၈) သောင်းပြီး ရုံးဖွင့်ထားပါတယ်။ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုကို ကြေညာခိုင်းပေမယ့် စစ်ဗိုလ်ပိုင်ပစ္စည်းကို ဆွေးမျိုးနာမည်နဲ့ မှတ်ပုံတင်ထားရင် ကြေညာစရာမလိုတဲ့သဘော ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ရုံးဖွင့်ရင် ခရိုနီနဲ့ ဗိုလ်ချုပ်ပိုင် အဆောင်အဦးတွေနဲ့ မကင်းနိုင်သလို ဖြစ်နေပါတယ်။ ဒါကြောင့် ကမ္ဘာ့ဘဏ်ရဲ့ တွဲဘက်အဖွဲ့ဖြစ်တဲ့ International Finance Corporation (IFC) က ထိပ်တန်း ဟိုတယ်၊ ရုံးအဆောက်အဦးနဲ့ စီးပွားရေးလုပ်ငန်း အဆောက်အအုံ တည်ဆောက်ဖို့ စီမံကိန်းချထားတာ ဖြစ်ပုံရပါတယ်။ ဒီ စီမံကိန်း အကောင်အထည်ပေါ်လာရင် ဗိုလ်ချုပ်ပိုင် ခရိုနီပိုင်အိမ်တွေကို အားကိုးစရာ မလိုတော့ဘဲ ကမ္ဘာ့အဆင့်အတန်းမီရုံနဲ့ လုပ်ငန်းအဆောက်အဦးတွေမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ ရုံးဖွင့်နိုင်မယ့် သဘောဖြစ်ပါတယ်။ တရုတ်အမျိုးသား Serge Pun ပိုင်တဲ့ ရိုးမဘဏ်ကို IFC က ဒေါ်လာသန်း (၃၀) ချေးထားတဲ့ကိစ္စဟာလည်း အစုံအလင် မသိရလို့ အငြင်းပွားစရာ ဖြစ်နေပါတယ်။ Honduras နိုင်ငံမှာလည်း အချမ်းသားဆုံးသူဌေးကို IFC က ငွေချေးလို့ ပြဿနာ ဖြစ်ခဲ့ဖူးပါတယ်။
နိုင်ငံခြား အကူအညီ ရရှိမှုနဲ့ သုံးစွဲမှုမှာ ပွင့်လင်းမြင်သာမှု ရှိရေးနဲ့ ထိရောက်ရေးအတွက် ၂၀၁၃ မှာ နေပြည်တော် သဘောတူညီချက်ကို ရယူပါတယ်။ ဗမာအစိုးရနဲ့ ဖွံ့ဖြိုးမှုမိတ်ဘက်တွေမှာ အတူတကွ ရေးဆွဲတဲ့ သဘောတူချက် ဖြစ်ပါတယ်။ နိုင်ငံခြားအကူအညီကို မှတ်တမ်းတင်ဖို့ ဖန်တီးထားတဲ့ website ကို မုန့်ဟင်းခါးလို့ အမည်ပေးထားပါတယ်။ ဖေဖေါ်ဝါရီလ (၇) ရက်နေ့ကစပြီး မုန့်ဟင်းခါးဝဘ်ဆိုက်ဟာ အသက်ဝင်လာပါတယ်။ နိုင်ငံခြား အကူအညီတွေကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ မှတ်တမ်းတင်ထားတာ တွေ့နိုင်ပါတယ်။ အချိန်မီ သတင်းမပို့နိုင်တဲ့ အလှူရှင်အချို့ ရှိပေမယ့် နိုင်ငံခြားအကူအညီ (၈၀) ရာခိုင်နှုန်းကို မှတ်တမ်းတင်နိုင်ပါတယ်။ ၂၀၁၁ ကစပြီး ကူညီဖို့ ကတိပြုထားတာ ဒေါ်လာသန်းပေါင်း (၅) ထောင်ကျော်ရှိပြီး ဂျပန်နိုင်ငံကတင် ဒေါ်လာသန်း (၂) ထောင်ကူညီမယ့် အစီအစဉ် ဖြစ်ပါတယ်။
နိုင်ငံခြား အကူအညီ ရရှိပုံနဲ့ သုံးစွဲပုံကို စုံစုံလင်လင် သိရလေလေ ပြည်သူလူထုအတွက် အသုံးပြုမပြု သိနိုင်လေလေ ဖြစ်ပါတယ်။ နိုင်ငံခြားအကူအညီမှာ လူ့စွမ်းရည် တိုးတက်ရေးကို ဦးစားပေးလာတာ တွေ့ရပါတယ်။ အစိုးရအမှုထမ်းလောကဟာ လုပ်ရည်ကိုင်ရည် နှိမ့်ကျပေမယ့် လက်တွဲလုပ်လို့ ရသေးတယ်လို့ အလှူရှင်အဖွဲ့အစည်းနဲ့ နိုင်ငံတွေက ယူဆပါတယ်။ ဒါကြောင့် အစိုးရအမှုထမ်း စွမ်းရည်မြှင့်တင်ဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း (၈၀) ထောက်ပံ့ထားပါတယ်။ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့နဲ့ ပြည်သူ့ထောက်ခံမှု ရရှိဖို့အတွက် အစိုးရအမှုထမ်းတွေ စွမ်းရည်ရှိဖို့ လိုပါတယ်။
တချိန်တည်းမှာပဲ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍမှာလည်း စွမ်းရည်ထက်မြက်လာပြီး နိုင်ငံဖွံ့ဖြိုးရေးမှာ ပါဝင်လာနိုင်ဖို့ လိုပါတယ်။ ဝန်ကြီးဌာနမှာ စစ်ဗိုလ်တွေ များနေတာဟာ စွမ်းရည်ကျဆင်းရတဲ့အချက် ဖြစ်ပါတယ်။ စစ်ဗိုလ်ကို ဖယ်ရှားလိုက်တာနဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ အမှုထမ်း တိုးပွားလာတာ တွေ့ရတယ်လို့ Kyoto Sangyo တက္ကသိုလ်က ပါမောက္ခ Patrick Strefford ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ အလှူရှင်အဖွဲ့အစည်းတွေဟာ စစ်ဗိုလ်လူထွက်ဝန်ကြီးနဲ့ မဆက်ဆံလိုဘဲ ဒု-ဝန်ကြီး (သို့) အရာထမ်းတွေနဲ့သာ အလုပ်လုပ်လိုကြတယ်လို့ ဆိုပါတယ်။ စစ်ဗိုလ် နဲ့ စစ်ဗိုလ်လူထွက်တွေ ဦးဆောင်ပြီး အသွင်ကူးပြောင်းလို့ မရနိုင်ကြောင်း လူ့စွမ်းရည်မြှင့်တင်ဖို့ အကူအညီပေးနေသူတွေက သဘောပေါက်နေပြီ ဖြစ်ပါတယ်။