သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ်အခြေအနေတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ကုလဆွေးနွေး


 မြန်မာအစိုးရကိုယ်စားလှယ် ဒေါ်စုစုဝင်း- ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၃၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံ
မြန်မာအစိုးရကိုယ်စားလှယ် ဒေါ်စုစုဝင်း- ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၃၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံ

အရေးပေါ်အုပ်ချုပ်ရေး ဆိုတဲ့ခေါင်းစဉ်အောက်မှာ အာဏာပိုင်တွေဘက်ကပြင်းထန်လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာကြောင်း လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်Fionnuala Ni Aolain က ပြောဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၃၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ကြာသာပတေးနေ့က ဒီအကြောင်းအရာအပေါ် နိုင်ငံအလိုက် တုန့်ပြန်ပြောဆိုရာမှာ မြန်မာအစိုးရကိုယ်စားလှယ်ကတော့ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ ရန်ကို ကာကွယ်ဖို့ မြန်မာလုံခြုံရေးတပ်တွေက အချိန်အကန့်အသတ်ထားပြီး တန်ပြန်တိုက်ခိုက်ခဲ့တာသာဖြစ်တယ်လို့ဆိုပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးအတွက် အရေးပေါ်အုပ်ချုပ်ရေး သတ်မှတ်လုပ်ဆောင်မှု နောက်မှာ အကျိုးဆက်အဖြစ် လူ့အခွင့်အရေးချိုးဖောက်မှုအမြောက်အများကျူးလွန်ခဲ့တဲ့ သက်သေအထောက်အထားတွေ ရှိနေကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ် Fionnuala Ni Aolain က လူ့အခွင့်အရေးကောင်စီညီလာခံမှာ အခုလိုပြောသွားပါတယ်။

“ကမ္ဘာတဝှမ်းမှာ အရေးပေါ်အုပ်ချုပ်ရေး ဆိုတာဟာ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဆိုတဲ့ အဓိပ္ပါယ်နဲ့ အတူတူဖြစ်လာခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ သက်သေအထောက်အထားတွေ ပြုစုမှတ်တမ်းတင်ထားတာဟာ ဆယ်စုနှစ်နဲ့ချီကြာခဲ့ပါပြီ။ အရေးပေါ်အုပ်ချုပ်ရေးဥပဒေကို အစိုးရတွေက်ဘက်က မှန်မှန်ကန်ကန်အသုံးမပြုဘဲ လွတ်လပ်စွာထုတ်ဖေါ်ခွင့်၊ မိသားစုတွေရဲ့ဘဝတွေ၊ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်စတာတွေအပါအဝင် ညှမ်းပမ်းနှိပ်စက်မှုကနေ ကင်းလွတ်ခွင့်စတဲ့ အခြေခံလူ့အခွင့်အရေးတွေကို ဖိနှိပ်ခဲ့ပါတယ်။”

အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆောင်ရွက်ရာမှာ အစိုးရတွေအနေနဲ့ အရေးပေါ်အုပ်ချုပ်ရေး ကို ဥပဒေနဲ့အညီ တာဝန်ယူဆောင်ရွက်သင့်ပြီး လူ့အခွင့်အရေးအပေါ် ထိခိုက်မှုရှိမရှိ အကဲဖြတ်သင့်ကြောင်းလည်း သူက တင်ပြသွားပါတယ်။

တရုတ်နဲ့ ဘရားဇီးလ်နိုင်ငံ တွေကတော့ဒီအကြောင်းအရာပေါ်မှာ တုန့်ပြန်ပြောဆိုင်ပိုင်ခွင့် နိုင်ငံတွေအဖြစ် Fionnuala Ni Aolain ရဲ့အစီရင်ခံတင်ပြချက်တွေအပေါ် ဆွေးနွေးပြောဆိုခဲ့ပါတယ်။ အပြန်အလှန်ပြောဆိုတဲ့ နိုင်ငံတွေထဲမှာတော့ မြန်မာအစိုးရကိုယ်စားလှယ်ဘက်က ဒေါ်စုစုဝင်းကနေ မြန်မာနိုုင်ငံမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရကြောင်း အခုလိုပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာလည်းပဲ အကြမ်းဖက်ဝါဒရဲ့ စိန်ခေါ်မှုတွေရင်ဆိုင်နေရပါတယ်။ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်မှာ အပြစ်မဲ့အရပ်သားအများအပြား သတ်ဖြတ်ခံရသလို၊ ဒဏ်ရာတွေလည်းရခဲ့ကြပြီး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ ဒါအပြင် ရခိုင်၊ မွတ်စလင်၊ ဒိုင်းနက်၊ မြို၊ သက်၊ မာရမ္မက်ကြီးနဲ့ ဟိန္ဒူ တွေရဲ့ အခြေခံလူ့အခွင့်အရေးနဲ့ သွားလာခွင့် တွေကိုလည်း အများအပြားထိခိုက်စေခဲ့ပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ကို တန်ပြန်နှိမ်နင်းဖို့ မြန်မာလုံခြုံရေးတပ်တွေဘက် အချိန်အကန့်အသတ်ထားပြီး ဆောင်ရွက်ခဲ့ကြောင်းလည်း သူက အခုလိုပြောပါတယ်။

“လုံခြုံရေးတပ်တွေအနေနဲ့ အချိန်အကန့်သတ်ထားပြီး ထိတွေ့တုန့်ပြန်မှုတွေ အများအပြားဆောင်ရွက်ခဲ့ပါတယ်။ အကြမ်းဖက်မှုဆိုင်ရာ ဥပဒေနဲ့ အညီ အရပ်သားပြည်သူတွေကို ကာကွယ်ပေးဖို့နဲ့ တရားဥပဒေထိန်းသိမ်းဖို့ အဓိကထားလုပ်ဆောင်ခဲ့ပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာအကြပ်အတည်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုအပါအဝင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Al Hussein တို့က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ညီလာခံအစမှာ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန်တိုက်တွန်းထားကြပါတယ်။

ဂျီနီဗာမှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီလည်း မကြာခင်ရက်ပိုင်းအတွင်း သူရဲ့အစီရင်ခံစာတင်ပြဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG