သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေးကောင်စီ စစ်အစိုးရ ချိုးဖောက်မှု စုံစမ်းရေး ဆွေးနွေး


ကုလ လူ့အခွင့်အရေးကောင်စီ စစ်အစိုးရ ချိုးဖောက်မှု စုံစမ်းရေး ဆွေးနွေး
ကုလ လူ့အခွင့်အရေးကောင်စီ စစ်အစိုးရ ချိုးဖောက်မှု စုံစမ်းရေး ဆွေးနွေး

မြန်မာနိုင်ငံဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းရေး နိုင်ငံတကာ ကော်မရှင် ဖွဲ့စည်းဖို့ နိုင်ငံကြီးအချို့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြခဲ့ကြပါတယ်။ မြန်မာကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်မှု မရှိဘူးလို့ ငြင်းဆန်လိုက်ပြီး လူ့အခွင့်အရေးကောင်စီကို နိုင်ငံရေး ဖိအားပေးစရာ စင်မြင့်တခုအဖြစ် မသုံးဖို့ သတိပေးပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရှိမရှိ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ဖို့ကိစ္စဟာ အခု ဂျီနီဗာမှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း အတော်လေး ဂယက်ရိုက်နေပါတယ်။ ဒီလို နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့ရေးကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) က ဒီနှစ်ဆန်းပိုင်းက အကြံပြုခဲ့တာဖြစ်ပြီး ဒီအပေါ်မှာတော့ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျ၊ ချက်သမ္မတနိုင်ငံ၊ စလိုဗက်ကီးယား၊ ဟန်ဂေရီနဲ့ ဗြိတိန်နိုင်ငံတို့က တရားဝင် ထောက်ခံထားကြပါတယ်။ ပြင်သစ်နိုင်ငံ အနေနဲ့လည်း ဒီကိစ္စကို ထောက်ခံတယ်လို့ ပြီးခဲ့တဲ့ သောကြောနေ့ လူ့အခွင့်အရေးကောင်စီ အတွင်းမှာ ပြောသွားပါတယ်။

“မြန်မာနိုင်ငံတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၂,၁၀၀ ကျော်ဟာ မလွတ်မြောက်နိုင်သေးပါဘူး။ နိုဝင်ဘာ ရွေးကောက်ပွဲဟာလည်း လွတ်လပ် မျှတမယ့် အခြေအနေမှာ မရှိပါဘူး။ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိနေတုန်းပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ကော်မရှင်တရပ် ဖွဲ့စည်းရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အကြံပြုချက်ကို ပြင်သစ်နိုင်ငံ အနေနဲ့ ကြိုဆိုပါတယ်။ မြန်မာအစိုးရဘက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။”

ပြင်သစ်ကိုယ်စားလှယ် Jean - Baptiste Mattei ပြောသွားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ကော်မရှင် ဖွဲ့စည်းရေးကို ဘယ်လို ဘယ်ပုံနဲ့ ဖွဲ့စည်းမယ် ဆိုတာကို အမေရိကန် ပြည်ထောင်စုဘက်က ဦးစီးဦးဆောင် လုပ်သွားမယ်လို့ အမေရိကန် ကိုယ်စားလှယ် Ellen Chamberlain Donahoe က လူ့အခွင့်အရေးကောင်စီမှာ ပြောသွားပါတယ်။

“မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိဆိုတာ စုံစမ်းစစ်ဆေးဖို့အတွက် သင့်တော်တဲ့ နိုင်ငံတကာ ကော်မရှင်တရပ် ဖွဲ့စည်းဖို့ လိုပါတယ်။ အမေရိကန်ပြည်ထောင်စု အစိုးရ အနေနဲ့ ဒီအတွက် ဘယ်လို ဦးစီးဦးဆောင် အကောင်းဆုံး ဆောင်ရွက်နိုင်မလဲ ဆိုတာကို လေ့လာနေပါတယ်။”

စုံစမ်းရေး ကော်မရှင် ဖွဲ့ရေး ထောက်ခံထားတဲ့ အခြားနိုင်ငံတွေဖြစ်တဲ့ ဟန်ဂေရီ၊ ချက်၊ စလိုဗက်ကီးယား၊ သြစတြေးလျ နိုင်ငံတို့ကလည်း မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို နိုင်ငံတကာ ဥပဒေအရ ကိုင်တွယ်ကြဖို့ တိုက်တွန်း ပြောဆိုခဲ့ကြပါတယ်။ မြန်မာစစ်အစိုးရ ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်ကတော့ အခုစွပ်စွဲချက်တွေဟာ မမှန်ကန်ဘဲ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးနေတာလို့ ပြောသွားပါတယ်။

“မြန်မာနိုင်ငံကို စွပ်စွဲ ပြောဆိုချက်တွေဟာ အခြေအမြစ် ခိုင်ခိုင်မာမာ မရှိသလို လုံး၀ မှားယွင်းတဲ့ အချက်အလက်တွေပါ။ မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ မရှိပါဘူး။ မြန်မာအစိုးရဟာ သောင်းကျန်းသူ နှိမ်နင်းရေးတွေကိုပဲ ဆောင်ရွက်နေတာပါ၊ စစ်ဆင် တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ တည်ဆဲ အမျိုးသား ဥပဒေတွေကို ချိုးဖောက်တဲ့ စစ်ဘက်က ဘယ်သူ့ကိုမဆို ဥပဒေအတိုင်း အပြစ်ပေး အရေးယူခဲ့ပါတယ်။

“ဒါကြောင့် မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဘာမှ စုံစမ်း စစ်ဆေးနေစရာ မလိုပါဘူး။ လူ့အခွင့်အရေးကောင်စီဟာ အခြားနိုင်ငံတွေအပေါ် နိုင်ငံရေးအရ အသုံးချ ဖိအားပေးစရာ စင်မြင့်တခု မဖြစ်သင့်ပါဘူး။”

သောကြာနေ့က လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံတွင်းက လူအခွင့်အရေး ချိုးဖောက်မှုတွေကို ပြောရာမှာ အခုလာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ ကိစ္စကိုလည်း အတော်များများက အလေးပေး ပြောခဲ့ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲကို နိုင်ငံတကာ စံနှုန်းအရ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နိုင်ငံအများစုက တိုက်တွန်းကြတာပါ။ အာရှနိုင်ငံတွေထဲက ထူးထူးခြားခြား ဂျပန်နိုင်ငံက နိုဝင်ဘာ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု မရှိနိုင်ဘူးလို့ ဝေဖန်ပါတယ်။

“မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံ အနေနဲ့ စိုးရိမ်မှုတွေ ရှိနေတုန်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ ပါဝင်ခွင့် မပေးတာဟာ အင်မတန် ဝမ်းနည်းဖို့ ကောင်းပါတယ်။ ဒီအတွက် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတရပ် ဖြစ်လာဖို့ တွေ့ဆုံဆွေးနွေးပါလို့ မြန်မာအစိုးရကို ဂျပန်နိုင်ငံ အနေနဲ့ ထပ်မံ တိုက်တွန်းပါတယ်။”

မြန်မာကိုယ်စားလှယ်ကတော့ မြန်မာ့နိုင်ငံရေးကို မြန်မာလူမျိုးတွေပဲ ဆုံးဖြတ်ရမှာ ဖြစ်ပြီးတော့ အခုလို ပြင်ပက ဖိအားပေး ပြောနေတာတွေကို လက်မခံဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေး ကိစ္စတွေကို ကိုင်တွယ်ရာမှာ နိုင်ငံရေး ပယောဂ မပါဘဲ၊ ထိပ်တိုက်မတွေ့ဘဲ ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ မြန်မာကိုယ်စားလှယ်က ထောက်ပြခဲ့ပါတယ်။

“မြန်မာနိုင်ငံဟာ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တရပ်ကို အသွင်ပြောင်းနေပါပြီ။ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို မြန်မာလူမျိုးတွေကပဲ ဖန်တီးရမှာပါ။ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြင်ပကနေ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ပြီး ကြိုတင်တွက်ဆ ပြောနေကြတာတွေဟာ လုံး၀ မျှတမှု မရှိပါဘူး။”

ပြီးခဲ့တဲ့ သောကြောနေ့ လူ့အခွင့်အရေးကောင်စီမှာ အခုလို မြန်မာနိုင်ငံကိစ္စ နိုင်ငံအတော်များများက ဝေဖန် ဆွေးနွေးခဲ့ကြတဲ့ ကိစ္စကိုရော၊ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး ကိစ္စကိုပါ မြန်မာနိုင်ငံအပေါ် တလျှောက်လုံး ကာကွယ်ပြောခဲ့တဲ့ တရုတ်နိုင်ငံဘက်က တစုံတရာ ပြန်လည်တုံ့ပြန်တာ၊ ကန့်ကွက်ခဲ့တာမျိုး မရှိပါဘူး။ အဲဒီအစား ဥရောပနိုင်ငံအချို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပဲ တရုတ်က ပြန်လည် ထောက်ပြခဲ့တာ တွေ့ရပါတယ်။

XS
SM
MD
LG