သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံစိတ်ဓာတ်၊ ဖက်ဒရယ်ပြည်ထောင်စုအရေးနဲ့ ရှမ်းခေါင်းဆောင်တွေရဲ့ ပုံရိပ်


မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြနေတဲ့ ပြည်ထောင်စုနေ့အကြို ပင်လုံပန်းချီပြပွဲမြင်ကွင်း။ (ဖေဖော်ဝါရီ ၈၊ ၂၀၁၄)
မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြနေတဲ့ ပြည်ထောင်စုနေ့အကြို ပင်လုံပန်းချီပြပွဲမြင်ကွင်း။ (ဖေဖော်ဝါရီ ၈၊ ၂၀၁၄)
တိုင်းရင်းသားခေါင်းဆောင်တွေ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ စစ်မှန်တဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်ဖို့ဆိုရင် အတိတ်သမိုင်းတွေကို သင်္ခန်းစာယူပြီး ရှေ့အနာဂတ် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ဖို့အရေး တိုင်းရင်းသားအားလုံးက ပြည်ထောင်စုစိတ်ဓာတ်နဲ့ တက်လှမ်းကြိုးစားကြဖို့ ဆန္ဒပြုခဲ့ကြတယ်လို့ ရှမ်းခေါင်းဆောင်တစ်ဦးက ပြောဆိုလိုက်ပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စုအကြို ပင်လုံပန်းချီပြပွဲမှာ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတွေ တွေ့ဆုံကြတဲ့အချိန် အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ပြည်ထောင်စုနေ့အကြို ဖေဖော်ဝါရီလ (၈) ရက်နေ့မှာ ပြသတဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်လည်းဖြစ်၊ ရှမ်းပန်းချီဆရာတစ်ဦး လည်းဖြစ်တဲ့ စိုင်းလင်းမြတ်ရဲ့ ပင်လုံစာချုပ်နဲ့ ပင်လုံကို ချုပ်ဆိုခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ပုံရိပ်တွေကို ရေးဆွဲထားတဲ့ “ပင်လုံမှသည် ငြိမ်းချမ်းတဲ့ပြည်ထောင်စုဆီသို့” ဆိုတဲ့ ပင်လုံပန်းချီပြပွဲမှာ ပင်လုံနဲ့ဆိုင်တဲ့ ပန်းချီကားချပ်တွေကို ဂုဏ်ပြုရေးဆွဲ ပြသထားတာဖြစ်ပါတယ်။ နောက် တက်ရောက်လာကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းမှာ ပင်လုံစာချုပ်ဟာ အဓိက အထင်ကရ သမိုင်းဖြစ်လို့ ပင်လုံစာချုပ်ပါ အခြေခံ ကတိကဝတ်တွေကို လေးစားလိုက်နာပြီး တိုင်းရင်းသားတွေ အားလုံးတန်းတူအခွင့်အရေးပေးဖို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ ဆန္ဒကို တန်ဖိုးထား အလေးအနက် လုပ်ဆောင်ဖို့ အရေးကြီးတယ်ဆိုတာ ပြောဆိုခဲ့ကြပါတယ်။

တိုင်းရင်းသားခေါင်းဆောင်အသီးသီးနဲ့ နိုင်ငံရေးအင်အားစုတွေက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘုံသဘောတူညီတဲ့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ကပြောခွင့်ရ ဦးစိုင်းလိတ် က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“အားလုံးကတော့ ပင်လုံကို အခြေခံတဲ့ စိတ်ဓာတ်တွေ ရှိကြတယ်။ ဒါပေမဲ့ ရိုးသားပွင့်လင်းမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု အဲ့ဒီ့အပိုင်းတွေမှာတော့ နည်းနည်း အားနည်းနေသေးတာတွေ့ရတယ်။ ဝိုင်းဝန်းကြိုးပမ်းနေကြတဲ့ အစိုးရ အဖွဲ့အစည်းရော၊ တိုင်းရင်းသားခေါင်းဆောင်တွေရော၊ အဖွဲ့အစည်းတွေရော၊ လူထုအခြေပြုအဖွဲ့အစည်းခေါင်းဆောင်တွေရော၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ တကယ်လို့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်မယ် ဆိုလို့ရှိရင် ဒုတိယပင်လုံညီလာခံဆိုတာကို ပြောနေသလို တကယ်စိတ်ထဲမှာ ရှိတာနဲ့ လက်တွေ့ဘဝ လုပ်နေတာဟာ တထပ်တည်း ကျဖို့ လိုအပ်တာပေါ့နော်။”

ငြိမ်းချမ်းရေးမရသေးရင် ဒီမိုကရေစီဖော်ဆောင်နိုင်မှာမဟုတ်သလို ငြိမ်းချမ်းရေး ရပြီးလို့ ဖက်ဒရယ်စနစ်ကို မတည်ဆောက်နိုင်ရင်လည်း တိုင်းပြည် အနာဂတ် အတွက် စိုးရိမ်စရာရှိတယ်ဆိုတာ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ပြပြောဆိုခဲ့တယ်လို့လည်း ဦးစိုင်းလိတ်က ဆက်ပြောပါတယ်။

“ဘုံသဘောတူညီမှုတခုကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်နိုင်ဘူးဆိုရင် ဒီမိုကရေစီနိုင်ငံတော်ကြီးကို ဘယ်လိုမှ တက်လှမ်းနိုင်မှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ အားလုံးက အမှန်ကိုအမှန်အတိုင်း ရှုမြင်ပြီးမှ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်းကြမယ်။ အရင်ကဖြစ်ခဲ့ဖူးတဲ့ အတိတ်က အကြောင်းတွေကို ဖော်ထုတ်မနေဘဲနဲ့ ရှေ့ကို ဘယ်လို တက်လှမ်းကြမလဲဆိုတာပဲ ဝိုင်းဝန်းစဉ်းစားကြဖို့ အဲ့ဒီ့အပေါ်မှာ ကျနော်တို့ SNLD ကလည်းပဲ အနာဂတ်အတွက် ဝိုင်းဝန်းကြိုးပမ်းနေပါတယ်ဆိုတာကို အားလုံးက ဆန္ဒပြုကြတယ်။ ကျနော်တို့လည်း အဲ့အတိုင်းပဲ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။”

တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ရင် တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို အလေးအနက်ထား စဉ်းစားသင့်တယ်လို့ ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအသင်း ညွန်ကြားရေးမှူး ဒေါ်စူဆန်နာလှလှစိုးကလည်း ပြောပါတယ်။

“လူမျိုးကြီးဝါဒ၊ စစ်တပ်ကြီးစိုးရေးဝါဒ လွှမ်းမိုးသွားတဲ့အခါမှာ ကိုယ့်လက်နက် ကိုယ်ကိုင်စွဲပြီးတော့ ကိုယ့်လုံခြုံရေးအတွက် ကိုယ်လုပ်ကြရတဲ့ သဘောဖြစ်နေတယ်။ တောင်းဆိုတဲ့အချက်တွေကို လေးလေးနက်နက် စဉ်းစားပြီးတော့ လုပ်သင့်တယ်ပေါ့။”

ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့တဲ့ ဒီပင်လုံအကြိုပွဲကို ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိမ်း၊ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းအပါအဝင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက အဖွဲ့ဝင်တွေပါ တက်ရောက်ခဲ့ပြီး တိုင်းရင်းသားတွေနဲ့ အစိုးရကြား ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုဖော်ဆောင်ရေး အစိုးရရဲ့ဆန္ဒသဘောထားတွေကိုလည်း ဝန်ကြီးတွေက ပြောကြားခဲ့တယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေကလည်း ပြောပါတယ်။

“ဦးစိုးသိမ်းက အဖွင့်ပြောပါတယ်။ ဦးအောင်မင်းက အပိတ်ပြောပါတယ်။ အဓိကဆိုလိုတာကတော့ လက်ရှိတိုင်းရင်းသားတွေနဲ့ မတူတဲ့ ယဉ်ကျေးမှု၊ မတူတဲ့ ဘာသာစကားတွေနဲ့ ပြည်ထောင်စုတစ်ခုတည်းမှာ အတူယှဉ်တွဲနေထိုင် ဖို့ဆိုရင် ယုံကြည်မှုတွေ ရှိဖို့လိုတယ်။ ပြီးတော့ တကယ်လည်း လက်တွေ့ ဆောင်ရွက်ပေးဖို့လိုတယ်။ အဲ့လိုမျိုးတွေအတွက် အခုလည်း ကြိုးစားပြီးတော့ ဆောင်ရွက်နေတယ်။ ဒါကြောင့်လည်း သူတို့ လည်း ဒီနေ့လိုပွဲတက်ရတာ စိတ်လည်းလှုပ်ရှားတယ်။ ဝမ်းလည်းသာတယ်။ ဒီအတိုင်းလည်း ဆက်ပြီးတော့ သူတို့ပိုပြီးတော့ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ သူတို့လည်း ယုံကြည်တယ်ဆိုတာ ပြောသွားပါတယ်။”

ပြည်ထောင်စုအကြို ပင်လုံပွဲမှာ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင် ရှမ်းခေါင်းဆောင်တွေ၊ ကရင်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ ကိုကိုကြီး၊ ကိုမြအေးစတဲ့ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ကလည်း တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG