သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲစောင့်ကြည့်ရေး ကော်မရှင် ဖိတ်ကြား


၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့စဉ်က မဲရုံစစ်ဆေးမှု။
၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့စဉ်က မဲရုံစစ်ဆေးမှု။

၂၀၁၅ ပါတီစုံရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတရပ် ကျင်းပနိုင် ဖို့ အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်တွင်း အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ မီဒီယာ အဖွဲ့အစည်းတွေကို စောင့်ကြည့်လေ့လာဖို့ အတွက် ဖိတ်ခေါ်လိုက်ပါတယ်။ စောင့်ကြည့်လေ့လာမယ့် အဖွဲ့အစည်းတွေ က ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေ နဲ့ ပြည်တွင်းစောင့်ကြည့်လေ့လာရေး ကျင့်ဝတ်တွေ နဲ့ မီဒီယာအဖွဲ့တွေ ဆိုရင် စာနယ်ဇင်းကောင်စီ (ယာယီ)က ထုတ်ပြန်ထားတဲ့ သတင်းမီဒီယာ ကျင့်ဝတ်တွေကိုလည်း လိုက်နာရမယ် လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ တစ်ဦးက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်နီးကပ်လာချိန်မှာပဲ ပြည်တွင်းမီဒိယာအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်ခေါ် လိုက်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတစ်ခုထက် ပိုပြီးတော့ လေ့လာချင် ရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကို လျှောက်လွှာတင်ရမှာ ဖြစ်ပြီးတော့ တိုင်းဒေသကြီး တခုအတွက် ဆိုရင်တော့ သက်ဆိုင်ရာ တိုင်းဒေသကြီးကော်မရှင် မှာ လျှောက်ရမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်မှုး ဦးသိန်းဦး က ပြောပါတယ်။

"တနိုင်ငံလုံး အတိုင်းအတာနဲ့ စောင့်ကြည့်လေ့လာမယ် ဆိုရင် ကော်မရှင် မှာ လျှောက်ရမယ်။ တကယ်လို့ တိုင်းဒေသကြီး တခုမှာ လျှောက်မယ်ဆိုရင် တိုင်းဒေသကြီးမှာ လျှောက်။ ဒါမှမဟုတ် ခရိုင်တခုတည်း လေ့လာမယ်ဆိုရင် ခရိုင်မှာ သွားလျှောက်၊ မြို့နယ်တခုတည်း လေ့လာမယ်ဆိုရင် မြို့နယ်သွားလျှောက်။"

ရွေးကောက်ပွဲကော်မရှင်က အခုလို စောင့်ကြည့်လေ့လာမယ့်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ထားပေမယ့်လည်း လက်ရှိအချိန်ထိတော့ ဘယ်အဖွဲ့အစည်းကမှ လာရောက်လျှောက်ထားခြင်း မရှိသေးဘူးလို့ သူက ဆိုပါတယ်။ လေ့လာမယ့်ပြည်တွင်း အဖွဲ့အစည်းတွေ အနေနဲ့ ရွေးကောက်ပွဲ မကျင်းပမှီ ၁၅ ရက်နေ့ အထိ လျှောက်ထားနိုင် တယ်လို့ ကော်မရှင် က ပြဌာန်း ထားတဲ့ ပြည်တွင်းရွေးကောက်ပွဲလိုက်နာရမယ့် အချက်တွေထဲမှာ ဖော်ပြ ထားပါတယ်။

မန္တလေးတိုင်းဒေသကြီး တစ်ခုလုံးက အရပ်ဖက်လူ့အဖွဲ့အစည်း ၃၀ ကျော်နဲ့ ဖွဲ့စည်း ထားတဲ့ ရွေးကောက်ပွဲစောင့်ကြည့်သူများ ကွန်ရက် ကတော့ ရွေးကောက်ပွဲဖြစ်စဉ်တောက်လျှောက် လေ့လာနိုင်မယ့် သက်သေခံ ကတ်ပြားကို လျှောက်ထားသွားမယ်လို့ အဖွဲ့ဝင် ကိုညီညီကျော်က ဆိုပါတယ်။

"ကျနော်တို့အားလုံးက အသိအမှတ်ပြု ကတ်ပြားကို ယူပါမယ်။ ဒီအသိအမှတ်ပြု ကတ်ပြားရဲ့ အနေနဲ့ကတော့ ရွေးကောက်ပွဲဖြစ်စဉ် တခုလုံးကို လွတ်လွတ်လပ်လပ် စောင့်ကြည့်ခွင့်ရပါမယ်။ မဲရုံတိုင်းကို ကျနော်တို့ ဝင်ကြည့်ခွင့်ရပါမယ်။ ဒီအတွက်ကြောင့်မို့ အသိအမှတ်ပြုကို ယူသွားမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ မန္တလေးတိုင်းအနေနဲ့ပဲ ယူမှာဖြစ်ပါတယ်။

မေး။ ။ အကိုတို့အဖွဲ့အနေနဲ့ပေါ့လေ။ တိုင်းဒေသကြီး အကုန်လုံးကို စောင့်ကြည့်မယ် ဆိုတော့ အဖွဲ့ အင်အား ဘယ်လောက်လောက် နဲ့များ စောင့်ကြည့်ကြမှာပါလဲခင်ဗျ။

" ကျနော်တို့အနေနဲ့ကတော့ ဖြစ်စဉ်ကို စောင့်ကြည့်တဲ့အခါမှာ အရေအတွက် အင်အားအများကြီးတော့ ကျနော်တို့ သုံးမှာမဟုတ်ပါဘူး။ မဲရုံတိုင်းကို သုံးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ မန္တလေးတိုင်းအနေနဲ့ ပြောပြရမယ်ဆိုရင် အင်အား တစ်ထောင့်သုံးရာလောက် မှန်းထားပါတယ်။"

ရွေးကောက်ပွဲမှာ လေ့လာမယ့်အရပ်ဖက်အဖွဲ့အစည်းတွေသာမက ပြည်တွင်းမီဒီယာတွေ ကိုလည်း စောင့်ကြ့ည့်ဖို့အတွက် မီဒီယာတဖွဲ့မှာ ၁ ဦးကနေ ၃ ဦး အထိလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ပဲခူးလူငယ်ဖွံဖြိုးတိုးတက်ရေးစာစဉ်က ကိုကျော်ကျော်လင်းကတော့ ပဲခူးတိုင်းအတွင်းမှာ လေ့လာဖို့ရှိတယ်လို့ ဖွင့်ဟပါတယ်။

"ကျနော်တို့က ဒီမှာ ပဲခူးမှာပေါ့နော်။ ပဲခူးမှာလုပ်မယ် ကျနော်တို့က တဖွဲ့တည်းတော့ မဟုတ်ဘူးခင်ဗျ။ ကျနော်တို့အနေနဲ့ ပေါင်းထားတာလေးတွေရှိတယ်။ ဥပမာ စေတနာအလင်းအိမ်ရယ်.. ပုည.. အသင်းအဖွဲ့လေးတွေ ငါးဖွဲ့လောက်ပေါင်းပြီးတော့ ပဲခူးမြို့ပေါ်မှာ လုပ်သွားဖို့ရှိတယ်ခင်ဗျ။ လောလောဆယ်တော့ ကျနော်တို့ ညောင်လေးပင်တို့ ဒီပဲခူးတိုင်း အရှေ့ခြမ်းကိုပေါ့ လုပ်ဖို့အတွက် နက်ဝပ်ချိတ်နေတယ်ပေါ့။ နက်ဝပ်ချိတ်နေပြီးတော့ သဘောတူညီမှုရရင်တော့ အဲ့ဒီ့အဖွဲ့တွေ အားလုံးပေါင်းပြီးတော့ တင်သွားဖို့ရှိတယ်။"

စောင့်ကြည့်လေ့လာမယ့်အဖွဲ့အစည်းတွေက ရွေးကောက်ပွဲကော်မရှင်က တရားဝင် ခွင့်ပြုချိန်ကစပြီးတော့ လေ့လာရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နိုင် မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို လေ့လာကြမယ့် မီဒီယာအဖွဲ့တွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်းချက်တွေကိုတော့ ဦးသိန်းဦးက အခုလိုပြောပါတယ်။

"ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားတဲ့ ဥပဒေ ၊ နည်းဥပဒေ ညွန်ကြားချက်တွေနဲ့ စာနယ်ဇင်းကောင်စီက ထုတ်ပြန်ထားတဲ့ မီဒီယာကျင့်ဝတ် ကို လိုက်နာဖို့ပါပဲ။"

ကော်မရှင်က တရားဝင်ခွင့်ပြုထားတဲ့ လေ့လာမယ့်အဖွဲ့အစည်းတွေက မဲရုံအတွင်းမှာ မဲပေးတာ၊ မဲရေတာတွေအပါအဝင် မဲရလဒ် စာရင်းပြုစု တာတွေ ကိုလည်း စောင့်ကြည့်ခွင့် ရမှာ ဖြစ်ပါတယ်။ဒါ့အပြင် ပါတီတွေနဲ့ ဝင်ရောက် အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲအတွက် အသုံးစရိတ်တွေ ကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးအစီရင်ခံစာကို လေ့လာမှုပြီးတဲ့နေ့ကစပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒါမှမဟုတ်ရင် သက်ဆိုင်ရာအဖွဲ့ခွဲတွေထံ ပေးပို့ရမယ်လို့ ကော်မရှင်က တိုက်တွန်းထားပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာနိုင်ဖို့အတွက် နိုင်ငံတကာ ကနေ လေ့လာမယ့် အဖွဲ့ ၅ ဖွဲ့ကိုလည်း ဖိတ်ခေါ်သွားမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောဆို ထားပါတယ်။

XS
SM
MD
LG