သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ ခုံရုံးအဖွဲ့ဝင်တချို့ တပ် ကန့်ကွက်ပေမယ့် အတည်ပြု


ပြည်ထောင်စုလွှတ်တော် ( ဓါတ်ပုံ- MOI)
ပြည်ထောင်စုလွှတ်တော် ( ဓါတ်ပုံ- MOI)

သမ္မတသစ်နဲ့ လွှတ်တော် ဥက္ကဌတွေက အမည်စာရင်း တင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အချို့ကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေက ကန့်ကွက်ခဲ့ပေမယ့် လွှတ်တော်က မဲခွဲအဆုံးဖြတ် အတည်ပြုလိုက်ပါပြီ။ ခုံရုံး အဖွဲ့ဝင် အဖြစ်လျာထားခံရတဲ့ သူတချို့ကိုစစ်ဆေးတာမှာ စိစစ်နိုင်ဖို့ပေးထားတဲ့အချိန် နည်းပါးမှုနဲ့ ကိုယ်ရေးအချက် အလက်တွေကို တိကျစွာမဖော်ပြတာရယ်ကို ကန့်ကွက်လွှာတင်ခဲ့သူ က ထောက်ပြကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုတွေကို ဆုံးဖြတ်ပေးမယ့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်တွေကို ဒီကနေ့ လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အခြေအနေတွေကိုတော့ နေပြည်တော်မှာ သတင်းရယူနေတဲ့ ဗွီအိုအေ သတင်းထောက် မမေခက ပြောပြပေးမှာပါ။

ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှုးကြီး ထွန်းလင်းဦးက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင် တွေအနေနဲ့ရွေးချယ်လျာထားတဲ့ ဒေါ်ခင်ဌေးကြွယ်နဲ့ ဦး တွာလ်ကျင်ပေါင်တို့အနေနဲ့ ကိုယ်ရေးအချက်အလက်ကို တိကျစွာဖော်ပြထား ခြင်းမရှိ တာကြောင့် ကန့်ကွက်လွှာတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုယ်ရေးအချက်အလက်ကို စိစစ်ဖို့မှာလည်း အချိန်အကန့်အသတ်ကြောင့် အားနည်းမှုတွေရှိနေကြောင်း တင်ပြခဲ့ပြီး ပြည့်စုံစွာပြန်လည်တင်ပြနိုင်ခဲ့မယ်ဆိုရင် ထောက်ခံသွားမယ်လို့သူက ပြောဆိုသွားပါတယ်။

“ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်သော ဒေါ်ခင်ဌေးကြွယ်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်သော ဦး တွာလ်ကျင်ပေါင်တို့ဖြည့်သွင်းထားသည့် ကိုယ်ရေးရာဇဝင် မှတ်တမ်းများမှာ တိကျပြည့်စုံမှုမရှိသဖြင့် သတ်မှတ်ချက်များနှင့်အညီ စီစစ်ရင် ခဲယဉ်းနေခြင်း ၊ စီစစ်ရန် အချိန်လုံလောက်မှုမရှိကြောင်း တွေ့ရှိရပါသည်။ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုရှိမရှိကို တိကျစွာဖော်ထုတ်နိုင်စွမ်းမရှိ၍ အကျိုးအကြောင်းဖော်ပြကာ ထောက်ပြရခြင်းဖြစ်ပြီးတော့ ၎င်းတို့နှစ်ဦးရဲ့ ကိုယ်ရေးအချက်အလက်များကို ပြည့်စုံအောင်ဖြည့်သွင်းကာ ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံ တင်ပြသင့်ပါကြောင်းနှင့် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပါက ထောက်ခံသွားမည် ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည် ခင်ဗျာ။”

ဒီလိုထောက်ပြခဲ့တဲ့ အပေါ် သမ္မတသစ်ဦးထင်ကျော်ကတည်ဆဲအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ ဥပဒေပုဒ်မ ၃၂၈ အရရွေးကောက်ခံသမ္မတ၊ ပြည်သူ့
လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌတို့က အမည်စာရင်းတင်သွင်းခဲ့တဲ့သူတွေကို ကန့်ကွက်တာမှာ တပ်ဘက်က ကန့်ကွက်တဲ့အကြောင်းအရာအပေါ် တိကျစွာထောက်ပြဖော်ပြခြင်း မရှိတဲ့ အတွက် ကန့်ကွက်လွှာတွေကို လက်မခံပဲ သမ္မတအနေနဲ့ ပယ်ချခွင့် ရှိတယ်လို့ဖော်ပြထားတာကြောင့် သမ္မတသစ်က တပ်မတော်သား ကိုယ်စားလှယ်တင်ပြလာမှုအပေါ် ပယ်ချကြောင်း လွှတ်တော်ကို စာပေးပို့ခဲ့ပါတယ်။

ဒီနောက်မှာတော့ ပြည်ထောင်စုလွှတ်တော်နာယကပွင့်လင်းမြင်သာစေရန် ဒေါ်ခင်ဌေးကြွယ်နဲ့ဦးတွာလ်ကျင်ပေါင်တို့ရဲ့ ကိုယ်ရေးအချက် အလက်ကိုလွှတ်တော်ဥက္ကဌ ၂ဦးဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဦး မန်းဝင်းခိုင်သန်းတို့က ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ကန့်ကွက်လွှာတင်ခံရတဲ့ ဒေါ်ခင်ဌေးကြွယ်ကို ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ရွေးချယ်လျာထားခဲ့တာဖြစ်ပြီး ဦးတွာလ်ကျင်ပေါင်ကိုတော့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ကန့်ကွက်လွှာတင်ခဲ့တဲ့အပေါ် ဦးဝင်းမြင့်က ခုလိုရှင်းလင်းခဲ့ပါတယ်။

“တပ်မတော်သားကိုယ်စားလှယ် ခုံရုံး အဖွဲ့ဝင်တွေ အရည်အချင်းမပြည့်စုံသောအဆိုကို ပြည်ထောင်စုလွှတ်တော်ကြီးက အဆိုတင်ကတည်းကိုက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေနဲ့ မညီတာ ၊ နောက်တခုက စွတ်စွဲမှုကို သက်သေထင်ရှားမပြနိုင်တာ၊ နောက်ဆုံးခုန နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးတော့ ငြင်းပယ်ပိုင်ခွင့်မရှိရဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဌာန်းချက်တွေကြောင့် ဆက်လက်ပြီးလက်ခံ ဆွေးနွေးရန် လုံး၀ မသင့်ပါကြောင်း အလေးအနက် ရှင်းလင်းတင်ပြအပ်ပါတယ်။”

တပ်မတော်သားကိုယ်စားလှယ် တင်သွင်းတဲ့ ကန့်ကွက်မှုကို ဆက်လက်ဆွေးနွေးသင့် မသင့် မဲခွဲဆုံးဖြတ်ခဲ့တာမှာ ကန့်ကွက်မှုကို သဘောမတူကြပဲ မဆွေးနွေးမယ့်ဘက်က မဲအသာကြောင့် ဒေါ်ခင်ဌေးကြွယ်နဲ့ဦးတွာလ်ကျင်ပေါင်တို့ကို ကန့်ကွက်မှုအဆိုကိုဆက်မဆွေးနွေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါ တယ်။ ဒီနောက်မှာမှ ရွေးချယ်ထားသူတွေကို မဲထပ်မံခွဲကာ ခုံရုံးအဖွဲ့ဝင်တွေအနေနဲ့ အတည်ပြုခံခဲ့ရတာဖြစ်ပါတယ်။

ကန့်ကွက်ခံခဲ့ရတဲ့အပေါ် ဒေါ်ခင်ဌေးကြွယ်က ခုလို သုံးသပ်ပြောဆိုလိုက်ပါတယ်။

“အန်တီကတော့ ဘာမှမပြောချင်ပါဘူး ဒါက လွှတ်တော်က ဆုံးဖြတ်ပြီးသားဖြစ်သွားမှာပါနော်။ ဒါက လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးပါ။”

လက်ရှိ လွှတ်တော်တွင်းမှာ တပ်မတော်ဘက်က ဒုတိယအကြိမ်မြောက် NLD ပါတီဘက်က တင်သွင်းသူတွေကို ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ် ကလည်း ဒုသမ္မတ ဟင်နရီဗန်တီးယူကိုလည်း တည်ဆဲဥပဒေနဲ့မကိုက်ညီတာကြောင့် ပြန်စစ်ဆေးဖို့ ကန့်ကွက်ဖူးပါတယ်။ ဒီလို ကန့်ကွက်မှုတွေရှိနေတာနဲ့ ပတ်သတ်ပြီး လွှတ်တော်စောင့်ကြည့်လေ့လာရေးလုပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်ကတော့ ခုလိုမှတ်ချက်ပေးပါတယ်။

“အဲတော့ ကန့်ကွက်တဲ့ ကိစ္စကို ဘာကြောင့်ပဲဖြစ်ဖြစ် ကန့်ကွက်နိုင်တဲ့ကိစ္စရှိတာကို ကန့်ကွက်တဲ့ သူဘက်ကို အပြစ်မပြောလိုဘူး။ ဒီ ဒေါ်ခင်ဌေးကြွယ်က ပြုတ်လွယ်တဲ့ ကိစ္စမျိုးနဲ့ မဟုတ်ဘူးဆိုတာ ဒီနေ့ ပေါ်လွင်ပါက အချက်အလက်တွေ ခိုင်လုံတယ်ဆိုရင် ထောက်ခံပါတယ်ဆိုတဲ့စကား ၊ ဒေါ်ခင်ဌေးကြွယ်တယောက်တည်းကို ရည်ရွယ်တာမဟုတ်ပဲနဲ့ NLD အနေနဲ့ လုပ်တယ်ဆိုရင် တိတိကျကျလုပ်ပါလို့ ထောက်ပြချင်တဲ့သဘော လို့ အဲလိုပဲ ယူဆပါတယ်။”

မဲခွဲရလဒ်အရ ရွေးချယ်လိုက်တဲ့ အစိုးရသစ်လက်ထက်မှာ တာဝန်ထမ်းဆောင်ဖို့ ခုံရုံး အဖွဲ့ဝင် ၉ ဦးတို့ကတော့ ဦးညီညီ ၊ ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်၊ ဦးမျိုးညွှန့် ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးတွာလ်ကျင်ပေါင်၊ ဒေါ်လှမျိုးနွယ်နဲ့ ဦးကျော်ဆန်း တို့ဖြစ်ပြီးဦးမျိုးညွှန့်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။

XS
SM
MD
LG