သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကိစ္စအပေါ် ဝေဖန်မှုတွေထွက်ပေါ်


ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း
ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း

တလုံးတခဲတည်း နိုင်ငံရေးပင်စင် ချီးမြှင့်ငွေ ကိစ္စနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ထွက်နေချိန်မှာ ဒီချီးမြှင့်ငွေကို လွှတ်တော်အမတ်တွေသာမက နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးအားလုံးခံစားခွင့်ရမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တနင်္လာနေ့ကပြောကြားလိုက်ပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် မြန်မာနိုင်ငံလိုမျိုး ဘတ်ဂျက်လိုငွေပြနေတဲ့ နိုင်ငံမှာ ပင်စင်ငွေအဖြစ် အစုလိုက်အပြုံလိုက်သုံးလိုက်မယ်ဆိုရင် တိုင်းပြည်ရဲ့စီးပွားရေးကိုပါထိခိုက်နစ်နာစေတယ်လို့ မြန်မာ့စီးပွားရေးပညာရှင်တဦးကလည်း သုံးသပ်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

အရင်နအဖစစ်အစိုးရက ၂၀၁၁ခုနှစ် ဇန်နဝါရီလမှာပြဌာန်းခဲ့တဲ့ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ် များ၏ လစာ စရိတ် ချီးမြှင့်ငွေနှင့် အဆောင်အယောင် ဥပဒေ ပုဒ်မ (၂၆) အပါအဝင် အခြား ပုဒ်မ(၅)ခုတို့ပါပြဌာန်းချက်တွေအရ တလုံးတခဲတည်းသောနိုင်ငံရေးပင်စင်ချီးမြှင့်ငွေတွေကို လွှတ်တော်ကိုယ်စားလှယ်တွေသာမက ပြည်ထောင်စုအစိုးရအဖွဲ့ဝင်အားလုံးပါခံစားခွင့်ရှိတယ်လို့ ဒီဇင်ဘာလ (၂၁)ရက်နေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်နာယက သူရဦးရွှေမန်းက အခုလိုပြောကြားသွားပါတယ်။

“တကယ်တော့ အခုပြောနေကြတဲ့ တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရကြမှာ လွှတ်တော် ကိုယ်စားလှယ်များတင် မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၆ ခုနှစ် မတ်လ အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့၊ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများအပါအဝင် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းသို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌနဲ့ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဌနဲ့ ကောင်စီဝင်များ အားလုံး ပါဝင်ပါတယ်။”

ဒီဥပဒေတွေအရ သမ္မတ၊ ဒုသမ္မတတွေ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ တိုင်းဒေသကြီးအလိုက်အစိုးရအဖွဲ့ဝင်တွေဟာ သူတို့လက်ရှိရနေတဲ့ လစာငွေတွေကို သူတို့ တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်နှစ်နဲ့ မြှောက်ပြီး တလုံးတခဲတည်းနိုင်ငံရေးပင်စင်ချီးမြှင့်ငွေ အဖြစ် ခံစားခွင့်ရှိမှာဖြစ်ပါတယ်။ ဒါအပြင် သူတို့ရဲ့ လစဉ်နိုင်ငံရေးပင်စင်၊ စရိတ်နဲ့ အဆောင်အယောင်တွေကိုလည်း ပုံမှန်ခံစားခွင့်ရှိနေမှာဖြစ်ပါတယ်။

ဒါကြောင့် တလကို ကျပ်ငွေသိန်း (၃၀) ခံစားခွင့်ရှိတဲ့ ဝန်ကြီးတဦးအတွက် ကျပ်ငွေသိန်းပေါင်း (၁၅၀)၊ တလကို ကျပ်ငွေ(၁၀)သိန်းခံစားခွင့်ရှိတဲ့ လွှတ်တော်အမတ်တဦးအတွက် ကျပ်ငွေသိန်း (၅၀) အသီးသီးရကြမှာဖြစ်ပါတယ်။

နိုင်ငံတကာမှာ သမ္မတအပါအဝင် အစိုးရဝန်ထမ်းတွေကို ပင်စင်လစာပေး ကြပေမဲ့ နိုင်ငံတကာစံနှုန်းနဲ့ပဲကြည့်ကြည့်၊ ကိုယ့်တိုင်းပြည် အနေအထားအရ ပဲကြည့်ကြည့် အခုလို တလုံးတခဲတည်းပေးမယ့် နိုင်ငံရေးပင်စင်ဆိုတာဟာ တရားမျှတမှုမရှိဘူးလို့ မြန်မာ့စီးပွားရေးသုတေသီ ဦးစိန်ဌေးက ပြောပါတယ်။

“တိုင်းပြည်ရဲ့အခြေအနေမကောင်းဘူး၊ စီးပွားရေးအရလည်း အလွန်အင်မတန်နိမ့်ကျနေတဲ့အချိန်မှာ ဒီလောက်ယူတာဟာ မျှတရဲ့လားဆိုတဲ့ရှုထောင့်က စဉ်းစားဖို့လိုတယ်။ တိုင်းပြည်ရဲ့ လူနေမှုစရိတ်က အဲဒီလောက်မရှိတဲ့အနေအထားမှာ လူထုကဆင်းရဲနေချိန်မှာ ဒါဟာ မျှတမှုမရှိဘူး။ လက်ရှိမြန်မာနိုင်ငံမှာ လိုငွေပြနေတယ်ဗျ။ တိုင်းပြည်မှာ သုံးတာကများ၊ ရတာကနည်း ပြီး လိုငွေပြနေတဲ့အခါမှာ တော်တော်များများက ပိုက်ဆံရိုက်ထုတ်ရတာ။ အခုလဲ ဘတ်ဂျတ်ထဲကနေဒါတွေကိုပေးမယ်ဆိုရင် ဘတ်ဂျတ်ရှု့ထောင့်အရ လိုငွေတွေပြလာရင် တိုင်းပြည်စီးပွားရေးဒုက္ခရောက်မယ်။”

ဒါအပြင် ဒီချီးမြှင့်ငွေတွေကို ဥပဒေပြဌာန်းချက်အရဆောင်ရွက်တယ်ဆိုပေမဲ့ လူထုဆန္ဒသဘောထားကိုကောက်ယူသင့်တယ်လို့ ဦးစိန်ဌေးကမြင်ပါတယ်။

“လွှတ်တော်မှာမဲခွဲသင့်တယ်လို့မြင်တယ်။ ဒါပြည်သူ့ပိုက်ဆံ ကို ပြည်သူ့ ကိုယ်စားလွှတ်တော်က တာဝန်ရှိတယ်၊ ပြည်သူ လူထုဆန္ဒသဘော ထားလည်းကောက်သင့်တယ်။ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီနိုင်ငံ သွားနေရင် ပြည်သူလူထုကလည်း ဒါနဲ့ပတ်သက်လို့ အကြံပေးသင့်တယ်ဗျ။ ပိုဆိုးတာက အခုလွှတ်တော်ကိုယ်စားလှယ်တွေကိုပေးတဲ့ နိုင်ငံရေးပင်စင်ဆိုတာ (၃)နှစ်နဲ့ (၅)နှစ် စသည်ပေါ့ဗျာ၊ အဲလောက်နဲ့ပေးလိုက်တဲ့အခါမှာ အဲဒီလူတွေဟာ ပင်စင်ယူသွားပြီး နောက်ထပ်နိုင်ငံရေးမလုပ်တော့ဘူးလား။

လက်ရှိလွှတ်တော်သက်တမ်းမှာပါနေပေမဲ့ နောက်လွှတ်တမ်းသက်တမ်းအတွက် ရှုံးနိမ့်ခဲ့ကြတဲ့ ကြံခိုင်ဖွံဖြိုးရေးပါတီကိုယ်စားလှယ်တချို့ကတော့ အခုလိုတလုံးတခဲ တည်းသောနိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို လွှတ်တော်အမတ်အများစုက သဘောတူ မယ်ဆိုရင် သူတို့အနေနဲ့လည်း လက်ခံမယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG