သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်အရေး နောက်ထပ်ဒေါ်လာ ၇၄ သန်း ကန်ထောက်ပံ့


ကော့ဇ်ဘဇားမှာရှိတဲ့ ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း။ (သြဂုတ် ၃၀။ ၂၀၂၃/ဗွီအိုအေ)
ကော့ဇ်ဘဇားမှာရှိတဲ့ ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း။ (သြဂုတ် ၃၀။ ၂၀၂၃/ဗွီအိုအေ)

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းကလိုအပ်နေတဲ့ပြည်သူတွေအတွက် လူသားချင်းစာနာကူညီမှု နောက်ထပ် ဒေါ်လာ ၁၁၆ သန်းထောက်ပံ့မယ်လို့ အမေရိကန်ပြည်ထောင်စုက ကြေညာပါတယ်။ အဲဒီပမာဏထဲကနေ ဒေါ်လာ ၇၄ သန်းကိုတော့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကိုအကူအညီပေးထားတဲ့ ဒေသခံလူမှုအသိုင်းအဝိုင်ကို ထောက်ပံ့ပေးမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်ပါရှိပါတယ်။ ဒီဒေသအတွက် အမေရိကန်ပြည်ထောင်စုရဲ့အကူအညီတွေဟာ ၂၀၁၇ ခုနှစ် ဩဂုတ်လကတည်းကဆိုရင် အခုထိ ဒေါ်လာ ၂.၃ ဘီလီယံရှိသွားပြီလို့လည်း နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ အဓိကရုဏ်းတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားပြီး ၂၀၁၇ ခုနှစ်ကတည်းက ရိုဟင်ဂျာဒုက္ခသည် ၈ သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတာပါ။ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့မှုတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု Genocide ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က သတ်မှတ်ခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေနေရပ်ပြန်ရေးအတွက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကုလသမဂ္ဂတို့ ညှိနှိုင်းဆွေးနွေးထားကြပေမယ့် အစီအစဉ်တွေက အကောင်အထည် ပေါ်မလာခဲ့ပါဘူး။ အခုလို အမေရိကန်ပြည်ထောင်စုက ထောက်ပံ့ကူညီမှုဟာ လူမျိုးသုဥ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းနဲ့ သူတို့ကို လက်ခံကူညီပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်ဒေသခံ ငါးသိန်းကျော်တို့အတွက် ဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက ဖော်ပြပါတယ်။ ဒီအကူအညီတွေထဲမှာတော့ ရေသန့်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အကာအကွယ်ပေးမှု၊ ပညာရေး၊ နေထိုင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုတွေ ပါဝင်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အပြင် သူတို့ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ဒေသခံတွေကိုလည်း အသိအမှတ်ပြုအကူအညီပေးနေတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ဒုက္ခသည်တွေကြောင့် သူတို့ ဝန်ထုပ်ဝန်ပိုးလိုဖြစ်နေပြီး ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ် အလျင်အမြန်ဆောင်ရွက်ဖို့ တိုက်တွန်းနေပါတယ်။

XS
SM
MD
LG