သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Unity ဂျာနယ် အရေးယူခံရမှု စာနယ်ဇင်းကောင်စီ ကြားဝင်ညှိနှိုင်းခွင့်ပြုဖို့ ပန်ကြား


Unity ဂျာနယ် သတင်းထောက်တွေ ဖမ်းဆီး တရားစွဲဆိုခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကြားဝင်ညှိနှိုင်းဆောင်ရွက်ခွင့်ပြုဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကနေ အစိုးရပိုင်းနဲ့ လွှတ်တော်ကို စာရေးသား ပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တိကျတဲ့ စာနယ်ဇင်းဥပဒေတွေ မရှိသေးတဲ့အပေါ်မှာ အခုလို ဖြစ်ရပ်တွေ ကြုံလာရပြီး ဒါဟာ စာနယ်ဇင်း လွတ်လပ်ခွင့်ကိုပါ ထိခိုက်စေတယ်လို့ စာနယ်ဇင်းကောင်စီရဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့တော့ စုံစမ်းမေးမြန်းထားတာတွေကို ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

Unity ဂျာနယ် အယ်ဒီတာချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ဦး ဖမ်းဆီးခံရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ ပြည်တွင်းမီဒီယာ အဖွဲ့အစည်း ၄ ခုနဲ့ အခြားသတင်းဌာနတွေက မြန်မာစာနယ်ဇင်းကောင်စီကို တိုင်ကြားခဲ့တာကြောင့် ဒီနေ့မှာပဲ မြန်မာစာနယ်ဇင်းကောင်စီက အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ရတာပါ။

အဲဒီကနေ သဘောထား ကြေညာချက်တရပ် ထုတ်ပြန်ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်လို့ စာနယ်ဇင်းကောင်စီအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းလိုတဲ့အကြောင်း တောင်းဆိုထားပါတယ်။ သတင်းမီဒီယာဆိုင်ရာ ဥပဒေတွေ တိတိကျကျမရှိသေးတဲ့ စပ်ကူးမတ်ကူးကာလမှာ အခုလိုဖြစ်ရပ်ကြောင့် မြန်မာသတင်းလောကမှာ စိုးရိမ်မှုတွေ တိုးလာစေတယ်လို့ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဇော်သက်ထွေးက ပြောပါတယ်။

“အဓိကကတော့ မြန်မာစာနယ်ဇင်းကောင်စီအနေနဲ့ အစိုးရနဲ့ ဒီဘက်က ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေကြားမှာ ကျနော်တို့အနေနဲ့ ကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးချင်တယ်ဆိုတာ တရားဝင် ကျနော်တို့ တောင်းဆိုထားတာပါ။ အမှန်တကယ်ကတော့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို တွေ့ချင်းမတွေ့ချင်းထက် Myanmar Democratic Transition သွားနေတဲ့လမ်းကြောင်းမှာ Unity က သတင်းထောက်တွေ ဖမ်းဆီးခံရတဲ့အတွက်ကြောင့် နိုင်ငံတကာရဲ့အမြင်တွေ၊ နားလည်မှု လွဲမှားမှုတွေ သက်ရောက်သွားမှာကို ကျနော်တို့အနေနဲ့ မလိုလားပါဘူး။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒါကို ထိန်းထိန်းသိမ်းသိမ်းနဲ့ နိုင်ငံသားတွေ ရသင့်ရထိုက်တဲ့ ဥပဒေတွေ အပြည့်အဝပေးဖို့၊ ခုခံပိုင်ခွင့်တွေ အပြည့်အဝပေးဖို့၊ တိုက်တွန်းတောင်းဆိုထားတာပါ။”

မေး။ ။ ဂျာနယ်အယ်ဒီတာ ဦးတင့်ဆန်း အပါအဝင် ကျန်တဲ့သူတွေကို နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ အရေးယူတယ်လို့ သိရပါတယ်ခင်ဗျ။ မနေ့ကတော့ သက်ဆိုင်ရာ ပြန်ကြားရေး ဒုဝန်ကြီးကတော့ ဒီလူတွေကို ဥပဒေကြောင်းအရ ဖမ်းဆီးတာပါ။ စစ်ဆေးတာပါလို့ ပြောပါတယ်ခင်ဗျ။ ဥပဒေကြောင်းနဲ့ ညီညွတ်ပါတယ်လို့ သူတို့ ဖြေပါတယ်ခင်ဗျ။ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ “တကယ်တော့ ဒီ ဖမ်းဝရမ်းမပါဘဲနဲ့ နိုင်ငံသားတစ်ယောက်ကို ၂၄ နာရီထက်ကျော်ပြီးတော့ ဖမ်းဆီးချုပ်နှောင်ထားခွင့် မရှိပါဘူး။ ဒါပေမဲ့ ခေါ်သွားပုံကတော့ ဒီလို စာရွက်စာတမ်းတွေ မပါဘဲနဲ့ စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ခေါ်သွားတာဟာ အရင် စစ်အာဏာရှင်ခေတ်က ပြုမူဆက်ဆံပုံတွေအတိုင်းပါပဲ။ ထူးခြားမှုမရှိပါဘူး။ ဒါပေမဲ့ ညကမှ သူတို့တွေအားလုံးကို အင်းစိန်ထောင်ကို ရောက်နေပြီးတော့မှ မိသားစုတွေက ဒီနေ့ထောင်ရဲ့စည်းမျဉ်းဥပဒေအတိုင်း သွားရောက် တွေ့ဆုံနိုင်တယ်လို့ ပြောကြားတာပါ။ ညကမှ ဥပဒေအတိုင်း ဆောင်ရွက်တယ်လို့ ယူဆနိုင်စရာ ရှိပါတယ်။”

မေး။ ။ Unity သတင်းဂျာနယ်မှာ ဖော်ပြချက်နဲ့ပတ်သက်ပြီးတော့ အရေးယူတယ်၊ အခု ဖမ်းဆီးတယ်ဆိုတဲ့အခါကျတော့ အခြား မြန်မာ့သတင်းလောကမှာရော ဒီလို ဖြစ်ရပ်မျိုးနဲ့ပတ်သက်လို့ တုန်လှုပ်သွားနိုင်လား။

ဖြေ။ ။ “တုန်လှုပ်သွားနိုင်ပါတယ်။ ကျနော်တို့က တိုင်းပြည်မှာက နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပေါက်ကြားတဲ့ သတင်းဆိုတာ ဘယ်အရာကို ပြောတာပါလဲ။ နောက် နိုင်ငံတော်လျှို့ဝှက်ချက်နဲ့ ထိန်းသိမ်းထားတဲ့ Criteria တွေက ဘယ်လိုအရာတွေလဲ ဆိုတာကို ထုတ်ပြန်ထားတာ မရှိသလို၊ နောက်ပြီးတော့ စာနယ်ဇင်း သတင်းမီဒီယာ ဥပဒေတွေကလည်း အခုထိ လွှတ်တော်က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒီလို စပ်ကူးမတ်ကူးကာလမှာ သတင်းသမားတွေမှာက ကျနော်တို့ သတင်းရယူပိုင်ခွင့် ရှိပါတယ်။ အဲ့လို သတင်းယူတဲ့ အခါမျိုးတိုင်းမှာ ခုနပြောသလို၊ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ပဲ တားဆီးခံရတယ်ဆိုရင် နောက်ပိုင်းမှာ ပြည်သူလူထုကို ကျနော်တို့ သတင်းတွေပေးဖို့အတွက် ကျနော်တို့ သတင်းထောက်တွေဘက်ကနေပြီးတော့ ကြောက်လန့်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါဆိုရင် Freedom of Press ကို သွားရောက် ထိခိုက်မှာပါပဲ။ ဒါကြောင့်မို့လို့ နိုင်ငံတော်ဘက်က သတင်းမီဒီယာဥပဒေတွေ တိတိကျကျ ပြဌာန်းပေးဖို့ လိုအပ်သလို၊ နိုင်ငံတော် လျှို့ဝှက်ချက်ဆိုတာကလည်း ဘယ်လိုအရာတွေဖြစ်တယ်ဆိုတာကို တိုင်းသူပြည်သားတွေ သိဖို့ တိတိကျကျ ထုတ်ပြန်ထားဖို့ လိုပါတယ်။”

ဖမ်းဆီးခံရတဲ့ အယ်ဒီတာချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေကိုတော့ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ တရားရုံးတင်ထားပြီး၊ အခုလာမယ့် သောကြာနေ့မှာ ရုံးထုတ်မယ်လို့ ဒီကနေ့ပဲ ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ ဦးတင့်ဆန်းရဲ့မိသားစုဝင်တဦးက ပြောပါတယ်။

“ရှေ့နေငှားပြီးတော့ အမှုရင်ဆိုင်ရမှာပေါ့ဗျာ။ သူတို့ကတော့ အဲ့ဒါ တရားဝင် ပြောလိုက်ပြီလေ။ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ ကျနော်တို့ကို ဘာမှ ထုတ်ပြောတာတော့ မရှိဘူးဗျ။ ကျနော့်ကိုတော့လေ။ သူတို့က အခု လောလောဆယ် အင်းစိန်ထဲမှာ ၄ ယောက်လုံးပေါ့။ သူအပါအဝင် ကောင်လေး ၃ ယောက်ရော။ သတင်းထောက်ကောင်လေး ၃ ရော အားလုံး ၄ ယောက် သူတို့ ဒီမှာရှိတယ်ဆိုတဲ့အကြောင်း အဲ့ဒီလို ပြောပါတယ်။ ”

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းက စစ်ဘက်လက်နက်စက်ရုံ ဓာတ်ပုံနဲ့ ဓာတုလက်နက်စက်ရုံဆိုပြီး ရေးသားဖော်ပြခဲ့မှုနဲ့ ဆက်နွယ်ပြီး နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ Unity သတင်းဂျာနယ်က အယ်ဒီတာချုပ်နဲ့ သတင်းထောက်တွေ အခုလို ဖမ်းဆီးခံခဲ့ရတာပါ။

ပြဿနာဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ Unity သတင်းဂျာနယ် စာစောင်တွေကိုတော့ နယ်အချို့မှာ အာဏာပိုင်တွေက သိမ်းဆည်းမှုရှိတယ်လို့ သိရတဲ့အကြောင်း Unity သတင်းဂျာနယ်တိုက်က ပြောဆိုပါတယ်။
XS
SM
MD
LG