သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဏ္ဏားကျွန်းမှာ ရာထူးနုတ်ထွက်ထားတဲ့အုပ်ချုပ်ရေးမှူးတွေ တာဝန်ပြန်ထမ်းဖို့ AA တိုက်တွန်း


ပုဏ္ဏားကျွန်း
ပုဏ္ဏားကျွန်း

[[Zawgyi/Unicode]]

ရခိုင်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေက နုတ်ထွက် ထားတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ တာဝန်ပြန်ထမ်းဆောင်ကြဖို့ AA က ဆွေးနွေးတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။ ဒေသတွင်း အုပ်ချုပ်ရေးမရှိလို့ ပုဂ္ဂိုလ်ရေး၊ ရပ်ရေးရွာရေးကိစ္စတွေမှာ ဒေသခံတွေ အခက်ကြုံနေရတာကြောင့် အခုလိုတာဝန်ပြန်ယူဖို့ တိုက်တွန်းတာလို့ သိရပါတယ်။ အပြည့်အစုံ သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရခိုင်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေက အုပ်ချုပ်ရေးမှူး ၁၀၀ ကျော်လောက်ဟာ စစ်ကောင်စီနဲ့ AA အဖွဲ့တို့ကြား နှစ်ဖက်စလုံးနဲ့ အဆင်ပြေအောင် ဆောင်ရွက်ရတာ ခက်ခဲလာတာနဲ့ အသက်အန္တရာယ်နဲ့ ဘဝလုံခြုံမှုမရှိတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကုန်ပိုင်းလောက်က ကိုယ့်သဘောနဲ့ ကိုယ်နုတ်ထွက်သွားကြတာပါ။ ဒါပေမဲ့ အခုတော့ ဒီနုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြန်ပြီးတော့ တာဝန်ထမ်းဆောင်ကြဖို့ ULA/AA ဘက်က ဒီရက်ပိုင်းအတွင်း ပြောဆိုလာတယ်လို့ အုပ်ချုပ်ရေးမှူးတဦးက ပြောပါ တယ်။

“အထက်မှာ လူကြီးတွေက ဆွေးနွေးကြတယ်တဲ့။ မနေ့ကပြောတာကတော့ ပြန်ပြီးတော့ တာဝန်ထမ်းဆောင်ကြပါဆိုပြီးတော့- အဲလိုပြောတာပေါ့။ ပြည်သူတွေဒုက္ခရောက်တာကို မြင်နေတဲ့အတွက် အဲဒါကြောင့်လို့ပြောတယ်။”

အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေဟာ ခရီးသွားလာရေးအပါအဝင် ရုံးပိုင်းဆိုင်ရာ လုပ်ငန်းတွေအတွက် အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာတွေ လိုအပ်ပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ပြီးတဲ့နောက်ပိုင်းမှာ ဒေသခံတွေ အခက်အခဲတွေကြုံလာတာမို့ တာဝန်တွေပြန်ယူကြဖို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က တိုက်တွန်းတာလို့ နုတ်ထွက်ထားတဲ့ အဲဒီအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေ မရှိတဲ့နောက်ပိုင်းမှာ ပြည်သူတွေက ခရီးသွားခရီးလာတွေ အတွက် ထောက်ခံစာတွေမရဘူးလေ။ နောက် လဝက မှတ်ပုံတင်ကိစ္စတွေ၊ ကျောင်းသူကျောင်းသားတွေ၊ အဲလို ဒုက္ခတွေရှိတာပေါ့။”

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်လိုက်တာဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို ပျက်ပြားစေတယ်ဆိုပေမယ့်လည်း တဘက်မှာ ဒေသခံပြည်သူတွေအတွက် အခက်ကြုံရသလို အုပ်ချုပ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ULA/AA ဟာလည်း တရားဝင်အစိုးရမဟုတ်သေးတာကြောင့် အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်တာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းတာဖြစ်နိုင်တယ်လို့ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကပြောပါတယ်။

“ ULA/AA နဲ့လည်း ဒီအုပ်ချုပ်ရေးမှူးတွေက ဆက်ဆံရတာကို၊ သူက နှစ်ဘက်ဆက်ဆံရတာကို အဲဒီမှာ ပြည်သူတွေကြားမှာ ဖြစ်နေတဲ့ပြဿနာ ဒီဘက်က ULA/AA က ဖြစ်စေချင်တဲ့ကိစ္စတွေမှာလည်း အုပ်ချုပ်ရေးမှူးတွေကို တာဝန်ပေးရတာပဲ။ အုပ်ချုပ်ရေးမှူးတွေမရှိတဲ့အခါမှာ ပြည်သူနဲ့ ULA ကြားမှာလည်း ပေါင်းကူးတံတားလိုလုပ်ပေးမယ့်သူက မရှိသေးဘူးဖြစ်သွားတာပေါ့။ ဒါကြောင့် ဒီအုပ်ချုပ်ရေးမှူးတွေကို နဂို မူလနေရာမှာ ပြန်ပြီးတော့တာဝန်ယူခြင်းအားဖြင့် စစ်ကောင်စီဘက်က အခွင့်အရေးတွေကိုလည်း ရသလို မိမိတို့ဘက်ကလည်း တာဝန်ပေးလို့ရတယ်။ အဲဒါကြောင့်မို့လို့ ပြန်လုပ်စေချင်တဲ့သဘောလို့ ယူဆလို့ရပါတယ်။ ဟုတ်ကဲ့။”

အုပ်ချုပ်ရေးတွေကို ပြန်လည်တာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကတော့ တစုံတရာထုတ်ပြန်ပြောဆို မတွေ့ရသေးပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ နှုတ်ကတိနဲ့ အပစ်ရပ်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒေသခံပြည်သူတွေအနေနဲ့ ခရီးသွားလာရေး၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ် ယူရေးပိုင်းတွေမှာ အခက်ကြုံနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

====================

[[Unicode]]











XS
SM
MD
LG