သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းပဋိပက္ခအရေး လုံခြုံရေးကောင်စီဆွေးနွေးဖို့ Burma UK တိုက်တွန်း


UN Security Council
UN Security Council

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပက်သက်လို့ အခုရက်သတ္တပတ်အတွင်း ဆွေးနွေးတဲ့အခါ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေကျေ ပျက်စီးရတဲ့ ကိစ္စကိုပါ ထည့်သွင်းဆွေးနွေးပြီး အရေးယူ ဆောင်ရွက်ကြဖို့ လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ မြန်မာစစ်တပ်ဟာ ရှမ်းပြည်နယ်မှာ မြောက်ပိုင်းရှမ်းပြည်တပ်မတော် (SSPP/SSA) ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့အပြင် မြန်မာစစ်တပ်နဲ့ အစိုးရဟာ လူသားချင်း စာနာထောက်ထားမှုနဲ့ အကူအညီတွေကို ပိတ်ပင်ထားခဲ့ပါတယ်။ ဒါဟာ ဂျနီဗာကွန်ဗင်းရှင်း သဘောတူညီချက်တွေကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှုဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့လည်း ကိုက်ညီနေတယ်လို့ Burma Campaign UK ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူပဲ နိုဝင်ဘာလ ၁၄ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့အနီးမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ပြုလုပ်ခဲ့တဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှာ မြေပြင်တပ်ဖွဲ့တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေကို အသုံးပြုပြီး ကျဲချခဲ့တဲ့ ဗုံးတလုံးဟာ စာသင်ကျောင်းတခုထဲကို ကျရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကနေ စွန့်ခွာထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အင်မတန်မှ စိုးရိမ်မိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အေဂျင်စီက ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေအားလုံးဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအခြေအနေတွေကို ထိခိုက်စေတဲ့အပြင်၊ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာရောက်တဲ့အတွက်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်ရဲ့ ထိုးစစ်အားလုံးကို ရပ်တန့်ဖို့ နိုင်ငံတကာ ဥပဒေတွေကို လေးစားဖို့နဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်တာကို မတားမြစ်ဖို့ တရားဝင် ကြေညာချက်ထုတ်ပေးဖို့ တောင်းဆိုထား တာ ဖြစ်တယ်လို့ Burma Campaign UK အဖွဲ့က ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်မှုရှိတယ်ဆိုတဲ့ အချက်နဲ့ပက်သက်ပြီးတော့ သူက အခုလို ရှင်းပြခဲ့ပါတယ်။

“၂၀၀၆ ခုနှစ်ဆန်းပိုင်းကတည်းက ကုလလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံ အခြေအနေနဲ့ ပက်သက်ပြီး စတင်ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ ကိစ္စမျိုးကိုပဲ ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးခွင့်ရှိတာပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်မှုရှိတယ်လို့ အဲဒီအချိန်ကတည်းက ရှုမြင်ခဲ့ကြတာပါ။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခသည်တွေ အမြောက်အများ ဝင်ရောက်လာစေပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး၊ ရာဇဝတ်မှုတွေ ပျံ့နှံ့ဖြစ်ပေါ်စေသလို၊ အဲဒီဒေသတွေမှာ HIV/AIDS ငှက်ဖျားနဲ့ TB လို ရောဂါပိုးတွေ ပျံ့နှံ့ ဖြစ်ပေါ်စေပါတယ်။ ဂျနီဗာကွန်ဗင်းရှင်းပါ စစ်မြေပြင်ဥပဒေအရ ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ အရပ်သားတွေ နေထိုင်မှုရှိရင် ထိုးစစ်ဆင်တဲ့နေရာမှာ သူတို့ကို ရှောင်ကျဉ်ဖို့ လိုသလို၊ အရပ်သားတွေ ထိခိုက်မှု မရှိရအောင်လည်း လုပ်ရမှာပါ။ မြန်မာစစ်တပ်ဟာ ဒီလို လုပ်ဆောင်မှုမရှိဘဲ အရပ်သားတွေ နေထိုင်တဲ့ ဧရိယာတွေကိုပါ ဗုံးတွေကျဲချတဲ့အပြင် အရပ်သားတွေကို တမင်တကာ ပစ်မှတ်ထားပြီး တိုက်ခိုက်မှုပါ ရှိနေပါတယ်။ အကြောင်းက မြန်မာစစ်တပ်ရဲ့ နည်းဗျူဟာက အရပ်သားတွေ ကြောက်ရွံ့ပြီး ဒေသကနေ ထွက်ခွာသွားအောင် လုပ်တာပါ။ ဒါဟာ စစ်ရာဇဝတ်မှု ဖြစ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ သွားရောက်ခွင့်နဲ့ အကူအညီတွေကို ပိတ်ပင်ထားပါတယ်။ ဒါဟာလည်း နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်မှု ဖြစ်ပါတယ်။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတယ်လို့ ဆုံးဖြတ်ခဲ့ပေမဲ့ တခါမှ ကြီးမားတဲ့ အာရုံစိုက် လုပ်ဆောင်မှု မရခဲ့ဘူးလို့လည်း သူက ပြောပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ NLD ပါတီက ဖွဲ့တဲ့ အစိုးရသစ် တက်လာရင်တောင် ဒီလို ပဋိပက္ခတွေ ဆက်ဖြစ်နေနိုင်သေးတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLD အစိုးရဟာ စစ်တပ်ကို ထိုးစစ်တွေ ရပ်တန့်ခိုင်းဖို့ အမိန့်ပေးနိုင်တဲ့ အခွင့်အာဏာ မရှိတဲ့အတွက် ကုလ လုံခြုံရေးကောင်စီအနေနဲ့ နောက် ၅ လအကြာမှာ NLD အစိုးရ တက်လာရင် ဒီပြဿနာတွေအားလုံး ပြေလည်သွားတော့မှာပါလို့ မယူဆသင့်တဲ့အကြောင်း Mark Farmaner က ပြောပါတယ်။

ဒါကြောင့် ကုလ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်ကို ထိုးစစ်တွေ ရပ်တန့်အောင် ဖိအားပေးဖို့ စတင်လုပ်ဆောင်တဲ့ နေရာမှာ၊ တရားဝင် ကြေညာချက်ထုတ်ပြန်ဖို့နဲ့ တကယ်လို့ မြန်မာစစ်တပ်က လိုက်နာမှု မရှိဘူးဆိုရင်၊ စစ်တပ်ခေါင်းဆောင်တွေကို တဦးချင်း ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ပေးဖို့ Burma Campaign UK အဖွဲ့က တိုက်တွန်းထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG