သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ဌာနေပြန်လက်ခံရေး လုံခြုံရေး ကောင်စီ တံခါးပိတ် ဆွေးနွေး


ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာဘက်က ပြန်လက်ခံရေး ဒီကနေ့ စတင်မယ့် အစီအစဉ်ကို လုံခြုံရေးကောင်စီက စောင့်ကြည့်နေကြောင်းနဲ့ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံစွာနဲ့ မိမိဆန္ဒအလျောက်ဖြစ်ဖို့ ဆိုတဲ့ အခြေခံမူသုံးချက်ကို လိုက်နာအကောင်အထည် ဖေါ်ဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်ကိုယ်စားလှယ်က ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး ကိစ္စ တံခါးပိတ်ဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ဒီကနေ့ သြဂုတ်လ ၂၂ ရက်နေ့မှာ မြန်မာဘက်က စတင်လက်ခံမယ့် ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ၂၀၁၇ ခုနှစ်သြဂုတ်လက မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ထွက်ပြေးသွားကြသူတွေအတွက်ပဲဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် မတိုင်ခင်က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့သူတွေ မပါဝင်သေးပါဘူး။

လက်ရှိ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ ဘက်က တင်ပြထားတဲ့ ဒုက္ခသည် ၂၂,၀၀၀ ထဲက မြန်မာက စိစစ်ပြီးသား ပထမအသုတ်အဖြစ် ၃ ထောင်ကျော် ပြန်လာဖို့ ဒီကနေ့ စတင်လက်ခံမှာ ဖြစ်ပါတယ်။ အခုလို ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဒုက္ခသည်တွေ ဌာနေပြန်ရေးအစီအစဉ်မှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် UNDP တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ မနေ့ ဗုဒ္ဓဟူးနေ့က တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲမတိုင်ခင် ဗြိတိန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ နိုင်ငံရေးရာ ညှိုနှိုင်းရေးမှူး Stephen Hickey က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစည်းအဝေးလုပ်ဖို့ အခြားနိုင်ငံ လေးနိုင်ငံနဲ့အတူ ကျနော်တို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာမှာ အရေးကြီးတဲ့အချိန်ရောက်နေပါပြီ။ လာမယ့်ရက်တွေအတွင်း ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးကို အကောင်အထည်ဖေါ်ဆောင်ရွက်ဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ ဂုဏ်သိက္ခာရှိရှိ ဘေးကင်းလုံခြုံစွာ မိမိဆန္ဒအလျောက် ဖြစ်ဖို့ လိုအပ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ UNHCR အနေနဲ့ အဲဒီနေရာမှာရှိနေပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ နှစ်ရပ်လုံးနဲ့ ညှိုနှိုင်းဆွေးနွေးနေတဲ့တွက် ကျနော်တို့ ကျေနပ်အားရမိပါတယ်။ ဒုက္ခသည်တွေနေရပ်ပြန်ရေးမှာ စောစောက ကျနော်ပြောခဲ့တဲ့ အခြေခံ မူသုံးချက်နဲ့ ကိုက်ညီဖို့ လုံခြုံရေးကောင်စီအနေနဲ့ သေချာအောင် လုပ်ဖို့ လိုပါတယ်။ ဒီလိုဖြစ်ဖို့လည်း လုံခြုံရေးကောင်စီရဲ့ ခိုင်မာတဲ့ ပံ့ပိုးမှုရှိနေပါတယ်။ ”

ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက်ပြန်ရေးဆိုတဲ့ အခြေခံမူသုံးချက်ဟာ မြန်မာနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး တညီတညွတ်တည်း သဘောတူထားတဲ့ အချက်ဖြစ်ကြောင်း Stephen Hickey က အခုလိုပြောပါတယ်။

“ ဒီအခြေခံမူတွေဟာ မြန်မာနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီကို ဒီကနေ့အချိန်ထိ ညီညွတ်စေတဲ့ ကိစ္စရပ်တခုဖြစ်ပါတယ်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံလုံး ဒီအခြေခံမူအချက်တွေပေါ် ဆက်လက်ပြီး ရပ်တည်နေပါတယ်။ အခုချိန်မှာ ဒီမူတွေအတိုင်း လိုက်နာအကောင်အထည်ဖေါ်ဖို့ အရေးကြီးပါတယ်။ ”

ဒီအတောအတွင်းမှာပဲ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဘေးအန္တရာယ်ကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ၊ ကိုယ့်သဘောဆန္ဒအတိုင်း နေရပ်ပြန်နိုင်မယ့် အချိန်အထိ နေရပ်ပြန်ပို့မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။

အထူးသဖြင့် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အချိန်နဲ့ အခြေအနေ အဆင်သင့်မဖြစ်သေးတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ နယူးရောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာဌာန ဒုတိယ ညွန်ကြားရေးမှူး Phil Robertson က ဗွီအိုအေကို ပြောပါတယ်။

“ ဒုက္ခသည်တွေ ပြန်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR တလျောက်လုံးပြောနေတဲ့အချက်က ဒုက္ခသည်တွေ ဌာနေပြန်ရေးမှာ အချိန်နဲ့ အခြေအနေ သင့်တော်မှုမရှိသေးဘူးဆိုတာပဲဖြစ်ပါတယ်။ နိုင်ငံတကာက စောင့်ကြည့် အကဲခပ်တာမျိုးလည်းမရှိဘူး။ အကာအကွယ်ပေးတာလည်းမရှိဘူး။ လွတ်လပ်စွာသွားလာခွင့်လည်းမရှိဘူး။ နိုင်ငံသားအခွင့်အရေးတွေအတွက် အာမခံချက်ဆိုတာလည်း မရှိပါဘူး။ ရိုဟင်ဂျာတွေအတွက် အကာအကွယ်ပေးဖို့၊ လုံခြုံမှုရှိဖို့၊ ဂုဏ်သိက္ခာရှိရှိ ပြန်ဖို့ ဒီအချက်တွေအားလုံးဟာ အမှန်တကယ်ကို လိုအပ်နေတာပါ။ ရိုဟင်ဂျာတွေဘက်ကလည်း သူတို့နေရပ်ပြန်ဖို့ အဆင်သင့် မဖြစ်ကြသေးပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ပြန်ရင်လည်း လွန်ခဲ့တဲ့ နှစ်နှစ်က သူတို့ကို ဆိုးဆိုးရွားရွားညှဉ်းပမ်းနှိပ်စက်ခဲ့တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ပြန်ပြီးနေရာမှာကြောင့်ဖြစ်တယ်လို့ ရိုဟင်ဂျာတွေက ပြောကြပါတယ်။ ”

၂၀၁၈ခုနှစ် နိုဝင်ဘာလက ပထမအကြိမ် ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အစီအစဉ် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်၊ ထပ်မံကြိုးပမ်းတဲ့အနေနဲ့ ဒီကနေ့မှာ ဒုက္ခသည်တချို့ကို နေရပ်ပြန်ပို့ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ကြား စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG