သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လူ့အခွင့်အရေးစုံစမ်းမှု ပွင့်လင်းမြင်သာမှုရှိဖို့ UNSC တိုက်တွန်း


ကုလသမဂ္ဂလုံခြုံရေးကောင်စီ
ကုလသမဂ္ဂလုံခြုံရေးကောင်စီ

ရခိုင်မြောက်ပိုင်းအရေးမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပွင့်လင်းမြင်သာစွာနဲ့ စုံစမ်းစစ်ဆေး အရေးယူနိုင်ရေး အကောင်ထည်ဖေါ် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာအစိုးရကို ပေးပို့တဲ့စာမှာ တိုက်တွန်းထားကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို စုံစမ်းဖေါ်ထုတ်ရာမှာ နိုင်ငံတကာ စုံစမ်း ရေးမှူးတွေ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုနေချိန်မှာ လုံခြုံရေးကောင်စီရဲ့တိုက်တွန်းစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဇွန်လ(၁)ရက်နေ့က မြန်မာ အစိုးရကိုပေးပို့တဲ့ လုံခြုံရေးကောင်စီရဲ့စာပါအကြောင်းကို VOA ကိုဉာဏ်ဝင်းအောင်က မေးမြန်းရာမှာ အဓိကအချက်(၄)ချက် တိုက်တွန်း ထားကြောင်း မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက စတင်ဖြေကြားပါတယ်။

မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်း။ ။ ကျနော်တို့ကို ရေးတဲ့အထဲမှာတော့ အဓိက ၄ ချက်ပဲပါတယ်။ ၄ ချက်မှာ နံပတ် ၁ ကတော့ ကုလသမဂ္ဂ အေဂျင်စီတွေ ကျနေ်ာတို့ဒီ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့အဖွဲ့တွေကို ရခိုင်မြောက်ပိုင်း ပဋိပက္ခဖြစ်တဲ့ ဒေသတွေကို ဝင်ခွင့်ပေးဖို့ပေါ့နော် ။ နံပတ် ၂ အချက်ကတော့ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေ နဲ့ ပတ်သက်ပြီးတော့ စွပ်စွဲမှုတွေရှိတယ်ပေါေ့နာ်။ အဲဒီစွပ်စွဲမှုတွေကို ပွင့်လင်းမြင်သာစွာနဲ့ စုံစမ်းစစ်ဆေးပြီးတော့ အရေးယူပေးဖို့ဆိုတာ နံပတ် ၂ အချက်။ နံပတ် ၃ အချက် ကတော့ ရခိုင်ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အားလုံးလည်းသဘောတူထားတဲ့ ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင် မစ္စတာအာနန်ကော်မရှင် ရဲ့ Recommendation တွေပေါ့နော် အဆိုပြုချက်၊ အကြံပေးချက်တွေကို အကောင်အထည်ဖော်ဖို့၊ နံပတ် ၄ အချက်ကတော့ အခုမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ပုဂ္ဂိုလ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ အချက် ၄ ချက်တွေဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ဆိုတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာအစိုးရကို ပေးပို့တဲ့ တိုက်တွန်းစာမှာ နိုင်ငံတကာ စုံစမ်းရေးမှူးတွေကို လာရောက်ခွင့်ပေးဖို့ဆိုတဲ့ တိုက်တွန်းချက်ပါတယ်လို့ သတင်းတွေကဆိုပါတယ် အဲဒါဟုတ်ပါသလား။

မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်း။ ။မပါပါဘူး လုံးဝမဟုတ်ပါဘူး။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ဆိုတာပဲပါပြီးတော့ ဒီနိုင်ငံတကာကို ဝင်ခွင့်ပေးရမယ်ဆိုတာက လုံးဝမရှိပါဘူး ဒါကတော့ သေချာတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ဆိုတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အာသီသကရော ဒီနိုင်ငံတကာရဲ့ ဒါမှမဟုတ်ရင် ကုလသမဂ္ဂစုံစမ်းရေးမှူးတွေကို စေလွှတ်ချင်တဲ့ သဘောမျိုးတွေ ရှိနေပါသလား။

မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်း။ ။ဒါကတော့ သူတို့ နဂိုကတည်းက လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်မှာလည်း Facts finding mission လည်းဖွင့်ပြီးသားလေ။ အဲဒါကို ကျနော်တို့က လက်မခံဘူး။ ကျနော်တို့ကတော့ ကိုယ့်ဟာနဲ့ကို နဂိုကတည်းကလည်း ပြောထားပြီးသားလေ။ ပြစ်မှုကျူးလွန်တာရှိရင် အရေးယူမယ် ကျနော်တို့အထောက်အထားအခိုင်အလုံရှိရင် အရေးယူမယ်လို့ ပြောပြီးသားလေ။ အဲဒီအတွက် ကျနော်တို့က လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အဲဒါကို အခုကိုယ့်ဟာကိုယ်ဖွဲ့လိုက်တဲ့နေရာမှာ အဲဒီတော့ ဒါက တကယ့်ကို လွတ်လပ်တဲ့ကော်မရှင်ဖြစ်မယ်။ ဒါကကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်တာပဲလေ။

ကိုဉာဏ်ဝင်းအောင်။ ။အခုဒီကုလသမဂ္ဂလုံခြုံရေးကောင်စီက ပေးပို့တဲ့စာက ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်စီကို ရည်ညွှန်းပြီး တိုက်တွန်းတဲ့ စာလို့လည်း ကြားရပါတယ်။ အဲဒါဟုတ်ပါသလား။

မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်း။ ။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကို ပို့တဲ့စာက ကျနော်တို့အစိုးရကို တင်ပြရမှာပဲလေ။ သီးခြားဘယ်သူရယ်၊ ဘယ်သူရယ်ဆိုပြီးတော့ မဟုတ်ပါဘူး။ ဒါကတော့ ကျနော့်ဆီကိုရေးတယ်ဆိုကတည်းက ကျနော်တို့အစိုးရကို ကိုယ်စားပြုတာအတွက်ကြောင့် ကျနော့်ဆီကနေ အစိုးရဆီကို ရောက်သွားမှာပေါ့နော်။

ကိုဉာဏ်ဝင်းအောင်။ ။ဒီစာနဲ့ပတ်သက်ပြီးတော့ ရက်ပေါင်း ၃၀ အတွင်းမှာ ပြန်ပြီးတော့ တုံ့ပြန်အကြောင်းကြားဖို့ဆိုတဲ့အချက်အလက်ပါတယ်ဆိုပြီးတော့ ကြားရပါတယ်။ အဲဒါဟုတ်ပါသလား။

မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်း။ ။ရက်ပေါင်း ၃၀ အတွင်း အကြောင်းကြားဖို့ဆိုတာက ရုတ်တရက်ပြောရင် ရာဇသံလိုဖြစ်နေတယ်ပေါ့နော်။ အဲလိုမဟုတ်ပါဘူး။ ဒါက ကုလသမဂ္ဂနဲ့ ကျနော်ဆို့ဆက်ဆံတဲ့နေရာမှာ ၂ ဖက်အပြန်အလှန်နားလည်မှု အပြန်အလှန်လေးစားမှုနဲ့ ထိုက်သင့်တဲ့ တုံ့ပြန်မှုကတော့ လုပ်ရမှာပဲ။ အဲဒီတော့ ကျနော့့်ဆီစာရေးရင် ကျနော်ပြန်ရမှာပေါ့ ကျနော့်တာဝန်ပဲလေ။

ကိုဉာဏ်ဝင်းအောင်။ ။ မြန်မာအစိုးရကလည်း ရခိုင်အရေးနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် အသစ်တခုဖွဲ့သွားမယ်ဆိုပြီး မေလကုန်မှာ ကြေညာပါတယ်။ အဲဒါက နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအရ မြန်မာအစိုးရကို ICC လို့ခေါ်တဲ့ နိုင်ငံတကာ ရာဇဝတ်ခံရုံးကနေ စုံစမ်းစစ်ဆေးတာတွေ လုပ်မလာရအောင် ရှောင်လွဲချင်တဲ့သဘောလို့ သုံးသပ်တာတွေလည်းရှိပါတယ်။ သံအမတ်ကြီးအနေနဲ့ ဘယ်လိုများရှင်းပြချင်ပါသလဲ။

မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်း။ ။အဲလိုပြောလို့တော့ဘယ်ရမလဲဗျာ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ချိုးဖောက်မှုတွေရှိတယ်ဆိုရင် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံရှိတယ်ဆိုရင် ပြော ကျနော်တို့ အရေးယူမယ်ဆိုတာ။ ICC ကိစ္စ မဖြစ်ခင်ကတည်းက ကျနော်တို့ ပြောနေတဲ့ စကားပါ။ နောက်ပြီးတော့ Fact Finding Mission ဖွဲ့မယ်ဆိုတာကလည်း ဒီ ကိစ္စတွေ မပြောခင်ကတည်းက ဖြစ်နေတဲ့ ကိစ္စ။ ဆိုတော့ ဒါက လုပ်သင့်လုပ်ထိုက်တာကို ကျနေ်ာတို့လုပ်တာပါ။ ICCကလည်း ကျနော်တို့ တကယ်တမ်းပြောရမယ်ဆိုရင် စိုးရိမ်စရာမရှိဘူး ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ကျနော်တို့လုပ်နေတာတွေက လုပ်သင့်လုပ်ထိုက်တာကို လုပ်တာဖြစ်တယ် အမှန်တရားအတွက် ကျနော်တို့ ဆောင်ရွက်နေတာဖြစ်တယ်။ ဆိုတော့ ဒီ ICC ကြောင့် ရှောင်လွှဲချင်တဲ့ စိတ်နဲ့ ကျနော်တို့ ဆန္ဒနဲ့ပေါ့နော် ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကတော့ မဟုတ်ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG