သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရထံ လုံခြုံရေးကောင်စီ တိုက်တွန်းစာပေးပို့


လုံခြုံရေးကောင်စီ
လုံခြုံရေးကောင်စီ

ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို နိုင်ငံတကာစုံစမ်းရေးမှူးတွေ ကူညီစုံစမ်းခွင့်ပြုဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်မှု စွပ်စွဲချက်အားလုံးကို စုံစမ်းဖော်ထုတ်မယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ကတိကို အသိအမှတ်ပြုပေမဲ့ အပြောထက် လက်တွေလုပ်တာကို မြင်လိုတယ်လို့ မြန်မာအစိုးရခေါင်းဆောင်တွေဆီ လုံခြုံရေးကောင်စီက ပေးပို့တဲ့စာထဲမှာ ပြတ်ပြတ်သားသား ရေးသားထားတယ်လို့ စာကိုဖတ်ရတဲ့ AP သတင်းဌာနက ပြောပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းကပါဝင်ပြီး သီးခြားဘက်မလိုက်ဘဲ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်မယ်ဆိုရင် မြန်မာအစိုးရရဲ့ ကတိတွေက ခိုင်မာတဲ့လက်တေ့ွဆောင်ရွက်မှုတွေ ဖြစ်လာမှာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်သူတွေကို အရေးယူနိုင်မှာဖြစ်တယ်လို့ အဲဒီစာထဲမှာ ရေးသားထားကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာအစိုးရဖက်က လူ့အခွင့်အရေးကို ကာကွယ် မြှင့်တင်ဖို့လိုလားတဲ့ ဆန္ဒကိုပြသဖို့မှာ စုံစမ်းစစ်ဆေးမှုတခုတည်းမဟုတ်ဘဲ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အထူးသဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်းလိုတယ်လို့ လုံခြုံရေးကောင်စီက တိုက်တွန်းထားပါတယ်။

မေလ ၃၁ ရက် နေ့စွဲတပ်ထားတဲ့စာကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကို ပေးပို့ခဲ့တာဖြစ်ပြီး ဒီစာကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ဆီကို ပေးဖို့ပေးဖို့နဲ့ ဒီစာထဲမှာ တောင်းဆိုထားတဲ့ အချက်တွေကို ရက် ၃၀ အတွင်း အကြောင်းပြန်ဖို့ ပန်ကြားထားတယ်လို့ AP သတင်းထဲမှာ ရေးထားပါတယ်။ လုံခြုံရေးကောင်စီဝင်နိုင်ငံတွေက သံတမန်တွေဟာ ရခိုင်ပြည်နယ်နဲ့ နေပြည်တော်ကို ဧပြီလ ၃၀ ရက်နဲ့ မေလ ၁ ရက်နေ့က သွားရောက်ခဲ့ကြပြီးနောက်မှာ ခုလိုမြန်မာအစိုးရဆီကို တိုက်တွန်းစာရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။

အဲဒီခရီးစဉ်နောက်ပိုင်း ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်သွားသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းတွေကို အထောက်အပံ့ပြုနိုင်ဖို့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအေဂျင်စီတွေကြား နားလည်မှု စာချွန်လွှာကို မေလ ၃၁ ရက်နေ့က ကနဦး လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တခုဖွဲ့သွားမယ်လို့ မေလ ၃၁ ရက်နေ့မှာပဲ အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီကော်မရှင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တဦးအပါအဝင် ၃ ဦးပါဝင်မယ်လို့ အစိုးရကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်ထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့ အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးသွားကြသူတွေက သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ခေါ်ဝေါ်သုံးနှုန်းပေမဲ့ ဒီအသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံသလို အသိအမှတ်မပြုပါဘူး။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများလို့ မြန်မာအစိုးရက တရားဝင်သုံးနှုန်းပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG